-ခါကာဘို ရေးသားသည်။
အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။
ဒါပေမယ့် နိုင်ငံတကာ နိုင်ငံရေးလောကမှာတော့ တချို့သော စစ်ပွဲတွေဟာ စစ်မြေပြင်မှာ မပြီးဆုံးဘဲဘဏ်စာရင်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ လျှို့ဝှက်ဆွေးနွေးပွဲတွေထဲမှာ အဆုံးသတ်သွားတတ်ပါတယ်။
Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ UAE ဟာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ ဒေါ်လာဘီလီယံများစွာ ပေးချေခဲ့တယ်ဆိုတဲ့ သတင်းဟာအရှေ့အလယ်ပိုင်းနိုင်ငံရေးလောကကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် မေးခွန်းကြီးတစ်ခု ပေါ်လာပါတယ်။

Public Service Announcement
“စစ်ပွဲမှာ ဘယ်သူနိုင်ခဲ့တာလဲ”UAEဟာအီရန်အပေါ် အတင်းကျပ်ဆုံး သဘောထားကို ကိုင်စွဲခဲ့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးဘက်ကရပ်တည်ခဲ့ပြီး အီရန်ကို ဖိအားပေးတဲ့ မူဝါဒတွေကို ထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် စစ်ပွဲကြီးတကယ်ဖြစ်လာတဲ့အခါ အခြေအနေကပြောင်းလဲသွားပါတယ်။ ဒုံးကျည်တစ်စင်း UAE မြို့ကြီးတွေပေါ် ကျရောက်လာမယ်ဆိုရင် ဆုံးရှုံးရမယ့်အရာတွေဟာ စစ်ရေးအခြေစိုက်စခန်းတွေ မဟုတ်ပါဘူး။ဒူဘိုင်းက မိုးမျှော်တိုက်တွေ၊ နိုင်ငံတကာ ဘဏ္ဍာရေးစင်တာတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဒေါ်လာထရီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။
အဲဒီအတွက် UAE က စစ်အနိုင်ထက် တည်ငြိမ်မှုကို ပိုရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒီသတင်းထဲက စိတ်ဝင်စားစရာ အချက်တစ်ခုကတော့ အီရန်ကို “ရှုံးနိမ့်သွားတဲ့ နိုင်ငံ” အဖြစ် မမြင်တော့ဘဲ “ညှိနှိုင်းပိုင်ခွင့် ရှိနေသေးတဲ့ နိုင်ငံ” အဖြစ် မြင်လာရတာပါပဲ။
အီရန်ဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ စစ်ရေးဖိအားတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပေမယ့် ဒေသတွင်းမှာ သူ့ရဲ့ သြဇာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အခုဆိုရင်UAE လို ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံကတောင် တိုက်ခိုက်မှုမခံရအောင်ဆွေးနွေးညှိနှိုင်းရတဲ့ အနေအထားကို ရောက်လာတယ်လို့ အကဲခတ်သူတွေက မြင်ကြပါတယ်။နိုင်ငံတကာ သမိုင်းကို ပြန်ကြည့်ရင် စစ်ပွဲတွေကို ငွေနဲ့ အဆုံးသတ်ခဲ့တဲ့ ဖြစ်ရပ်တွေ မနည်းပါဘူး။
တစ်ခါတလေ အောင်နိုင်သူဟာ စစ်တပ်အင်အား အများဆုံးသူ မဟုတ်ဘဲ စီးပွားရေးအရ အကြီးမားဆုံး ဆုံးရှုံးမှုကို ရှောင်နိုင်သူ ဖြစ်နေတတ်ပါတယ်။
UAE အတွက်တော့ ဒေါ်လာဘီလီယံ အနည်းငယ် ဆုံးရှုံးရတာဟာဒုံးကျည်တစ်စင်းကြောင့်ဖြစ်လာနိုင်တဲ့ ဘီလီယံပေါင်းများစွာသော ပျက်စီးဆုံးရှုံးမှုထက် ပိုတန်ဖိုးရှိတယ်လို့ တွက်ချက်ခဲ့ပုံရပါတယ်။
ဒီသတင်းက နိုင်ငံတကာ နိုင်ငံရေးမှာ မိတ်ဆွေနဲ့ ရန်သူဆိုတာ အမြဲတမ်း မတည်မြဲဘူးဆိုတာကို ထပ်မံပြသလိုက်ပါတယ်။မနေ့ က အပြင်းအထန် ဝေဖန်ခဲ့တဲ့ နိုင်ငံတွေဟာ ဒီနေ့မှာ လျှို့ဝှက်ဆွေးနွေးပွဲ စားပွဲဝိုင်းတစ်ဝိုင်းမှာ အတူထိုင်နေနိုင်ပါတယ်။
နောက်ဆုံးမှာတော့နိုင်ငံတွေဆုံးဖြတ်တာဟာ အယူဝါဒထက်အကျိုးစီးပွား၊မာနထက် လုံခြုံရေး၊ စစ်အောင်ပွဲထက် စီးပွားရေး တည်ငြိမ်မှုကိုပိုအခြေခံလာကြတာကိုတွေ့ရပါတယ်။
ဒါကြောင့် ဒီသတင်းရဲ့ အဓိကမေးခွန်းက “UAE က အီရန်ကို ငွေပေးခဲ့သလား” ဆိုတာထက် ပိုနက်နဲပါတယ်။ တကယ့်မေးခွန်းကတော့ “ယနေ့ကမ္ဘာမှာ ဒုံးကျည်တွေထက် ငွေက ပိုအစွမ်းထက်လာပြီလား”ဆိုတာပါပဲ။
ကိုးကား- Middle East Eye(base on Reuters)
(Reuters နှင့် Middle East Eye တို့၏ ဖော်ပြချက်များကို အခြေခံ၍ ရေးသားထားသော သုံးသပ်ဆောင်းပါးဖြစ်ပါတယ်)


















































