Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ် (The Explainer’s Journalism Handbook)

အခန်း (၂) – ဖွင့်ဆိုရှင်းပြသတင်းစာပညာ

အခန်း (၂) – ဖွင့်ဆိုရှင်းပြသတင်းစာပညာ

(Explainer Journalism) ဆိုတာဘာလဲ

ဖွင့်ဆိုရှင်းပြသတင်းစာပညာ ဆိုတာ ဘာလဲလို့ မေးရင် ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေပါ့မယ်။ ဒါဟာ စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတခုကို သေချာပေါက် နားလည်သဘောပေါက်သွားစေဖို့ ရိုးရိုးသတင်းတွေထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပေးတဲ့ တင်ဆက်မှုပုံစံမျိုး ဖြစ်ပါတယ်။

သတင်းဖြစ်စဉ်တခုတည်းကိုပဲ ပြောပြတာမဟုတ်ဘဲ အဲ့ဒီအကြောင်းအရာရဲ့ နောက်ခံအကြောင်းရင်းတွေ၊ ဖြစ်လာရတဲ့ ဆက်စပ်အကြောင်းတရား (Context) တွေကိုပါ သေချာဆွဲထုတ်ပြပြီး “ဘာကြောင့်ဖြစ်တာလဲ” ဆိုတာကို စာဖတ်သူတွေ ရှင်းရှင်းလင်းလင်း သိသွားအောင်ရေးသားတဲ့ သတင်းစာပညာ အမျိုးအစား ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယေဘုယျ သတင်းထူး/သတင်းဦးတွေက ‘ဘယ်သူ၊ ဘာ၊ ဘယ်ချိန်၊ ဘယ်မှာ’ (Who, What, When, Where) ဆိုတာကို အဓိကထား တင်ဆက်လေ့ရှိပြီး၊ ဖွင့်ဆိုရှင်းပြသတင်းစာပညာကတော့ စာဖတ်သူကို ‘ဘယ်လိုနဲ့ ဘာကြောင့်’ (How and Why) ဖြစ်ရတာလဲဆိုတာကို ပိုမိုသိရှိနားလည်အောင် လုပ်ဆောင်ပေးတာပါ။

သတင်းတပုဒ်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေနဲ့ ဆက်စပ်အကြောင်းအရာတွေကို တူးဖော်ပြီး ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို စာဖတ်သူက အမှန်တကယ် နားလည်သဘောပေါက်သွားအောင် ရေးသားပေးခြင်း ဖြစ်ပါတယ်။

နမူနာ ကြည့်ကြရအောင်ပါ။

သတင်းထူး/သတင်းဦးအနေနဲ့ “ဆန်စျေး ၁၀ ရာခိုင်နှုန်း ကနေ့တက်သွားတယ်” ဆိုတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရရင် သတင်းထဲမှာ ဆန်စျေးဟာ ဘယ်နေ့က၊ ဘာကြောင့်၊ ဘယ်လောက် တက်သွားတယ် ဆိုတာလောက်ပဲ ယေဘုယျ ဖော်ပြတာများပါတယ်။

ဖွင့်ဆိုရှင်းပြသတင်းစာပညာမှာတော့ ယေဘုယျအချက်တွေတင်မကဘဲ “ဆန်စျေး ဘာကြောင့်တက်တာလဲ”၊ “ဒါက သင့်မိသားစု စားစရိတ်ကို ဘယ်လိုသက်ရောက်မလဲ”၊ “သက်ရောက်မှုက ဘယ်လောက်ထိ ရှိနိုင်လဲ”၊ “စျေးတက်ရတဲ့ အဆက်အစပ်တွေက ဘာတွေလဲ” စသဖြင့် အသေးစိတ် ရှင်းပြတာမျိုး ဖြစ်ပါတယ်။

ဖွင့်ဆိုရှင်းပြသတင်းတစ်ပုဒ် (Explainer) ကို ကောင်းမွန်စွာ ရေးသားနိုင်ဖို့အတွက် သာမန်သတင်းထူး/သတင်းဦးနဲ့ ဖွင့်ဆိုရှင်းပြချက်ဆောင်းပါးတို့ရဲ့ ကွာခြားချက်ကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။

အဲ့ဒီ နှစ်ခုရဲ့ ကွာခြားချက်တွေကို ပူးတွဲပါဇယားနဲ့ ဖော်ပြပါတယ်။

▪︎အချိန်ကာလ (Timing)

ဖြစ်ပွားပြီးပြီးချင်း ချက်ချင်း တင်ဆက်ပါတယ်။( News Report- The “What”) /အဖြစ်အပျက် ဖြစ်ပွားပြီးတဲ့နောက် လူတွေကမေးခွန်းထုတ်လာချိန်မှာတင်ဆက်ပါတယ်။

(Explainer -The “Why”)

▪︎အာရုံစိုက်မှု(Focus)

အဖြစ်အပျက်တွေရဲ့အချက်အလက်၊ နာမည်၊ အချိန်နဲ့ နေရာတွေကို ဦးစားပေးပါတယ်။( News Report- The “What”)

စနစ်တွေ၊ ဖြစ်ရတဲ့အကြောင်းရင်း၊ဆက်စပ်အကြောင်းအရာနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုဦးစားပေးပါတယ်။(Explainer -The “Why”)

▪︎လေသံ/အရေးအသား (Tone)

အရေးတကြီးဖြစ်ခြင်းနဲ့ စနစ်တကျရှိခြင်း (Formal) ကို အသားပေးတဲ့ အရေးအသား မျိုးပါ။( News Report- The “What”)

အကူအညီပေးလို၊ ပညာပေးလိုတဲ့ လေသံမျိုး ဖြစ်ပါတယ်။(Explainer -The “Why”)

▪︎ဖွဲ့စည်းပုံ (Structure)

လတ်တလောအဖြစ်ဆုံး၊ အရေးကြီးဆုံး အချက်အလက်ကို ထိပ်ဆုံးမှာ ထားပါတယ်။( News Report- The “What”)

အသိချင်ဆုံးမေးခွန်းရဲ့ အဖြေကို ထိပ်ဆုံးမှာ ထားပါတယ်။(Explainer -The “Why”)

လက်ရှိမှာ နိုင်ငံတကာသတင်းဌာနတွေက ဖွင့်ဆိုရှင်းပြသတင်းစာပညာကို ကဏ္ဍ (Content) တစ်ခုအနေနဲ့ အလေးထား ထည့်သွင်းတင်ဆက်နေကြပါပြီ။ အဲ့ဒီအထဲမှာမှ Planet Money, The New York Times (The Upshot), Vox, The Guardian နဲ့ BBC တို့ဟာ လူကြိုက်အများဆုံး သတင်းဌာနတွေ ဖြစ်ကြပါတယ်။

(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစား​လေ့လာလိုသူ​တွေအတွက် ရည်ရွယ်ပြီး လူထု​​နွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ်​ စ​​နေ​နေ့တိုင်းဖော်ပြ​ပေးသွားမှာဖြစ်ပါတယ်။ ။အယ်ဒီတာ)

ဆက်စပ်သတင်းများ