■အခန်း (၃) – ဖွင့်ဆိုရှင်းပြသတင်းစာပညာဖြင့် တင်ဆက်နေသော ထင်ရှားသည့်သတင်းဌာနများ
●Vox
Vox ဆိုတာ လက်တင်ဘာသာစကား ဖြစ်ပြီး Voice ‘အသံ’ လို့ အဓိပ္ပာယ်ရပါတယ်။ အမေရိကန်အခြေစိုက် Vox Media ရဲ့ လက်အောက်ခံ ဝဘ်ဆိုက်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုမှာ နာမည်ကျော်သတင်းစာဆရာ Ezra Klein တို့အဖွဲ့က စတင်တည်ထောင်ခဲ့တာပါ။
သူတို့ဟာ ‘ဖွင့်ဆိုရှင်းပြသတင်းစာပညာ’ ကို အဓိကအသုံးပြုပြီး အဖြစ်အပျက်တွေကို အသေးစိတ် နားလည်အောင် ရှင်းပြတဲ့နည်းလမ်းနဲ့ နာမည်ကျော်လာတာ ဖြစ်ပါတယ်။ အခုဆိုရင် ဝဘ်ဆိုက်တင်မကဘဲ YouTube, Podcast တွေနဲ့ Netflix မှာပါ သူတို့ရဲ့ တင်ဆက်မှုတွေကို တွေ့နိုင်ပါတယ်။

Public Service Announcement
Vox ရဲ့ Explainers ဝက်ဘ်ဆိုက်မှာ တည်ထောင်သူ Ezra Klein ရဲ့ နာမည်ကျော် အဆိုအမိန့်တခု ရှိပါတယ် –
“ကျနော်တို့ဟာ သတင်းအချက်အလက်တွေ အလွန်အမင်းများပြားပြီး ဆက်စပ်အကြောင်းအရာ(Context) သိရှိမှု အလွန်နည်းပါးတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေကြရပါတယ်။ ဆူညံသံတွေ (သတင်းအမှားများ) သာ များပြားပြီး အတွင်းကျကျ သိမြင်နားလည်မှု (Insight) တွေကတော့ နည်းပါးလွန်းနေပါတယ်။ အဲ့ဒီလို နေရာမျိုးမှာပဲ Vox ရဲ့ ရှင်းလင်းချက် (Explainers) တွေက အရေးပါလာတာ ဖြစ်ပါတယ်။”
Vox ရဲ့ ရည်မှန်းချက်ကတော့ ပရိသတ်ကို ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာ သေချာနားလည် သဘောပေါက်အောင် ကူညီပေးဖို့ဖြစ်ပြီး၊ ဒါဟာ အခုလိုအချိန်မှာ အရေးကြီးဆုံးအလုပ် ဖြစ်တာကြောင့်လည်း Vox ဟာ အောင်မြင်နေရတာ ဖြစ်ပါတယ်။
●The Upshot
The Upshot ကတော့ The New York Times သတင်းစာကြီးရဲ့ ဝဘ်ဆိုက်တခုပါ။ The Upshot ရဲ့ ထူးခြားချက်က ရှုပ်ထွေးတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို နားလည်လွယ်တဲ့ ဂရပ်ဖစ်တွေ (Data Visualization) နဲ့ ပေါင်းစပ်ပြီး ဆန်းစစ်တင်ဆက်ပေးတာ ဖြစ်ပါတယ်။
The Upshot ကို ၂၀၁၄ ခု၊ ဧပြီလမှာ စတင်ခဲ့ပြီး အခုဆိုရင် ၁၀ နှစ်ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ အောင်မြင်မှုအနေနဲ့ ၂၀၁၄ ခုနှစ်အတွင်း New York Times ရဲ့ ဖတ်ရှုသူအများဆုံး ဆောင်းပါး ၂၀ ထဲမှာ The Upshot ရဲ့ ဆောင်း
ပါး ၂ ပုဒ်အထိ ပါဝင်ခဲ့သလို၊ ဝဘ်ဆိုက်တခုလုံးရဲ့ ဝင်ရောက်ကြည့်ရှုမှု ၅ ရာခိုင်နှုန်းလောက်အထိ ရယူနိုင်ခဲ့ပါတယ်။
●Planet Money
Planet Money ဆိုတာ အမေရိကန် ပြည်သူ့အသံလွှင့်ဌာနက ထုတ်လုပ်တဲ့ Podcast နဲ့ Blog တစ်ခု ဖြစ်ပါတယ်။ ၂၀၀၈ ခု ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလမှာ စတင်ခဲ့ပြီး ခက်ခဲနက်နဲတဲ့ စီးပွားရေးအကြောင်းအရာတွေကို သာမန်လူတွေ နားလည်အောင် တင်ဆက်လေ့ရှိပါတယ်။
သူတို့ရဲ့ တင်ဆက်ပုံက ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို စိတ်ဝင်စားဖို့ကောင်းတဲ့ စကားဝိုင်းတွေအဖြစ် ပြောင်းလဲပေးနိုင်လွန်းလို့ တက္ကသိုလ် စီးပွားရေးဘာသာရပ်တွေမှာတောင် သင်ထောက်ကူအဖြစ် ပြန်သုံးကြရပါတယ်။
အစီအစဉ်တခုဟာ ၆ မိနစ်ကနေ မိနစ် ၃၀ ခန့်ပဲ ကြာမြင့်တတ်ပြီး၊ ကျန်းမာရေးစနစ် ဒါမှမဟုတ် စတော့ရှယ်ယာလိမ်လည်မှုလိုမျိုး ရှုပ်ထွေးတဲ့ကိစ္စတွေကို အရိုးရှင်းဆုံးဖြစ်အောင် ခြုံငုံတင်ဆက်ပေးတာ ဖြစ်ပါတယ်။
●The Guardian
The Guardian ရဲ့ ဖွင့်ဆိုရှင်းပြကဏ္ဍ (Explainer Section) ဟာ ရှုပ်ထွေးတဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကို အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ရှင်းပြနေတဲ့ နေရာတခုပါ။ ဖွင့်ဆိုရှင်းပြ အကြောင်းအရာတွေကို ပုံစံ ၅ မျိုးနဲ့ တင်ဆက်လေ့ရှိပြီး “Context” (ဆက်စပ်အကြောင်းအရာ) ကို အမြဲတမ်း အလေးပေးပါတယ်။ “ဘာဖြစ်သွားတယ်” ဆိုတာထက် “ဒါဟာ ဘာကြောင့် အရေးကြီးတာလဲ” ဆိုတာကို စာဖတ်သူ သိသွားအောင် လုပ်ဆောင်ပေးတာဟာ သူတို့ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ပါပဲ။
● BBC
BBC ဟာလည်း ဖွင့်ဆိုရှင်းပြသတင်းစာပညာအတွက် ကဏ္ဍတခု သီးသန့်ပေးထားပြီး အောင်မြင်စွာ တင်ဆက်နေတဲ့ ဗြိတိန်အခြေစိုက် သတင်းဌာနကြီး ဖြစ်ပါတယ်။ ရုပ်သံနဲ့ရော စာသားနဲ့ပါ တင်ဆက်ပြီး အခြေခံကျတဲ့ အကြောင်းအရာတွေကို ဦးစားပေးပါတယ်။
နမူနာအနေနဲ့ – “အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် ဆိုတာ ဘယ်သူလဲ”၊ “သင့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ”၊ “သင့်ရဲ့ စမတ်ဖုန်းကို ဘယ်လို သန့်ရှင်းရေးလုပ်မလဲ” စတဲ့ လက်တွေ့ကျပြီး နားလည်လွယ်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးလေ့ရှိပါတယ်။
ဖွင့်ဆိုရှင်းပြ အကြောင်းအရာတွေကို ကဏ္ဍတခုဖွင့်ပြီး သေချာတင်ဆက်နေတဲ့ အပေါ်မှာ ဖော်ပြထားတဲ့ နိုင်ငံတကာသတင်းဌာနတွေအပြင် ထင်ရှားတဲ့ အခြားသတင်းဌာနတွေလည်း ရှိပါသေးတယ်။
(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစားလေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး လူထုနွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ် စနေနေ့တိုင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ။အယ်ဒီတာ )




























































