အခန်း (၉ ) – တည်းဖြတ်ခြင်း
ဖွင့်ဆိုရှင်းပြဆောင်းပါးစာမူ တပုဒ်လုံးကို အချောသတ် ရေးပြီးသွားပြီဆိုရင် နောက်ဆုံးလုပ်ရမယ့် အလုပ်တခု ကျန်ပါသေးတယ်။ တည်းဖြတ်ခြင်းအလုပ်ပါ။ ဆောင်းပါးစာမူကို ဘယ်လောက်ပဲ ကောင်းအောင် ရေးထားတယ်ပဲပြောပြော “တည်းဖြတ်ခြင်း” ဆိုတဲ့ အဆင့်ကို မဖြတ်သန်းရသေးရင် အဲဒီစာမူဟာ မပြီးပြည့်စုံသေးပါဘူး။
တည်းဖြတ်တယ်ဆိုတာ ကိုယ်ရေးထားတဲ့စာကို ပြန်ဖတ်ပြီး စာလုံးပေါင်းသတ်ပုံ ပြင်ရုံ အမှားရှာရုံတင် မဟုတ်ပါဘူး၊ စာဖတ်သူအတွက် ပိုပြီး အရသာရှိအောင်၊ ပိုပြီး နားလည်လွယ်အောင် ထပ်ပြီး အချောသတ်ပေးတာပါ။
●စာဖတ်သူ နေရာကနေ ပြန်ဖတ်ကြည့်ပါ

Public Service Announcement
ဆောင်းပါးစာမူဟာ ကိုယ့်စိတ်ကူးနဲ့ကိုယ် ရေးထားတာဆိုတော့ ပြန်ဖတ်လိုက်ရင် ကိုယ့်အတွက်ကတော့ အားလုံးက ရှင်းနေမှာပါပဲ။ ဒါပေမဲ့ ဘာမှမသိတဲ့ စာဖတ်သူ တယောက်အနေနဲ့ ဒီစာကို ဖတ်ကြည့်လိုက်ရင်ရော ရှင်းရဲ့လား။ ဘယ်နေရာမှာ ထစ်နေသလဲ။ ဝါကျတွေရှည်နေလား။ ဆောင်းပါးဖွဲ့စည်းတည်ဆောက်ပုံမှန်ရဲ့လား ဆိုတာတွေကို ဘက်မလိုက်ဘဲ ကြည့်ရပါမယ်။
ဖြစ်နိုင်ရင်တော့ စာရေးပြီးပြီးချင်း ချက်ချင်း မတည်းဖြတ်ပါနဲ့။ နာရီဝက်လောက်ဖြစ်ဖြစ် ကွန်ပြူတာရှေ့ကနေ ခဏထသွားပြီး အနားယူတာပဲ ဖြစ်ဖြစ် တခြားအလုပ်တခုခု လုပ်တာပဲဖြစ်ဖြစ် လုပ်လိုက်ပါ။ ပြီးမှ စာမူကို ပြန်ဖတ်ကြည့်တာက ပိုပြီး အမှားရှာရ လွယ်ကူစေပါတယ်။
●မလိုအပ်တဲ့ စကားလုံးတွေကို ဖြတ်ထုတ်ပါ
ဖွင့်ဆိုရှင်းပြဆောင်းပါးမှာ စာတွေရှည်လွန်းနေရင် စာဖတ်သူက စိတ်ရှုပ်သွားတတ်ပါတယ်။ ဒါကြောင့် အဓိပ္ပာယ် ထူးထူးခြားခြား မရှိတဲ့ စကားလုံးတွေ၊ အသုံးအနှုန်းတွေကို တိုတိုနဲ့ လိုရင်းရောက်အောင် ပြန်ပြင်ပါ။ “စာကြောင်းတကြောင်းကို ဖြုတ်လိုက်လို့ ဆောင်းပါးရဲ့ အဓိပ္ပာယ် မပျက်သွားဘူးဆိုရင် အဲဒီစာကြောင်းကို ဖြုတ်ပစ်လိုက်ပါ” လို့ အကြံပြုပါတယ်။
●အချက်အလက်တွေကို နောက်ဆုံးအကြိမ် ပြန်စစ်ပါ (Fact-Check)
ဒါကတောအရေးအကြီးဆုံးပါပဲ။ နာမည်တွေ၊ ရာထူးတွေ၊ ကိန်းဂဏန်းတွေနဲ့ ကိုးကားချက်တွေ မှန်ရဲ့လားဆိုတာကို တခေါက်ပြန်ကြည့်ပါ။ အထူးသဖြင့် ဂဏန်းတွေမှာ သုညတလုံး ပိုသွားတာ၊ လိုသွားတာမျိုးဟာ ဖွင့်ဆိုရှင်းပြဆောင်းပါး တပုဒ်အတွက် အရမ်းကို အန္တရာယ်များပါတယ်။
●အသံထွက်ပြီး ဖတ်ကြည့်ပါ
အသံထွက်ဖတ်ခြင်းဟာ စာမူတည်းဖြတ်တဲ့နေရာမှာ အင်မတန် ထိရောက်တဲ့ နည်းလမ်းတခုပါ။ ရှေးဝါရင့်စာရေးဆရာကြီးတွေက တည်းဖြတ်ခြင်းအတွက် အကြံဉာဏ်ပေးရင် ဒီတချက်က ရှေ့ဆုံးက ပါပါတယ်။
ကိုယ့်ရဲ့ စာကို အသံထွက်ဖတ်ကြည့်တဲ့အခါ စာကြောင်းက အရမ်းရှည်နေရင် အသက်ရှူ မဝသလို ဖြစ်လာပါလိမ့်မယ်။ အဲဒါဆိုရင် အဲဒီစာကြောင်းကို နှစ်ကြောင်းခွဲပစ်ဖို့ လိုနေပြီဆိုတာ သိနိုင်ပါတယ်။
စကားပြောသလို ချောချောမွေ့မွေ့ ရှိ၊ မရှိကိုလည်း ဒီနည်းနဲ့ စစ်လို့ရပါတယ်။
●အခြားတယောက်ကို ဖတ်ခိုင်းကြည့်ပါ
ကိုယ်ကိုယ်တိုင် မမြင်မိတဲ့ အမှားတွေကို တခြားသူက အလွယ်တကူ မြင်နိုင်ပါတယ်။ ဒီလက်စွဲစာအုပ်ကို နောက်ဆုံးရေးပြီးသွားတဲ့အခါ စာရေးသူကိုယ်တိုင် အသံထွက်ဖတ်သလို မိတ်ဆွေ လုပ်ဖော်ကိုင်ဖတ် သတင်းစာဆရာတဦးကို ဖတ်ခိုင်းကြည့်ပါတယ်။ အဲ့ဒီဆရာထံက အကူအညီ၊ အကြံဉာဏ်တွေ ရယူပါတယ်။
လုပ်ဖော်ကိုင်ဖက်မှ မဟုတ်ပါဘူး။ အိမ်ကမိသားစုဝင် တဦးဦးကို ဖတ်ခိုင်းကြည့်လည်း ရပါတယ်။ သူတို့ နားမလည်တဲ့ နေရာရှိရင် အဲဒီနေရာကို ပြန်ပြင်ရပါမယ်။ သူတို့ နားမလည်ဘူးဆိုတာ သူတို့ ညံ့လို့မဟုတ်ဘဲ ရေးတဲ့သူ ရှင်းပြပုံ အားနည်းနေသေးလို့ဆိုတာကို လက်ခံပြီး ပြင်ရမှာပါ။
တည်းဖြတ်တယ်ဆိုတာ ဆောင်းပါးတပုဒ်ကို ပိုပြီး တောက်ပြောင်လာအောင် လုပ်တာပါ။ ဒီတည်းဖြတ်ခြင်းအဆင့်ကို မပျက်မကွက်လုပ်ပါ။ သေချာလည်း အချိန်ပေးပါလို့ တိုက်တွန်းပါတယ်။
(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစားလေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး လူထုနွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ် စနေနေ့တိုင်းဖော်ပြပေးနေတာဖြစ်ပါတယ်။ ။အယ်ဒီတာ)























































