စက်တင်ဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကပဖ) ပူးပေါင်းအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က စက်တင်ဘာ ၁၄ရက်နေ့ရက်စွဲနဲ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ပြည်သူလူထုအပေါ် လေကြောင်းမှတစ်ဆင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်နေတဲ့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ရှိ စစ်တပ်ရဲ့ ပင်မစစ်ဘက်သုံး လေတပ်စခန်းကို စက်တင်ဘာလ (၁၀) ရက်နေ့မှာ PDF ပူးပေါင်းတပ်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဒရုန်းစစ်ဆင်ရေး အောင်မြင်စွာ ဖော်ဆောင် တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အသိအမှတ်ထား ဂုဏ်ပြုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပြီးတော်လှန်ရေး ရဲဘော်များရဲ့ ညီညွတ်မှုကို အသိမှတ်ပြု မှတ်တမ်းတင်ကြောင်း ပါရှိပါတယ်။

Public Service Announcement
“ ရန်သူ့ YAK-130 တိုက်လေယာဉ်များ ရပ်နားထားသည့် နေရာများကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့သည့် အပြင်၊ မြေပြင်စစ်ဆင်ရေးတွင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့် တော်လှန်ရေး ရဲဘော်များ၏ စစ်ရေးစွမ်းရည်နှင့် ရဲရင့်မှုကို အထူးမှတ်တမ်းတင် ဂုဏ်ပြုပါသည်။စစ်ဆင်ရေးအတွင်း တိုင်းပြည်နှင့် ပြည်သူအတွက် အသက်ကို ပဓာနမထားဘဲ မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ရသော တော်လှန်ရေးရဲဘော် (၃) ဦး၏ စွန့်လွှတ်စွန့်စားမှုကို လေးနက်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်” လို့ NUG ခေါင်းဆောင်တွေရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်များနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းလည်း NUGက ဖော်ပြပါတယ်။
အဲဒီ စစ်ဆင်ရေးကို မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်၍ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၁၈၄၈ ဒရုန်း တပ်ဖွဲ့ (MDDS)၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း ၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ STF (Special Task Force) နဲ့ ရွှေဘို ခရိုင်စစ်ဌာန အမှတ် (၁)၊ (၂) ပူးပေါင်းတပ်ဖွဲ့တို့ စုဖွဲ့ကာ ဟန်ချက်ညီစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ စစ်ဘက်ဗဟိုချက်မနေရာများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

















































