အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်ဆီ အီရန်က ပေးပို့ထားတဲ့ ညှိနှိုင်းကမ်းလှမ်းမှု တစ်ခုကို တရားဝင် တုံ့ပြန်မှု မရသေးတဲ့နောက် စက်တင်ဘာ ၂၉ ရက်နေ့မှာ အီရန်က အခုလို တင်းမာတဲ့ သဘောထားမျိုး ပြသလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက အီရန်အနေနဲ့ ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အီရန်ဖက်က တောင်းဆိုမှု တချို့ကို အမေရိကန်က လိုက်လျော လက်ခံမယ်ဆိုရင် တစ်ပတ်အတွင်း အဲဒီရေလမ်းကြောင်း ပြန်ပွင့်လာမယ်လို့ အာရက်ချီက ဆိုပါတယ်။
အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ရဲ့ ကမ်းလှမ်းချက်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ တုံ့ပြန်ခဲ့ပေမယ့် အမေရိကန် အစိုးရဆီက တရားဝင် အကြောင်းပြန်ချက်ကိုတော့ အီရန်ဆီ မပေးပို့သေးပါဘူး။

Public Service Announcement
စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ အီရန်ဖက်က ညှိနှိုင်းရေး ကိစ္စတွေကို အဓိက ဦးဆောင် တာဝန်ယူနေသူ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က နိုင်ငံရဲ့ လုံခြုံရေးအတွက် အာမခံချက် မရှိဘူးဆိုရင် ဒေသတွင်းက ဘယ်အခြေခံ အဆောက်အအုံမှလည်း ဘေးကင်းနေမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်က ရေနံရောင်းမရတဲ့ ဒေသမှာ တခြားဘယ်သူမှလည်း ရေနံရောင်းခွင့် ရမှာ မဟုတ်ကြောင်း၊ နိုင်ငံရဲ့ လုံခြုံရေးအတွက် အာမခံချက် မရှိရင် ဘယ်အခြေခံ အဆောက်အအုံတွေမှလည်း လုံခြုံမှာ မဟုတ်ကြောင်း ဂါလီဘက်ဖ်က ပြောဆိုထားတဲ့ ဗီဒီယို တစ်ခုကို အီရန် အစိုးရ မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်နဲ့ စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းကစလို့ နိုင်ငံတောင်ပိုင်းက မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို အချိန်အများစု ပိတ်ဆို့ထားခဲ့ပါတယ်။
လောလောဆယ်တော့ အီရန်နဲ့ အမေရိကန်ကြားမှာ ကာတာလို နိုင်ငံတွေက ကြားဝင်ညှိနှိုင်းပေးပြီး အပြန်အလှန် လိုလား တောင်းဆိုချက်တွေကို တစ်ဆင့်ခံ တာဝန်ယူ ပေးပို့ပေးနေပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မာဂျက်အယ်လ် အန်ဆာရီက နယူးယောက်မှာ အီရန်ကိုယ်စားလှယ်အဖွဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ခဲ့တဲ့ ကာလအပါအဝင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အီရန်နဲ့ အမေရိကန်ကြား သတင်းစကား အပြန်အလှန် ပေးပို့မှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတချို့ ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အီရန်က ဟောမုဇ်ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားပေမယ့် အမေရိကန်ကလည်း အဲဒီရေပြင်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီး ရေနံတွေ စတင် ဖြတ်သန်း သယ်ယူမှုတွေ ရှိနေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကတော့ ဟောမုဇ်နဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ပြောဆိုချက်တွေ တစ်ခုမှ မမှန်ဘူးလို့ စွပ်စွဲထားပါတယ်။
ကိုးကား: AFP


















































