Connect with us

Hi, what are you looking for?

သတင်း

ABSDF ဥက္ကဋ္ဌ မြေပြင်တပ်ဖွဲ့များရှိရာသို့ ကွင်းဆင်း၊ NUG ကာကွယ်ရေးဝန်ကြီး အပါအဝင် မဟာမိတ်များနှင့် တွေ့ဆုံ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)-ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲသည် ABSDFစစ်ကြောင်းများ အခြေစိုက်ရာ ဒေသများသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်များ၊ မဟာမိတ်များနှင့်တွေ့ဆုံကာ နိုင်ငံရေး စစ်ရေး အခြေအနေများ ဆွေးနွေးခဲ့ဟု ABSDF ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) သတင်းထုတ်ပြန်သည်။

ABSDFဥက္ကဋ္ဌ မြေပြင်တပ်ဖွဲ့များရှိရာသို့ ကွင်းဆင်း၊ NUG ကာကွယ်ရေးဝန်ကြီး အပါအဝင် မဟာမိတ်များနှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ - ABSDF

ဟန်နွေ/People’s Spring

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)-ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲသည် ABSDFစစ်ကြောင်းများ အခြေစိုက်ရာ ဒေသများသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်များ၊ မဟာမိတ်များနှင့်တွေ့ဆုံကာ နိုင်ငံရေး စစ်ရေး အခြေအနေများ ဆွေးနွေးခဲ့ဟု ABSDF ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) သတင်းထုတ်ပြန်သည်။

သွားရောက်ခဲ့သည့် ဒေသ၊ နေ့ရက်အချိန်များကို ဖော်ပြမထားသော်လည်း ခရီးစဉ်တွင် ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့်အတူ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်း၊ ဗဟိုစစ်ကော်မရှင်အတွင်းရေးမှူး ရဲဘော်လှဌေးတို့ ပါဝင်ပြီး ကျောင်းသားတပ်မတော် အမှတ် (၁)စစ်ကြောင်း၊ အမှတ် (၂) စစ်ကြောင်းနှင့်အမှတ် (၃)စစ်ကြောင်း အခြေစိုက် ဒေသများသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ခရီးစဉ်အတွင်း သက်ဆိုင်ရာ စစ်ကြောင်းများမှ တာဝန်ခံ တပ်မှူးများ၊ တပ်ဖွဲ့ဝင်ရဲဘော်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များအပါအဝင် တခြားတာဝန်ရှိခေါင်းဆောင်များ၊ ဒေသခံ ပြည်သူလူထုများနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ယနေ့ကာလ နိုင်ငံရေးနှင့် စစ်ရေးလှုပ်ရှားမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ မြေပြင်ကွင်းဆင်းသွားရောက်မှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ရဲဘော်သံခဲအား ဆက်သွယ်မေးမြန်းရာ မကြာမီကာလအတွင်း သတင်းဌာနများနှင့် တွေ့ဆုံပြီး အသိပေး ရှင်းလင်းသွားရန်ရှိကြောင်း ပြောပြသည်။

ဥက္ကဋ္ဌ ရဲဘော်သံခဲ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြချက်များအရ ၂၀၂၄ ဒီဇင်ဘာလလယ်မှ စတင်ပြီး အညာဒေသ မြင်ကွင်းများ၊ မန္တလေးတိုင်းအတွင်း ရောက်ရှိခဲ့မှု မှတ်တမ်းများ ၊ ABSDF တပ်အခြေစိုက်ဒေသသို့ ရောက်ရှိမှု မှတ်တမ်းများ၊ လူထုနှင့်တွေ့ဆုံမှုမှတ်တမ်းများကို တွေ့ရသည်။ အလားတူ မကွေးတိုင်း အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တာဝန်ရှိသူ အချို့ကလည်း ရဲဘော်သံခဲနှင့် တွေ့ဆုံခဲ့မှု မှတ်တမ်းကို လူမှုကွန်ရက်၌ ဇန်နဝါရီလအတွင်းက ဖော်ပြထားသည်ကို တွေ့ရသည်။

“အရင်းအနှီးတွေက ကြီးလွန်းပါတယ်။ အားလုံးအတူ သွားခဲ့ကြပေမဲ့ အချိန့် ပြန်မရောက်နိုင်တော့ဘူး။ ပေးဆပ်မှုတွေက ဘ၀တွေ အသက်တွေပါ။ ရလဒ်ကလည်း ကြီးမှ ရမှာ။ ရဲဘော်များကို လေးစားဂုဏ်ယူစွာဖြင့် “ဟု ရဲဘော်သံခဲက မြေပြင်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဇန်နဝါရီ ၁၄ရက်တွင် ဖော်ပြထားသည်။

၂၀၂၄ ဒီဇင်ဘာ ၂၄ရက်တွင် မန္တလေးတိုင်းမှ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုသည့် ဆိုင်းဘုတ်ရှေ့၌ ဥက္ကဋ္ဌ ရဲဘော်သံခဲက မှတ်တမ်းဓာတ်ပုံရိုက်ကူးဖော်ပြသည်။

ဒီဇင်ဘာ ၂၇ရက်တွင်လည်း ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား တစ်ခုသို့ ဥက္ကဋ္ဌ ရဲဘော်သံခဲ တက်ရောက်ခဲ့ပြီး “လူထုကြားက မကဒတ (ကျောင်းသားတပ်မတော်)”ဟု ဖော်ပြခဲ့သည်။

အညာသို့ရောက်ရှိခဲ့မှုကိုလည်း အသိပေးထားပြီး ကျဆုံးရဲဘော်များအတွက်အမှတ်ရ တည်ဆောက်ထားသည့် အုတ်ဂူနီလေးများ၏ ဓာတ်ပုံကိုလည်း ရဲဘော်သံခဲကဖော်ပြကာ ကျဆုံးရဲဘော်များအတွက် ရေးထားသည့် ကျုပ်ရဲဘော် ကဗျာကိုလည်း ဖေဖော်ဝါရီ ၃ရက်တွင် ဖော်ပြသည်။

ABSDFသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ နိုဝင်ဘာ ၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၃၆ နှစ်တာ တော်လှန်ရေးခရီးအတွင်း ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ၈၀၀ ကျော် ကျဆုံးကာ ၄၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCAတွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သော်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်း ပြီးနောက်တွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိပြီး မျိုးဆက်သစ်များ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်လက်တွဲတိုက်ပွဲဝင်လျက်ရှိသည်။

ကချင်ပြည်နယ် မံစီမြို့သိမ်းတိုက်ပွဲ အပါအဝင် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ မွန်၊ တနင်္သာရီဒေသများ၌ ABSDFတပ်ဖွဲ့များသည် မဟာမိတ်များနှင့်အတူ လက်တွဲပြီးစစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ