Connect with us

Hi, what are you looking for?

အတွေးအမြင်

နံရံ​လေးတစ်ဖက်သာ

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

Liam ​ရေးသားသည်။

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

“နံရံလေးတခုပဲခြားတာ။ဒီ (နန်းတွင်းစစ်​ကြော​​ရေး)အတွင်းထဲမှာ ကိုယ့်လူ တွေအများကြီး သေခဲ့တာကို မျက်နှာမပူကြဘူးလားမသိဘူး။ဒီလောက်ကြီး လုပ်တာကရုပ်ပေါက်လွန်းတယ်”လို့ လူငယ်အပြေးသမားတဦးက​ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအပြီး တရုတ်ဖိအားနဲ့​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေစစ်တပ်ကိုပြန်လွှဲ​ပေးရသလို ၊ မတ္တရာမြို့နယ်အ​ရှေ့ခြမ်း နဲ့ စဥ့်ကူးမြို့နယ်တို့ကနေ မန္တ​လေးPDF(MDY-PDF) အပါအဝင် တော်လှန်ရေး တပ်တွေ ဆုတ်ခွာရချိန်မှာ မန္တ​လေးမြို့ခံတချို့ရဲ့ မျက်နှာဖုံး တွေကွာကျခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းတာကို မြို့လုံးကျွတ်နီးပါး ဆန္ဒထွက်ပြတဲ့ မန္တ​လေးမြို့ဟာ အခု​နောက်ပိုင်းစစ်အာဏာရှင်အလိုကျ ပျော်ပွဲ၊ရွှင်ပွဲများစွာလုပ်​နေတဲ့မြို့ဖြစ်လာပါတယ်။ စစ်အုပ်စု နဲ့ ပါပရော်ပရီဆက်ဆံရေး လုပ်သူ​တွေများလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မန္တလေးမြို့က​ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေရဲ့ ဝိဉာဉ် တွေဟာ ကျုံးမြို့ရိုးအတွင်းမှာရှိနေဆဲဖြစ်ပါတယ်။

မြေပြင်သပိတ်တွေကို ဦးဆောင်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေဖြစ်တဲ့ ယမား(ခ)မအေးနန္ဒါစိုး၊ကိုသူရအောင်၊ကိုဖိုးလုံး၊ကိုစိုးလင်းအောင်၊ကိုလှမျိုးအောင်၊ကိုဖီးနစ်၊ကိုလင်းပိုင်စိုးတို့ဟာစစ်ကျွန်မခံပြည်သူ့လွတ်​မြောက်​ရေး အတွက် စစ်အာဏာရှင်​တွေကို ဒူးမ​ထောက်ဘဲ ​နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ရင်း အကြမ်းဖက်စစ်တပ်ရဲ့နန်းတွင်းစစ်ကြောရေးမှာ ရှေ့ဆင့်နောက်ဆင့်ကျဆုံးခဲ့တဲ့ မန္တ​လေးက​မွေးထုတ်ခဲ့တဲ့လူငယ်တွေဖြစ်ပါတယ်။

ဒီလူငယ်တွေအတွက် ဘယ်ဘာသာတရားနဲ့မှ အမျှဝေ‌ခွင့် မရသေးပါဘူး။လူငယ် တွေရဲ့ သွေ့ညှီနံ့စွန်းထင်းနေတဲ့ကျုံးတံတိုင်းကို စစ်အာဏာရှင်အလိုကျမျက်နှာပြောင်တိုက် ဆေးကြောပေးနေတဲ့ မန္တလေးမြို့ကလူငယ်တစုလည်းရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ၃၀ ရက်နေ့က မန္တလေး ကျုံးအတွင်းဘက် ကျုံးမြို့ရိုးဘေးမှာ ည​နေပိုင်းအပြေးပြိုင်ပွဲ -NGR Evening Run ဆိုပြီး​ပြေးပွဲတခုကို မန္တလေးက လူငယ်Runner အဖွဲ့ ဖြစ်တဲ့ Nomad Runners က ဦးဆောင်ပြီးလုပ်ခဲ့ပါတယ်။ ဒီပွဲကိုစပွန်ဆာ ပေးထားတဲ့ ကုမ္ပဏီဟာရိုးမဘီယာကဖြစ်ပြီး အခြားလုပ်ငန်းအချို့ကလည်း စပွန်ဆာ​ပေးခဲ့ပါတယ်။

ပြိုင်ပွဲဝင်ချင်တဲ့အပြေးသမားတယောက်ဟာ ဝင်ကြေး ၁၀၀,၀၀၀ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်အထိ​ပေးရပါတယ်။ဒီပြိုင်ပွဲကို ကျင်းပခဲ့တဲ့ နေရာဟာ မန္တလေး ကျုံးအတွင်းလမ်း၊နန်းမြို့ရိုးရဲ့ ဘေးမှာပြုလုပ်ခဲ့တာပါ။

​ဆောင်း​ဘောက်စ်ကြီးတွေ အများကြီးချပြီး စည်ဘီယာပိုင်း တွေထောင် သီချင်း​တွေဖွင့်အော်ဟစ်အောင်ပွဲခံခဲ့ကြတာပါ။

“တခြားပွဲ လုပ်တာကို မပြောလိုဘူး။sound box တွေဖွင့်ပြီး ဘီယာ တွေသောက် ပျော်ပါးပြီးပွဲလုပ်တာကြီးက တော့တကယ်ရုပ်ပေါက်လွန်းတယ်။သူတို့ အားမနာကြဘူးလားမသိဘူး”လို့လူငယ်အပြေးသမားတဦးကပြောပါတယ်။သူက​တော့ ဒီအ​ပြေးပြိုင်ပွဲကို ဝင်မပြိုင်ပါဘူး။

သေချာတာက ​ဆောင်း​ဘောက်စ်အကျယ်ကြီးနဲ့ဖွင့်တဲ့ သီချင်းသံတွေ၊ ​အော်ဟစ်​အောင်ပွဲခံ​နေကြတာကို နံရံသာခြားတဲ့နန်းတွင်းထဲကကြားနေရမှာပါ။မန္တလေးနန်းတွင်းဟာ မန္တလေးမြို့ခံလူငယ် တွေကို စစ်ကြောရေးစခန်းမှာ ဖမ်းဆီးနှိပ်စက် သတ်ပစ်ရုံတင်မဟုတ်ပါဘူး။ယခုဆိုရင် ပေါ်တာဆွဲထားတဲ့ လူငယ် တွေကို ဖမ်းဆီးပြီး ဒီအတွင်းထဲမှာပါချုပ်နှောင်​နေတာပါ။

ဒါ​ကြောင့်ဖမ်းဆီးချုပ်​နှောင်ခံရတဲ့သူ​တွေ ၊ ​ပေါ်တာဆွဲခံရတဲ့လူငယ်​တွေဟာ ကျုံးတစ်ဖက်မှာ အ​ပြေးသမား​တွေ​​ပျော်မြူး၊​အော်ဟစ်​နေသံ​တွေ ၊သီချင်းသံ​တွေကို ကြား​နေရမှာဖြစ်တယ်လို့ အထက်မှာ​ပြောခဲ့တဲ့ မန္တ​လေးက လူငယ် ၂ ဦးက​ပြောပါတယ်။

၂၀၂၅ ခုနှစ်မှာ လူထုနွေဦးက အင်တာဗျူးခွင့်ရခဲ့တဲ့ စစ်အုပ်စုကပေါ်တာဆွဲခံရတဲ့လူငယ်တဦးရှိပါတယ်။ အဲဒီလူငယ်ဟာသတင်းစာမှာ​ကြော်ညာထားတဲ့ ရန်ကုန်မြို့မှာယာဥ်​​မောင်းလုပ်ရမယ် ဆိုတဲ့အလုပ်ကို​လျှောက်ထားပြီး အင်တာဗျူးခေါ်တဲ့ နေရာသွား​ဖြေတုန်း အဲ​နေရာမှာပဲဖမ်းဆီးလိုက်တာပါ။အဲဒီလူငယ်ကို စစ်အုပ်စုက မန္တလေး နန်းတွင်းကို ပို့ခဲ့ပြီး တလတိုင်ချုပ်နှောင်ထားခဲ့ပါတယ်။နန်းတွင်းအချုပ်ထောင်မှာ အလားတူ စစ်မှု ထမ်းဖို့ ဖမ်းဆီးခံထားရသူ လူငယ်များစွာရှိပါတယ်။

တလပြည့်ပြီးချိန်မှာစစ်သင်တန်း တွေကိုပို့ခံရပြီး အဆိုပါလူငယ်ကတော့ ရမည်းသင်းမြို့က စစ်သင်တန်းကိုရောက်ခဲ့တာပါ။စစ်သင်တန်းအပြီး အညာဘက်ကို တာဝန်ကျချိန် တော်လှန်ရေး တပ်တွေနဲ့ချိတ်ဆက်ပြီးထွက် ပြေးခဲ့လွတ်​မြောက်ခဲ့တာပါ ။အဲဒီ​နောက်သူက တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ်ခံယူရင်း သူ့ကို အလုပ်​ခေါ်သလို လိမ်လည်ပြီး​ပေါ်တာဆွဲစစ်ထဲ​ပို့ခဲ့တဲ့စစ်တပ်ကို ပြန်​တော်လှန်​နေပါတယ်။

ဒါပေမယ့် အခု​နောက်ပိုင်းပေါ်တာဆွဲတာ​တွေ ပိုမိုဆိုးရွားလာသလို လူငယ်အများအပြားဟာ နန်းတွင်းထဲမှာ ချုပ် နှောင်ခံထားရဆဲဖြစ်ပါတယ်။စက်တင်ဘာလမှာတင် နန်းတွင်းထဲက ချုပ်နှောင်ခံထားရတဲ့ အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူ၊​ပေါ်တာဆွဲခံရသူတွေကို စစ်တပ်ကကားတွေနဲ့ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ တပ်မ(၃၃) လက်အောက်ခံတပ်တွေဆီကို စစ်သင်တန်းသား‌တွေအဖြစ်ပို့ဆောင်ခဲ့ပါတယ်။စက်တင်ဘာ ၂၁ ရက်​နေ့ကလည်းစစ်ကား နှစ်စီးနဲ့ အဓမ္မစု​ဆောင်းထားတဲ့လူငယ်​တွေကို စစ်သင်တန်းကိုပို့တုန်း လမ်းပိတ်​နေစဥ် လူငယ်တဦးက စွန့်စွန့်စားစားကား​ပေါ်ကခုန်ချပြီးထွက်​ပြေးလွတ်​မြောက်ခဲ့ပါတယ်။

စစ်အာဏာရှင်​တွေအတွက် အ​သေခံစစ်သားအဖြစ် မရပ်မနားဖမ်းဆီးစု​ဆောင်းခံ​နေရတဲ့လူငယ်​တွေဟာ ဒီအုတ်နံရံနောက်ကျောမှာ ညှင်းပန်းနှိပ်စက်ခံရရင်လူမသိသူမသိ အသက်ပေးလိုက်ရသူ တွေလည်းများစွာရှိ နေပါတယ်။

မန္တ​​လေးမြို့မှာ ပြေးပွဲ​တွေကို မကြာခဏလုပ်​နေတဲ့ Nomad Runners အဖွဲ့က စက်တင်ဘာ ၂၆ ရက်ကလည်း စစ်အုပ်စုနဲ့မကင်းတဲ့ AMARAPURA ICON မှာ Nomadpura အ​​ပြေးပွဲလုပ်ခဲ့ပါ​သေးတယ် ။စစ်တပ်လွှတ်​တော်က စစ်တပ်အမတ် ဇော်အောင်ထက်နဲ့ ဇနီး တို့ကိုအထူးဧည်သည်အဖြစ်ဖိတ်ပြီးလုပ်ခဲ့ကြတာပါ။ ပြေးလမ်းဟာအမရပူရမြို့သားဖြစ်တဲ့ ပြည်သူ့အစိုးရလက်ထက် မန္တ​လေးတိုင်းဝန်ကြီးချုပ်‌​ဒေါက်တာဇော်မြင့်မောင်ရဲ့ အိမ်နဲ့သိပ်မဝေးတဲ့ ကန်ပတ်လမ်းမှာပဲဖြစ်ပါတယ်။

​​ပြေးပွဲကိုစီစဥ်​နေတဲ့လူငယ်​တွေ၊​ပြေးပွဲ​တွေမှာ သာမာန်အ​ခြေခံလူတန်းစားမတက်နိုင်တဲ့​ငွေ​ကြေး​ပေးသွင်းပြီး​ပျော်​ပျော်ကြီး ​ပြေး​နေကြတဲ့လူငယ်အများစုက ​ငွေ​​ကြေးတက်နိုင်သူ​တွေများကြပါတယ် ။သူတို့က စစ်မှုမထမ်းရသလို ​ပေါ်တာဆွဲခံတာလည်းမရှိဘဲ အခုလို​ပျော်ရွှင်နိုင်​နေကြတာဖြစ်ပြီး ​ငွေ​ကြေးတက်နိုင်တဲ့အတွက် စစ်မှုမထမ်းရ​အောင် ​​ငွေ​ပေးပြီး​ရှောင်တာ ၊စစ်တပ်နဲ့ဆက်နွှယ်သူ​တွေဖြစ်တဲ့အတွက် စစ်မှုမထမ်းရတာဖြစ်တယ်လို့ မန္တ​လေးက​အ​ပြေးသမားအချို့က​ပြောပါတယ်။

ဒါပေမယ့်ခြွင်းချက်တစ်ခုက​တော့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁နှစ်ပြည့် မွေးနေ့မှာ 81 electric ရဲ့အ​ပြေးပြိုင်ပွဲ အင်္ကျီဝတ်လို့ဆိုပြီး အပြေးသမားတဦးကိုစစ်အုပ်စုကဖမ်းဆီးခဲ့ပါတယ်။

ပွဲစီစဥ်သူ​တွေကမန္တ​လေးနန်းမြို့ရိုး ကျုံး​ဘေးအနီးမှာ ​ပြေးပွဲတစ်ခုထပ်လုပ်ဖို့လည်းစီစဥ်​နေကြပြန်ပါတယ် ။ နိုင်ငံတစ်ဝန်းစစ်တပ်က ပြည်သူ​တွေကို ​နေ့စဥ်နီးပးဗုံးကြဲသတ်ဖြတ်​နေသလို စစ်တပ်အာဏာသိမ်းမှု​နောက်ဆက်တွဲ အ​ထွေ​ထွေအကြပ်အတည်း​တွေ​ကြောင့် အ​ခြေခံပြည်သူ​တွေအများစုက ​နေစဥ်စားဝတ်​နေ​ရေးအတွက် ခက်ခက်ခဲခဲရုန်းကန်​နေရချိန် မန္တ​လေးမြို့မှာ နန်းမြို့ရိုး​ဘေး အ​ပြေးပြိုင်ပွဲ နဲ့ ​ပျော်ပွဲရွှင်ပွဲ​​တွေခပ်စိပ်စိပ်လုပ်​​နေကြတာက အ​တော်ထူးဆန်းတဲ့အ​ခြေအ​နေပါ။အာဏာသိမ်းစစ်အုပ်စုက တိုင်းပြည် ​အေးချမ်း​ပျော်ရွှင်​နေတယ်ဆိုတဲ့ပုံရိပ်​တွေပြဖို့ ဘုရာပွဲ၊ဇာတ်ပွဲကအစ ပွဲမျိုးစုံ အထူးအစီအစဥ်နဲ့ ဝှီးချဲ​အောင်လုပ်ခိုင်း​နေတာကို သိရင်​တော့ အံသြစရာမရှိပါဘူး။

ဒါ​ပေမယ့် စစ်ဖိနပ်​အောက်ကလွတ်​မြောက်ဖို့ ​တော်လှန်ရင်း နန်းတွင်းစစ်​ကြော​ရေးမှာ မတရား သတ်ဖြတ်ခံလိုက်ရတဲ့ မန္တ​လေးကလူငယ်​တွေရဲ့ ဝိဥာဏ်​တွေရှိခဲ့ရင် နံရံတဖက်က ​​ဆောင်း​ဘောက်စ်အကျယ်ကြီးဖွင့်ပြီး ​ဘီယာ​တွေ​သောက်ပျော်မြူး​နေတဲ့သူ​တွေကိုအ​တော်စိတ်ပျက်​နေကြမယ်ထင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

Facebook