-ကိုဗလရေးသားသည်။
မြန်မာ့ရွှေစျေးဟာ တဖြည်းဖြည်းတက်လာလိုက်တာ အခုဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက စံချိန်တင်စျေးနှုန်းဖြစ်သွားခဲ့ပါတယ်။ တကျပ်သားကို ကျပ် ၉၉ သိန်းခွဲထိ ရောက်ခဲ့တာပါ။ ကျပ် ၉၉ သိန်းခွဲဆိုတာ သိန်းတရာထိ ရောက်ဖို့ ကျပ်ငါးသောင်းပဲ လိုပါတော့တယ်။ ဒီစျေးဟာ မြန်မာ့ရွှေစျေးသမိုင်းမှာ အမြင့်ဆုံးစျေးဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၁၃ သိန်းကျော်နဲ့နှိုင်းယှဥ်ရင်ဈေး ၇ ဆကျော်ခုန်တက်သွားတာပါ ။
တကယ်တမ်းတော့ မြန်မာနိုင်ငံမှာ ရွှေစျေးစံချိန်တင် မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။ လေ့လာကြည့်ကြရအောင်ပါ။

Public Service Announcement
အရင်ဆုံးသတိပြုရမှာကအခုလက်ရှိမှာမြန်မာတင်မကဘဲ တစ်ကမ္ဘာလုံးမှာ ရွှေစျေးတက်နေတာပါ။ ဒီရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေစျေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၄၅၀၀ကျော်နဲ့ စံချိန်တင်စျေးရောက်ခဲ့ပါတယ်။အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့နည်းလာတာကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံတွေရဲ့ဗဟိုဘဏ်တွေဟာရွှေတွေကိုအလုအယက် ဝယ်စုနေကြတာကြောင့် အခုလို ကမ္ဘာ့ရွှေစျေးဟာ စံချိန်တင်စျေးထိ ရှိလာတာပါ။
“ဒေါ်လာအပေါ် ယုံကြည်မှု ကျဆင်းလာခြင်း”- ဗဟိုဘဏ်တွေရွှေကိုအလုအယက်ဝယ်ယူစုဆောင်းနေကြရတဲ့ အကြောင်းရင်းကို အခုလ ၁၆ ရက်ထုတ် The Guardian သတင်းစာမှာလည်း ဆောင်းပါးရေးသား ဖော်ပြထားထားပါတယ်။
ဆောင်းပါးရဲ့အဖွင့်မှာ “ကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေချိန်မှာ ဗဟိုဘဏ်တွေဟာအာမခံချက်တစ်ခုအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာတိုက်တွေအတွင်းကို ရွှေတွေ တိုးမြှင့်ဖြည့်တင်းနေကြတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်” လို့ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းအခြေပြုစနစ်ကို ရိုက်ချိုးလိုက်တာကြောင့် အစိုးရအဖွဲ့အစည်းတွေနဲ့ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေကို အလုအယက် ဝယ်ယူနေကြပါတယ်။ကမ္ဘာပေါ်ရှိဗဟိုဘဏ်တွေရဲ့ အရန်ပိုင်ဆိုင်မှုမှာ ရွှေရဲ့ဝေစုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုနဲ့ ယှဉ်ရင် နှစ်ဆတိုးလာတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ရွှေကောင်စီ(World Gold Council)မှတ်တမ်းတွေအရ စက်တင်ဘာလအထိ တနှစ်အတွင်း ဗဟိုဘဏ်တွေရဲ ရွှေဝယ်ယူမှုဟာ ၁၀% တိုးလာခဲ့ပြီး ပိုလန်၊ ကာဇက်စတန်၊ အဇာဘိုင်ဂျန်နဲ့ တရုတ်တို့ရဲ့ ဗဟိုဘဏ်တွေက ထိပ်ဆုံးကဝယ်နေတာပါ။
မြန်မာ့ရွှေစျေးဟာကမ္ဘာ့ရွှေစျေး အပေါ် တိုက်ရိုက် မှီခိုနေပါတယ်။ ကမ္ဘာ့ရွှေစျေး တက်ရင် မြန်မာ့ရွှေစျေးကလည်း လိုက်တက်ရတာ သဘာဝပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေစျေး ၁ ဂရမ်ပေါက်စျေးကို အမေရိကန်ဒေါ်လာလဲလှယ်တဲ့နှုန်းနဲ့ မြှောက်ပြီးတကျပ်သားမှာ ၁၆.၃၂၉၃ ဂရမ်ရှိတာမို့ အဲ့တာနဲ့ ဆက်မြှောက်ရင် မြန်မာ့ရွှေ တကျပ်သားပေါက်စျေးရမှာ ဖြစ်ပါတယ်။
မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကလက်သည်ထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာလည်း ပါပါတယ်။ ကျပ်ငွေတန်ဖိုးကျတယ်ဆိုတာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း တက်လာတာကို ပြောတာပါ။
ကမ္ဘာ့ရွှေစျေးက ငြိမ်နေရင်တောင်မှ ပြည်တွင်းမှာ ဒေါ်လာစျေးတက်ရင် (ကျပ်ငွေတန်ဖိုးကျရင်) ရွှေစျေးက တက်မှာပဲ ဖြစ်ပါတယ်။ အခုက ကမ္ဘာ့ရွှေစျေးကလည်းတက်၊ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုးကလည်း ကျနေတဲ့အတွက် “ နှစ်ထပ်ကွမ်း” ဒဏ်ကို ခံနေရတာပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေနဲ့ သာမာန်ပြည်သူတွေဟာ သူတို့ရဲ့ စုဆောင်းငွေ တန်ဖိုးမကျသွားအောင် အကာအကွယ်ရှာကြပါတယ်။
စစ်တပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်နေမှုကြောင့် ပြည်တွင်းစစ်ဖြစ်နေတာ၊စစ်တပ်သြဇာခံဘဏ်တွေအပေါ် ယုံကြည်မှုနည်းနေတာ၊ အိမ်ခြံမြေစျေးကွက်အပါအဝင်အစစအရာရာမှာအရောင်းအဝယ် အေးနေတာ၊ ကုန်စျေးနှုန်းတွေ အဆမတန် တက်နေတာတွေကြောင့်၊ “ ရွှေ” ဟာစိတ်အချရဆုံး၊ ရောင်းချရအလွယ်ဆုံးနဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်လာလို့ လူတိုင်းက ဝယ်စုချင်ကြပါတယ်။ဝယ်လိုအား (Demand)များပြီးရောင်းလိုအား(Supply) နည်းတဲ့အခါ စျေးနှုန်းက တက်လာရပါတယ်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့မှုနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရွှေအဝင်နည်းတာ၊ သယ်ယူစရိတ်ကြီးတာတွေကလည်း စျေးကွက်ထဲမှာ ရွှေစျေးကို ကစားရလွယ်စေပြီး စျေးနှုန်းကို မြင့်တက်စေပါတယ်။
မြန်မာ့ရွှေစျေး စံချိန်တင်တာဟာ “ ကမ္ဘာ့ရွှေစျေးတက်တာ၊ ကျပ်ငွေတန်ဖိုးကျတာနဲ့ ပြည်တွင်းမတည်ငြိမ်မှုကြောင့် ရွှေကို အလုအယက်ဝယ်စုခြင်းတို့ ပေါင်းဆုံသွားတဲ့ ရလဒ်ဖြစ်ပါတယ်။



















































