Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ် (The Explainer’s Journalism Handbook)

အခန်း (၅) – ဖွင့်ဆိုရှင်းပြဆောင်းပါးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ

▪︎အခန်း (၅) – ဖွင့်ဆိုရှင်းပြဆောင်းပါးတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ

ကျွန်တော်တို့ သတင်းရေးတဲ့အခါ အရေးကြီးဆုံးအချက်ကို ထိပ်ဆုံးမှာထားပြီး ရေးလေ့ရှိတဲ့ “ ပိရမစ်ပြောင်းပြန်( Inverted Pyramid)” ပုံစံကို အသုံးများကြပါတယ်။ ဒါပေမဲ့ ဖွင့်ဆိုရှင်းပြဆောင်းပါး (Explainer) ရေးတော့မယ်ဆိုရင်တော့ အဲဒီပုံစံအတိုင်း မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဆောင်းပါးမျိုးရဲ့ ရည်ရွယ်ချက်က သတင်းပေးရုံတင်မဟုတ်ဘဲ စာဖတ်သူကို အကြောင်းအရာတခုရဲ့ အစကနေ အဆုံးထိ နားလည်သွားအောင် လက်တွဲခေါ်သွားဖို့ ဖြစ်လို့ပါပဲ။

အရင်ဆုံး ခေါင်းစဉ်ကနေ စပြီး ဆွေးနွေးပါ့မယ်။

ဖွင့်ဆိုရှင်းပြဆောင်းပါးရဲ့ ခေါင်းစဉ်တွေဟာ ပဟေဠိ မဆန်ရပါဘူး။ ခေါင်းစဉ်ဟာ စာဖတ်သူ သိချင်နေတဲ့ မေးခွန်းကို တိုက်ရိုက်ထိမှန်နေဖို့ လိုပါတယ်။ “ ဘာဖြစ်သွားတယ်” ဆိုတာထက် “ ဒါဟာ ဘာကြောင့်ဖြစ်တာလဲ” ဒါမှမဟုတ် “ ဒါက ဘာကိုဆိုလိုတာလဲ” ဆိုတဲ့ မေးခွန်းပုံစံမျိုးကို သုံးရပါမယ်။

Public Service Announcement

Public Service Announcement

ဥပမာအနေနဲ့ “ကမ္ဘာ့ရွှေစျေး ဘာကြောင့် စံချိန်တင် တက်သွားရတာလဲ”ဆိုတဲ့ ခေါင်းစဥ်မျိုးပေါ့။

ခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ “ အေး..ဟုတ်ပြီ… ဒါ ငါသိချင်နေတဲ့အချက်ပဲ” လို့ စာဖတ်သူ ခံစားသွားရရင် ခေါင်းစဉ်ပေးတာ အောင်မြင်ပါပြီ။

ဆောင်းပါးကို အစပျိုးတဲ့နေရာမှာလည်း သတင်းအကျဉ်းချုပ်လေး ပြောပြရင်းနဲ့မှ “ ဒါဟာ ဘာကြောင့် အရေးကြီးတာလဲ” ဆိုတာကိုပါ တွဲပြပေးရပါ့မယ်။

စာဖတ်သူ နားမလည်ဘဲ ဇဝေဇဝါဖြစ်နေတဲ့ အချက်ကို ထောက်ပြပြီးတော့ “ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ ခင်ဗျား ဒါကို ရှင်းရှင်းလင်းလင်း သိသွားပါလိမ့်မယ်” ဆိုတဲ့ ကတိပေးချက်မျိုးနဲ့ ဆွဲဆောင်ရမှာပါ။ ပထမဆုံး စာပိုဒ်မှာတင် စာဖတ်သူကို ဖမ်းစားရပါမယ်။ ဒါမှလည်း စာဖတ်သူက ဆောင်းပါးကို ဆုံးအောင် ဆက်ဖတ်မှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဆက်စပ်အကြောင်းအရာ (Context) တွေကို စပြီးရှင်းပြရပါ့မယ်။ ဒီနေရာမှာ တခုသတိထားရမှာက အချက်အလက်တွေကို အတုံးလိုက် အတစ်လိုက်ကြီး ချမပြဖို့ပါပဲ။ ပြဿနာရဲ့ အရင်းအမြစ်က ဘယ်ကစခဲ့တာလဲ၊ အရင်က ဘာတွေဖြစ်ခဲ့ဖူးသလဲ ဆိုတာတွေကို တဆင့်ချင်းစီ ခွဲပြီး ရှင်းပြပေးရပါမယ်။

သတိထားစေချင်တာကတော့ ဖွင့်ဆိုရှင်းပြဆောင်းပါးတွေမှာ ခက်ခဲတဲ့ စီးပွားရေးစကားလုံးတွေ၊ ဥပဒေစကားလုံးတွေ စတဲ့ ပညာရပ်ဆိုင်ရာ သီးသန့် အသုံးအနှုံးတွေကို တတ်နိုင်သမျှ မသုံးပါနဲ့။ သာမန်လူတယောက်က ဘေးနားထိုင်ပြီး ပြောပြနေသလိုမျိုး အရိုးရှင်းဆုံး စကားလုံးတွေနဲ့ ရေးဖို့ လိုပါတယ်။

နောက်ဆုံး အဆုံးသတ်အပိုဒ်ကို ရေးအခါမှာလည်း အနှစ်ချုပ်ရေးပေးရုံတင် မဟုတ်ပဲ ဒီဖြစ်ရပ်က စာဖတ်သူရဲ့ နေ့စဉ်ဘဝအပေါ် ဘယ်လိုသက်ရောက်မလဲ ဆိုတာကို ပြောပြပေးပါ။ ဒီသတင်းက ခင်ဗျားတို့အတွက် ဘာကို ဆိုလိုတာလဲ ဆိုတဲ့ အဖြေကိုလည်း( ရှိခဲ့ရင်) ပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နောင်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတဲ့ အလားအလာတွေကိုပါ ထည့်ပြောပေးလိုက်မယ်ဆိုရင် စာဖတ်သူအတွက် တကယ်ကို တန်ဖိုးရှိတဲ့ ဖွင့်ဆိုရှင်းပြဆောင်းပါးတပုဒ် ဖြစ်သွားပါပြီ။

(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစား​လေ့လာလိုသူ​တွေအတွက် ရည်ရွယ်ပြီး လူထု​​နွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ်​ စ​​နေ​နေ့တိုင်းဖော်ပြ​ပေး​နေတာဖြစ်ပါတယ်။ ။အယ်ဒီတာ )

ဆက်စပ်သတင်းများ