ဧပြီ-၂၉၊၂၀၂၆။ဇော်ဝင်း/People’s Spring
တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဏ္ဏဝါရပ်ကွက်က ဖားအင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ (ပင်မ)လက်နက်ခဲယမ်းတိုက်ကို အခု ဧပြီ ၁၉ ရက်က ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
စကခ(၁၉)အတွင်း ထိုးဖောက်ဝင်ရောက်ဖို့ အချိန်နဲ့ ငွေကြေးမြောက်များစွာအသုံးပြုခဲ့ပြီး စစ်တပ်ရဲ့ လှုပ်ရှားမှုသတင်းအချက်အလက်ကို စနစ်တကျစုဆောင်းကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့တာလို့လည်း တနင်္သာရီတိုင်းစစ်ဌာနက အသိပေးပါတယ်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၀၀၁)တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့က မြို့တွင်း( UG )လှုပ်ရှားတပ်ဖွဲ့နဲ့ စစ်တပ်အတွင်းလူတို့ ပူးပေါင်းပြီး စကခ(၁၉)အတွင်း ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

ဖောက်ခွဲမှုအတွင်း စကခ(၁၉)အတွင်းက လက်နက်တိုက်ထဲမှာရှိတဲ့ ဒရုန်းဗုံးသီးနဲ့ လက်နက်ကြီးကျည်တွေကို နေ့လယ် ၃နာရီဝန်းကျင်မှာ စတင်ဖောက်ခွဲခဲ့ပြီး အဲဒီပေါက်ကွဲမှုကတဆင့် ရိက္ခာစတိုး၊ သက်သာဆိုင်၊ ဗဟိုကင်းက လက်နက်ခဲယမ်းတိုက်တွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
မီးလောင်းမှုတွေကြောင့် ဗဟိုကင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ စုစုပေါင်း ၂၀၀နီးပါးပျက်စီးဆုံးရှုံးခဲ့ပြီး စစ်တပ်က လေးဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။စကခ(၁၉) တပ်တွင်း ပျက်စီးမှုနဲ့ သေဆုံးထိခိုက်သူ အရေအတွက်ကို လူထုနွေဦးက သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် စကခ(၁၉)ကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ တနင်္သာရီတိုင်းစစ်ဌာနနဲ့ ရေးပြောက်ကျားတပ်ဖွဲ့တွေထံ လူထုနွေဦးက သီးခြားဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်စဥ်ဖြစ်ပွားပြီးနောက်ရက် ဧပြီ ၂၀ ရက် နေ့လယ်မှာ အရှေ့တောင်တိုင်းစစ်ဌာချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်အဖွဲ့က ခလရ(၆၁)တပ်ရင်းအတွင်း ဂေါက်ကွင်းကို ရဟတ်ယာဥ်ဖြင့်လာရောက်ခဲ့ပြီး စကခ (၁၉)အတွင်းပေါက်ကွဲမှုဖြစ်စဥ်ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ခလရ(၆၁)တပ်ရင်းက ဗိုလ်မှူးဟိန်းစံကို မြန်မာ့စီးပွားရေးဘဏ်က ငွေကြေးစုစုပေါင်း (၄.၉)ဘီလီယံကျော်ကို ခလရ(၆၁)တပ်ရင်းဆီ လာရောက်အပ်နှံထားချိန်မှာ ကျပ်သိန်း ၄၀၀ ခိုးယူမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက ပြောပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုကြောင့်ကျန်ရှိပျက်စီးနေတဲ့ လက်နက်ခဲယမ်းတွေကို ခလရ (၆၁)တပ်ရင်းကစက်ပစ်ကွင်းထဲမှာ ဧပြီ ၂၁ရက်က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ အသိပေးပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇ နဲ့အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ-၃၁၆)တွေရှိပါတယ်။
လက်ရှိမှာ စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

















































