Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ ချုပ်ကွက်များ (Choke Points)

ပထဝီနိုင်ငံရေးမှာ Choke Point ဆိုတာ ဘာကို ပြောတာလဲ အင်္ဂလိပ်လို “ Choke” ဆိုတာ လည်ပင်းညှစ်တာ၊ အသက်ရှူလမ်းကြောင်း ပိတ်တာကို ဆိုလိုတာပါ။ မြန်မာစကားမှာရှိတဲ့ “ ချုပ်ကွက်” ဆိုတာနဲ့ အခြေခံအဓိပ္ပာယ်ခြင်း အတူတူပါပဲ။ ရန်သူ ဒါမှမဟုတ် ပြိုင်ဘက်ကို ရုန်းမရအောင်၊ ရှေ့ဆက်တိုးမရအောင် ပိတ်ဆို့ထားတဲ့ အရေးကြီးတဲ့ အကွက်ကို ပြောတာဖြစ်ပါတယ်။ သိုင်း​ပေါင်းစုံ​ပြိုင်ပွဲ​(MMA)တွေ ​ခေတ်စားလာဒီဘက်​ခေတ်မှာ ​အောင်လအန်ဆန်းက​စပြီး ခါဘစ်အထိ ချုပ်ကွက်​တွေက ပြိုင်ဘက်ကိုဘယ်လိုဒုက္ခ​ပေးနိုင်တယ်ဆိုတာ ကိုယ်ခံပညာပညာဝါသနာပါသူ​တွေ​ကောင်း​ကောင်းသိကြပါတယ်။

-ကိုပါဝဲလ်​ရေးသည်။

ပထဝီနိုင်ငံရေးမှာ Choke Point ဆိုတာ ဘာကို ပြောတာလဲ အင်္ဂလိပ်လို “ Choke” ဆိုတာ လည်ပင်းညှစ်တာ၊ အသက်ရှူလမ်းကြောင်း ပိတ်တာကို ဆိုလိုတာပါ။ မြန်မာစကားမှာရှိတဲ့ “ ချုပ်ကွက်” ဆိုတာနဲ့ အခြေခံအဓိပ္ပာယ်ခြင်း အတူတူပါပဲ။ ရန်သူ ဒါမှမဟုတ် ပြိုင်ဘက်ကို ရုန်းမရအောင်၊ ရှေ့ဆက်တိုးမရအောင် ပိတ်ဆို့ထားတဲ့ အရေးကြီးတဲ့ အကွက်ကို ပြောတာဖြစ်ပါတယ်။ သိုင်း​ပေါင်းစုံ​ပြိုင်ပွဲ​(MMA)တွေ ​ခေတ်စားလာဒီဘက်​ခေတ်မှာ ​အောင်လအန်ဆန်းက​စပြီး ခါဘစ်အထိ ချုပ်ကွက်​တွေက ပြိုင်ဘက်ကိုဘယ်လိုဒုက္ခ​ပေးနိုင်တယ်ဆိုတာ ကိုယ်ခံပညာပညာဝါသနာပါသူ​တွေ​ကောင်း​ကောင်းသိကြပါတယ်။

ပထဝီနိုင်ငံရေးမှာတော့ တခုခုကို ပိတ်လိုက်တာ၊ ချုပ်လိုက်တာနဲ့ တကမ္ဘာလုံးကို သက်ရောက်သွားစေနိုင်တဲ့ အချက်အချာကျတဲ့ နေရာ ဒါမှမဟုတ် စနစ်တွေကို ခေါ်တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး စာအုပ်တအုပ်ဖြစ်တဲ့ Edward Fishman (အက်ဒွပ် ဘီ ဖစ်ရှ်မန်း)ရဲ့ Chokepoints: American Power in the Age of Economic Warfare စာအုပ်ထဲမှာ “ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ဘဏ္ဍာရေးအခြေခံအဆောက်အအုံတွေမှာ အရေးပါတဲ့ ပိတ်ဆို့ရာနေရာတွေ (Choke Points)ရှိပြီး၊ Choke Point တွေကို ထိန်းချုပ်နိုင်ခြင်းဟာကြီးမားတဲ့ပါဝါကိုပေးစွမ်းနိုင်ကာ ရန်သူတွေကို ဒူးထောက်စေနိုင်တယ်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီလို Choke Point (ချုပ်ကွက်)တွေက ဘယ်နေရာတွေမှာ ရှိတတ်တာလဲ။အီရန်နားမှာရှိတဲ့ ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်သင်္ဘောတွေရဲ့ ၅ ပုံ ၁ ပုံကျော် ဖြတ်သန်းရတဲ့နေရာမို့ အလွန်အရေးကြီးပါတယ်။

Public Service Announcement

Public Service Announcement

မလက္ကာရေလက်ကြား(အာရှနဲ့ ဥရောပ၊ အရှေ့အလယ်ပိုင်းကို ဆက်သွယ်ပေးထားပြီး တရုတ်နိုင်ငံရဲ့ စွမ်းအင်တင်သွင်းမှု အဓိကလမ်းကြောင်း) နဲ့ စူးအက်တူးမြောင်း(ဥရောပနဲ့အာရှကြား ကုန်သွယ်မှုအတွက် အတိုဆုံးလမ်းကြောင်း)တွေကလည်း ကမ္ဘာ့ကုန်သွယ်ရေးအတွက် မရှိမဖြစ် နေရာတွေပါ။ ဒီရေလက်ကြား ၂ ခုနဲ့ စူးအက်တူးမြောင်းဟာ ထင်ရှားပြီး အရေးကြီးတဲ့ Choke Point( ချုပ်ကွက်) တွေပါ။

အဲ့ဒီနေရာတွေ တခုခုဖြစ်လိုက်တာနဲ့ တကမ္ဘာလုံး ကသောင်းကနင်းတွေ ဖြစ်တော့တာပါပဲ။

နိုင်ငံတကာဘဏ်အချင်းချင်း ငွေလွှဲဆက်သွယ်ရေးစနစ် (SWIFT) နဲ့ အမေရိကန်ဒေါ်လာဟာလည်း ကမ္ဘာ့စီးပွားရေးရဲ့ အသက်ရှူလမ်းကြောင်း Choke Point( ချုပ်ကွက်) တွေဖြစ်သလို အဆင့်မြင့် ကွန်ပျူတာချစ်ပ် (Chip) တွေထုတ်လုပ်တဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေဟာလည်း အခုခေတ်မှာအင်မတန်အရေးပါတဲ့Choke Point(ချုပ်ကွက်)ဖြစ်လာပါတယ်။ဖုန်း၊လက်ပ်​တော့​တွေကအစ လျှပ်စစ်ကားအဆုံး မရှိမဖြစ်သုံးရတဲ့ ​မြေရှားဟာလည်း ချုပ်ကွက်ဖြစ်လာပါတယ်။

အဲဒီ Choke Point(ချုပ်ကွက်)တွေကို ဘယ်သူတွေက ကိုင်တွယ်ထားကြတာလဲ။

Choke Point(ချုပ်ကွက်)တွေကို ဘယ်သူတွေက ကိုင်ထားကြသလဲဆိုတဲ့ အဖြေက ပထဝီအနေအထားနဲ့ နည်းပညာပိုင်ဆိုင်မှုပေါ် မူတည်ပါတယ်။ အမေရိကန်ကတော့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်နဲ့ အဆင့်မြင့် ချစ်ပ်နည်းပညာတွေကို အဓိကချုပ်ကိုင်ထားပါတယ်။

အီရန်နိုင်ငံကတော့ ပထဝီအနေအထားအရ ဟောမုဇ်ရေလက်ကြားကိုခြိမ်းခြောက်နိုင်စွမ်းရှိပြီး တရုတ်နိုင်ငံကတော့ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက်နဲ့ မြေရှားသတ္တု (Rare Earth) လို ရှားပါးသတ္တုပစ္စည်းတွေကိုလက်ဝါးကြီးအုပ်ထားနိုင်ပါတယ်။

တကယ်လို့ အဲဒီ Choke Point (ချုပ်ကွက်)တွေမှာ တခုခုဖြစ်ခဲ့ရင် ဘာတွေ သက်ရောက်နိုင်လဲ။

သက်ရောက်မှုကတော့ အတော်လေး ပြင်းထန်ပါတယ်။ပစ္စည်းတွေ ပြတ်လပ်ကုန်မယ်၊ ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာမယ်။ လက်တွေ့အနေနဲ့ အီရန်က ဟောမုဒ်ရေလက်ကြားကို ပိတ်လိုက်တာကြောင့် တကမ္ဘာလုံးမှာ လောင်စာဆီဈေးတွေ ခုန်တက်သွားပြီး အထွေထွေပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ နည်းပညာ Choke Point( ချုပ်ကွက်)ကိုပိတ်လိုက်ရင်လည်း ကားထုတ်လုပ်ရေးကနေ ဖုန်းထုတ်လုပ်ရေးအထိ အကုန်ရပ်တန့်သွားနိုင်ပါတယ်။

အရင်တုန်းကရော Choke Point ကြောင့်တကမ္ဘာလုံးကို သက်ရောက်ခဲ့တာမျိုး ရှိခဲ့လား။

ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က စူးအက်တူးမြောင်းမှာ သင်္ဘောကြီး သောင်တင်ပြီး လမ်းပိတ်သွားခဲ့လို့ တကမ္ဘာလုံးမှာ တစ်နာရီကိုဒေါ်လာသန်း ၄၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်း ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး ရက်ပိုင်းအတွင်းမှာ ရုရှားကို အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ဗြိတိန်တို့ ပူးပေါင်းပြီး SWIFT (Society for Worldwide Interbank Financial Telecommunication) လို့ခေါ်တဲ့ နိုင်ငံတကာ ဘဏ်အချင်းချင်း ငွေလွှဲဆက်သွယ်ရေးစနစ် ကနေဖယ်ထုတ်လိုက်တာဟာလည်း ဘဏ္ဍာရေး Choke Point( ချုပ်ကွက်) ကို အသုံးချပြီး ထိုးနှက်လိုက်တာပါပဲ။

နည်းပညာဘက်မှာလည်းဟွားဝေး(Huawei)ကုမ္ပဏီကို အမေရိကန်က အဆင့်မြင့်ချစ်ပ်တွေ မရအောင် ပိတ်ဆို့လိုက်တာဟာ ထင်ရှားတဲ့ သာဓကတခု ဖြစ်ပါတယ်။ ၂၀၂၀ ခု ဝန်းကျင်တုန်းက အမေရိကန်ဟာ နည်းပညာပိုင်းဆိုင်ရာ အချက်အချာ Choke Point( ချုပ်ကွက်) ကို ပိတ်ဆို့လိုက်တာကြောင့် ဟွားဝေး (Huawei) ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုနဲ့ 5G လုပ်ငန်းတွေဟာ ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း အီရန်က ဟောမုဇ်ရေလက်ကြားကို ပိတ်လိုက်တာကြောင့် တကမ္ဘာလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်နေပါတယ်။

Choke Point(ချုပ်ကွက်)တွေကို ထိန်းချုပ်ထားသူတွေဟာ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဒါမှမဟုတ် ယှဥ်ပြိုင်ဖက်ကို အသာစီးရဖို့အတွက် ဒီနေရာတွေကို အသုံးချတတ်ကြပါတယ်။ ဒီလို Choke လိုက်တိုင်းမှာ သက်ဆိုင်ရာ နိုင်ငံတင်မကဘဲ တကမ္ဘာလုံးက စားသုံးသူတွေ၊ လုပ်ငန်းရှင်တွေနဲ့ အစိုးရတွေအားလုံးဟာ ကုန်ဈေးနှုန်းတက်တာ၊ ပစ္စည်းပြတ်လပ်တာတွေနဲ့အတူ မရေရာတဲ့ နိုင်ငံရေးအခြေအနေတွေကို ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် ခေတ်သစ်ကမ္ဘာကြီးမှာ Choke point (ချုပ်ကွက်) တခုကိုပိတ်ဆို့တာ ဒါမှမဟုတ် ထိန်းချုပ်တာဟာ Economic Warfare (စီးပွားရေးစစ်ပွဲ) ရဲ့အဓိကကျတဲ့လက်နက်တခုဖြစ်နေပါပြီ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံမှာ မီးလောင်ခဲ့တဲ့နောက် ပြည်တွင်း လောင်စာရောင်းချမှုကို ကန့်သတ်ရနိုင်ကြောင်း ကောလာဟလတွေကို ဩစတြေးလျက ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အစီအစဉ်အတွက် အမေရိကန်ဟာ လေယာဉ်တင် သင်္ဘောတွေနဲ့ လေကြောင်း စစ်ဆင်ရေး အားသာချက်တွေကို ထိထိရောက်ရောက် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ကာလအတွင်း အီရန် တိုက်ခိုက်ခဲ့မှုတွေက နိုင်ငံရဲ့ ရေနံ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက် ယုတ်လျော့စေခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အစိုးရက ဝန်ခံခဲ့ပါတယ်။

Facebook