အောက်တိုဘာ၁၆၊၂၀၂၆။ဇော်ဝင်း ၊ရောင်နီ/People’s Spring
ရန်ကုန်မြို့ စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီဈေး ဆက်မြင့်တက်နေပြီး ဒီဇယ်ဈေး အနည်းငယ်ကျခဲ့တယ်လို့ ဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။
စစ်တပ်လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ ဒီကနေ့ (အောက်တိုဘာ၁၆) ရည်ညွှန်းဈေးအရ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ 92 တစ်လီတာ ၄၇၀၅ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄၈၅၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၄၄၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ ၅၄၄၀ ကျပ် သတ်မှတ်ထားပါတယ်။
“မရှိမဖြစ် လိုတဲ့ဆီနှစ်ဆီ ဖြစ်တဲ့ စက်သုံးဆီရော စားအုန်းဆီရောတင်သွင်းမှုတွေ စစ်တပ်က လျှော့လိုက်တယ်။စားဆီဆို အရင်တင်သွင်းမှုနှုန်းထက် ထက်၀က်လောက်လျှော့လိုက်တယ်လို့ သိရတယ်။ဒါကြောင့် စားဆီရော ၊စက်ဆီရော ဈေးကတက်နေတာ”လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီတစ်ပတ်နဲ့ဆိုရင် ဓာတ်ဆီဈေး လေးပတ်ဆက်မြင့်တက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကဈေးနှုန်းနဲ့ယှဉ်ရင် ဓာတ်ဆီ 92 တစ်လီတာ ၁၁၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၈၀ ကျပ် မြင့်တက်ခဲ့တာပါ။
ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်ကျခဲ့ပြီး ဒီဇယ် တစ်လီတာ 95 ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၁၃၅ ကျပ် ဈေးကျခဲ့ပါတယ်။
အပတ်စဉ် ကြာသပတေးနေ့တိုင်း စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ 92 နဲ့ 95 ပြတ်လတ်မှုတွေ ဖြစ်ခဲ့တဲ့ အပြင် မနေ့က(အောက်တိုဘာ ၁၅) ဒေါ်လာဈေး အတက်ကြမ်းခဲ့တာကြောင့် ဆီဆိုင်တွေမှာ တန်းစီဝယ်ယူရတာတွေရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ဓာတ်ဆီဈေးတွေ ဆက်တိုက်တက်နေတာကြောင့် အလုပ်လုပ်ကိုင်ရတာ အခက်အခဲပိုဖြစ်လာတယ်လို့ တက္ကစီယာဉ်မောင်းတစ်ဦးကလည်းပြောပါတယ်။
စက်သုံးဆီဈေးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက အမေရိကန်-အီရန် ပဋိပက္ခတွေကြောင့် တရှိန်ထိုးတတ်ခဲ့ပြီး ဧပြီလအထိ တစ်လကျော်အတွင်းမှာ စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၀၀၀ကျော် ကနေ ၅၀၀၀ အထိ တက်ခဲ့တာပါ။ ပရီမီယံဒီဇယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်တဲ့ တစ်လီတာ ၇,၇၅၅ ကျပ်အထိ မြင့်တတ်ခဲ့တာပါ။
အဲဒီနောက် ဧပြီလလယ်ကစတင်ပြီး စက်သုံးဆီဈေးတွေ ပြန်လည်ကျဆင်းလာခဲ့ပေမယ့် ဖေဖော်ဝါရီက ရည်ညွန်းဈေးအထိတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။
ဧပြီလလယ်ကနေ ဇူလိုင်လလယ်အထိသုံးလအတွင်း ကျဆင်းလာတဲ့ စက်သုံးဆီဈေးက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဈေးပြန်တက်လာခဲ့ပြီး စက်တင်ဘာအထိ အတက်အကျအနည်းငယ်သာအပြောင်းအလဲရှိခဲ့ပါတယ်။
















































