●အခန်း (၄) — ဖွင့်ဆိုရှင်းပြဆောင်းပါးအတွက် စိတ်ကူးတွေထုတ်ခြင်း
သတင်းထူး (Breaking News)၊ သတင်းဆောင်းပါး (News Feature)၊ အမြင်ဆောင်းပါး (Op-ed)၊ ဖွင့်ဆိုရှင်းပြ (Explainer) စသဖြင့် ဘာပဲရေးရေး အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အချက်ကတော့ “ဘာအကြောင်းအရာကို ရေးမလဲ” ဆိုတဲ့ ဇာတ်လမ်းစိတ်ကူး (Story Idea) ရှိဖို့ပါပဲ။ စိတ်ကူးမရှိရင် ဘာမှလုပ်လို့မရပါဘူး။ သတင်းထောက်တယောက်အတွက် အခက်ခဲဆုံးအလုပ်ဟာ ရေးစရာအကြောင်းအရာ ရှာဖွေခြင်း ဖြစ်ပါတယ်။
ဖွင့်ဆိုရှင်းပြဆောင်းပါးတပုဒ်ဟာ သတင်းဦး (Breaking News) လိုမျိုး ဖြစ်ပျက်သမျှကို အမြန်လိုက်ရေးနေစရာ မလိုပါဘူး။ ဒါပေမဲ့ အောက်ပါနည်းလမ်းတွေနဲ့ စိတ်ကူးကောင်းတွေ ထုတ်နိုင်ပါတယ်။
▪︎”ဘာကြောင့်လဲ” ဆိုတဲ့ ကွက်လပ်ကို ရှာဖွေခြင်း

Public Service Announcement
သတင်းဌာနအများစုဟာ “ဘာဖြစ်သွားတယ်” ဆိုတဲ့ ဖြစ်စဉ်ကိုပဲ အလေးပေး တင်ပြလေ့ရှိကြပြီး “ဘာကြောင့် ဖြစ်သွားတာလဲ” ဆိုတာကိုတော့ လုံလောက်အောင်မရှင်းပြနိုင်ကြတာများပါတယ်။ ဒါကြောင့် သတင်းဖတ်ပြီးရင် စာဖတ်သူတွေမှာ ဇဝေဇဝါ ဖြစ်နေတာ၊ နားမလည်တာတွေ ကျန်နေတတ်ပါတယ်။
စိတ်ကူးရရှိနိုင်မယ့် နည်းလမ်းတချို့ကို အကြံပေးချင်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က သတင်းတွေအောက်မှာ လူတွေ ဘာတွေငြင်းခုံနေကြသလဲ၊ဘာကိုနားမလည်လို့ မေးနေကြသလဲဆိုတာ ရှာဖွေပါ။ Google ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ လူတွေ ရှာဖွေတာများနေတဲ့ စကားလုံးတွေကို လိုက်ကြည့်ပါ။ ရှာဖွေမှုများတယ်ဆိုတာ သိချင်စိတ်များနေတာပါပဲ။
ဥပမာအနေနဲ့ “ဟောမုဒ်ရေလဒ်ကြားဟာ ဘယ်လောက်အရေးပါလဲ၊ ပထဝီနိုင်ငံရေးမှာ Choke Point ဆိုတာ ဘာလဲ၊ Greenland ဆိုတာ ဘာကြီးလဲ၊ Greenland ကို သမ္မတ ထရန့်က ဘာကြောင့် အသည်းအသန် ဝယ်ချင်နေတာလဲ” လို့ လူတွေ အမေးများနေရင် အဲဒါဟာ ဖွင့်ဆိုရှင်းပြဆောင်းပါး ရေးဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။
▪︎ခက်ခဲတဲ့အရာတွေကို ရိုးရှင်းအောင် ပြောင်းလဲခြင်း
အစိုးရထုတ်ပြန်ချက်တွေ၊ ဥပဒေကြမ်းတွေ၊ နိုင်ငံရေး ၊စီးပွားရေးအစီရင်ခံစာတွေ၊ သုတေသနစာတမ်းတွေနဲ့ လူထုစစ်တမ်းတွေဟာ သာမန်လူတွေအတွက် ဖတ်ရခက်ခဲပါတယ်။ အဲဒါတွေကို လူတွေနားလည်အောင်ရိုးရှင်းတဲ့ဘာသာစကားနဲ့ ပြန်လည်ရှင်းပြခြင်းမျိုးဟာလည်းစိတ်ကူးကောင်းတွေပါပဲ။
ဥပဒေအသစ်တခု ပြဋ္ဌာန်းလိုက်ရင် အဲဒါက လူထုအပေါ် ဘယ်လိုသက်ရောက်မလဲ။ ဘာတွေ ကောင်းကျိုး/ဆိုးကျိုး ရှိမလဲ (ဥပဒေနဲ့ မူဝါဒတွေ) ၊ Star link အင်တာနက်က တခြားအင်တာနက်တွေနဲ့ ဘာကွာလဲ၊ ဘယ်လောက်မြန်လဲ၊ ဘယ်လိုနေရာမျိုးမှာ သုံးလို့ရလဲ (နည်းပညာတွေ)၊ (ပြည်ထောင်စုလွှတ်တော်က ဘယ်လိုအလုပ်လုပ်သလဲ၊ပုဂ္ဂလိကဘဏ်တွေက အတိုးနှုန်းကို ဘယ်လိုသတ်မှတ်သလဲ (လုပ်ငန်းခွင်စနစ်တွေ)စတာမျိုးတွေဟာ ဖွင့်ဆိုရှင်းပြဖို့ ကောင်းတဲ့ စိတ်ကူးတွေပါ။
ရုရှား-ယူကရိန်းစစ်ပွဲ ဘာကြောင့် စတင်ခဲ့တာလဲ၊ ဂါဇာကမ်းမြောင်ဒေသမှာ ဘာလို့ အခုထိ မငြိမ်းချမ်းနိုင်တာလဲ စတဲ့ နောက်ခံသမိုင်းကြောင်းတွေကို စာဖတ်သူတွေကို ရှင်းပြပေးတာမျိုးလည်း လုပ်လို့ရပါတယ်။
▪︎နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေကို ရှာဖွေခြင်းဖြစ်ရပ်တခုခုကလူတွေရဲ့နေ့စဉ်ဘဝအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာကို တွေးကြည့်ပါ။ ပြီးရင် ရှင်းပြဖို့ ကြိုးစားကြည့်စမ်းပါ။
“လျှပ်စစ်မီတာခ ဈေးတက်ခြင်းက သင့်အိမ်စရိတ်အပေါ် ဘယ်လိုသက်ရောက်မလဲ”
“ကမ္ဘာ့ရွှေဈေး တက်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း (၃) ချက်” စသဖြင့် အချက်အလက်အခြေပြု ဖွင့်ဆိုရှင်းပြတွေ ရေးသားနိုင်ပါတယ်။ အကြောင်းအရင်းက ၅ ချက်လည်း ဖြစ်နိုင်သလို ၇ ချက်လည်း ဖြစ်နိုင်ပါတယ်။ လှေနံဓားထစ်တော့ မမှတ်ပါနဲ့။
ဖွင့်ဆိုရှင်းပြဆောင်းပါးတွေအတွက် စိတ်ကူးကောင်းတွေ အမြဲရနေဖို့ နိုင်ငံတကာသတင်းတွေရော ပြည်တွင်းသတင်းတွေပါနာနာဖတ်ပါ၊ လူတွေနဲ့ စကားပြောပါ၊ Google နဲ့ ဆိုရှယ်မီဒီယာတွေရဲ့ Trend တွေကို မျက်ခြေမပြတ် လေ့လာပါ။
သတင်းဌာန တခုက ကနေ့တက်လာတဲ့ သတင်းထူး/သတင်းဦး (Breaking News) တခုကို ကြည့်ပြီး၊ အဲဒီသတင်းမှာစာဖတ်သူသိချင်နေမယ့် ဘာကြောင့်လဲ (Why Gap) တခုကို ရှာဖွေကြည့်တဲ့ လေ့ကျင့်ခန်း လုပ်ကြည့် စေချင်ပါတယ်။
(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစားလေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး လူထုနွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ် စနေနေ့တိုင်းဖော်ပြပေးနေတာဖြစ်ပါတယ်။ ။အယ်ဒီတာ)


















































