Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

တရုတ်တို့၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အိပ်မက်နှင့် BCMEC

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေ့စဥ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ The Daily Star မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ၊ ဇွန်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ခ်ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံခဲ့စဉ်မှာတရုတ်ဘက်ကဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(Bangladesh-China-Myanmar Economic Corridor – BCMEC) ကို အဆိုပြုခဲ့ပါတယ်။

– ဥဂ္ဂါ ရေးသားသည်။

“ဒါ မြန်မာနိုင်ငံပါ၊ သင်သိထားတဲ့ ဘယ်နိုင်ငံနဲ့မှ မတူပါဘူး”

ဒီလို ဗြိတိသျှစာရေးဆရာ ရုဒ်ယတ်ကိပလင်း (Rudyard Kipling) က ရာစုနှစ် တစ်ခုကျော်က ရေးသားခဲ့ဖူးပါတယ်။ အခု ၂၀၂၆ ခုနှစ်မှာတော့ အဲဒီစကားဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အခြေအနေကို ပြန်ပြီး ရည်ညွှန်းသလို တကယ် ဖြစ်လာခဲ့ပါပြီ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေ့စဥ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ The Daily Star မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ၊ ဇွန်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ခ်ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံခဲ့စဉ်မှာတရုတ်ဘက်ကဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(Bangladesh-China-Myanmar Economic Corridor – BCMEC) ကို အဆိုပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီစီမံကိန်းဟာ တရုတ်ရဲ့ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း (BRI) ရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာဖြစ်ပြီး ပင်လယ်ထွက်ပေါက်မရှိတဲ့တရုတ်နိုင်ငံ အနောက်တောင်ဘက်ဒေသများကို မြန်မာနိုင်ငံမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ ချိတ်ဆက်ပေးမယ့်အရေးကြီးတဲ့ စီမံကိန်းတစ်ခု ဖြစ်လာ နိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒီစီမံကိန်းဟာမူလကအကောင်အထည်မဖော်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ (Bangladesh-China-India-Myanmar Economic Corridor – BCIMEC) ကို အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယကို ဖယ်ထုတ်လိုက်တာကြောင့်တရုတ်နဲ့ အိန္ဒိယကြား မဟာဗျူဟာ ပြိုင်ဆိုင်မှုတစ်ခု လျော့သွားနိုင်ပေမယ့်၊ဘင်္ဂလားဒေ့ရှ်ရဲ့ အရှေ့တောင်ဘက်နဲ့ တရုတ်နိုင်ငံရဲ့ တောင်ဘက်ကြားမှာ တည်ရှိတဲ့ ‘Shatterbelt’ (ပဋိပက္ခနှင့် အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသော ပထဝီနိုင်ငံရေးဒေသ) ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကြောင့် စီမံကိန်း အကောင်အထည် ဖော်ရန် လွန်စွာ ခက်ခဲမယ်လို့ဆောင်းပါးက ဆိုပါတယ်။

ဒီစင်္ကြံဟာ စီးပွားရေးအရ အရေးပါမှုများစွာ ရှိနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေကြပေမယ့်၊ တကယ်တမ်း လက်တွေ့အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာကတော့မေးခွန်းထုတ်စရာ အခြေအနေတစ်ရပ် အဖြစ် ရှိနေဆဲပါ။

ဆောင်းပါက “Shatterbelt” ဆိုတဲ့ ဝေါဟာရဟာရကိုလည်း အရင်ဆုံး နားလည်ဖို့ ဒီလိုရှင်းပြထားပါတယ်။ ဒီစကားလုံးကို ၁၉၄၁ ခုနှစ်မှာအမေရိကန်ပထဝီဝင်ပညာရှင်ရစ်ချတ် ဟတ်ရှုန်း (Richard Hartshorne) က ပထမဆုံး အသုံးပြုခဲ့ပြီး၊ ၁၉၆၁ ခုနှစ်မှာတော့ ဗြိတိသျှ ပထဝီနိုင်ငံရေးပညာရှင် ဝီလီယမ် ဂိုဒွန် အီးစ်တို (William Gordon East) က ပထဝီနိုင်ငံရေးဆိုင်ရာ သဘောတရား တစ်ခုအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။

အီးစ်တိုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Shatterbelt ဆိုတာဟာ လူမျိုး၊ ဘာသာစကား၊ ဘာသာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ ကွဲပြားမှုတွေ နက်ရှိုင်းစွာ ရှိနေပြီး၊ အင်အားကြီး နိုင်ငံများရဲ့အကြားဒေသ၊ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်နေတဲ့ အရေးပါသော ဒေသတွေကိုဆိုလိုတာဖြစ်ပါတယ်။

အီးစ်တိုကတော့ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဥရောပဒေသကိုပထမဆုံး Shatterbelt ဒေသတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီဒေသဟာ လူမျိုးစုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခတွေ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီး၊ ဂျာမန်နိုင်ငံများ၊ ရုရှား၊ ပြင်သစ်၊ ဩတိုမန်အင်ပါယာနဲ့ နောက်ပိုင်း အင်ဂလို-ဆက်ဆွန် အင်အားကြီး နိုင်ငံများအကြား ရာစုနှစ်ပေါင်းများစွာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ခဲ့လို့ပါ။

နောက်ပိုင်းမှာလည်း ဗာလကန်ဒေသ၊ ကော့ကေးဆပ်ဒေသ၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှရှိ အာဖဂနိစတန်နဲ့ ပတ်ဝန်းကျင်ဒေသတွေ၊ အာဖရိက ဦးချိုဒေသ တွေကိုလည်း အလားတူ လက္ခဏာတွေ ရှိနေတဲ့အတွက် Shatterbelt ဒေသတွေအဖြစ် သတ်မှတ် ခဲ့ကြပါတယ်။

ယေဘုယျအားဖြင့် Shatterbelt ဒေသတွေမှာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်နိုင်မှု အားနည်းခြင်း၊ ပြည်တွင်းပဋိပက္ခများ၊လူမျိုးစုနဲ့ လူထုအသိုင်းအဝိုင်းများအကြားတင်းမာမှုများ မကြာခဏ ဖြစ်ပေါ်ခြင်းနဲ့ ပြင်ပ အင်အားကြီးနိုင်ငံများ ဝင်ရောက် သက်ရောက်နိုင်ခြေ မြင့်မားခြင်းတို့ကို တွေ့ရလေ့ ရှိပါတယ်။

ဒီလို မတည်ငြိမ်မှုတွေကြောင့် အဲဒီဒေသရှိ နိုင်ငံတွေဟာ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးထက် စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ပိုမိုအာရုံစိုက်လာရတတ်ပါတယ်။ဒါကြောင့်လည်း Shatterbelt လို့သတ်မှတ်ခံရတဲ့ ဒေသတွေမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရာမှာ အန္တရာယ်နဲ့ မသေချာမှုတွေ ပိုမို များပြားလေ့ရှိပါတယ်။

ဒီအခြေအနေကို တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (China-Pakistan Economic Corridor – CPEC) က အထင်ရှားဆုံး ဥပမာတစ်ခုအဖြစ် ပြသ နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိတဲ့ ဒီကြီးမားတဲ့ စီမံကိန်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း အများစုဟာ ပါကစ္စတန်နိုင်ငံရဲ့ ဗာလိုချီစတန် (Baluchistan) ပြည်နယ်ကို ဖြတ်သန်းနေပါတယ်။

ဒါပေမယ့် ဗာလိုချီစတန်ဟာ ဗာလိုချ် အမျိုးသားရေးဝါဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ ရေရှည်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်သလို၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ အီရန်တို့လို အင်အားကြီးနဲ့ ဒေသတွင်း နိုင်ငံတွေကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေ ရှိနေတဲ့ Shatterbelt ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့်CPECစီမံကိန်းရဲ့အခြေခံအဆောက်အအုံ တွေဟာ လုံခြုံရေးအန္တရာယ်တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ဗာလိုချ် လက်နက်ကိုင်အဖွဲ့တွေက CPEC နဲ့ ဆက်နွယ်တဲ့ အခြေခံ အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို၊ တရုတ်နိုင်ငံသား အချို့လည်း တိုက်ခိုက်မှု တွေမှာ သေဆုံးခဲ့ ရပါတယ်။ ဒီဖြစ်ရပ်တွေက ဒေသတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် စိုးရိမ်မှု တွေကို မြင့်တက်စေခဲ့ပါတယ်။

The Daily Star ကလည်း CPEC အတွေ့အကြုံကို အခြေခံပြီး Shatterbelt ဒေသတွေကို ဖြတ်သန်းမယ့် ချိတ်ဆက်ရေး စီမံကိန်းများမှာ စီးပွားရေး အလားအလာအပြင် မြေပြင်လုံခြုံရေးနဲ့ နိုင်ငံရေး အခြေအနေ တွေကို ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

ပထဝီနိုင်ငံရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်း တောင်တန်းဒေသ တို့နဲ့အတူ Shatterbelt ဒေသတစ်ခုအဖြစ် ပါဝင်နေပါတယ်။ဒီဒေသတစ်လျှောက်ဟာ၁၉၄၇-၁၉၄၈ခုနှစ် လွတ်လပ်ရေး ရရှိပြီးကတည်းက လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေကို ရေရှည် ရင်ဆိုင် လာခဲ့ရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဗမာမဟုတ်တဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ (EAOs) ဟာ လွတ်လပ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေအတွက် ၁၉၄၈ ခုနှစ်ကတည်းက ဗဟိုအစိုးရနဲ့ ပဋိပက္ခတွေ ဖြစ်ပွား လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း မြန်မာစစ်တပ်ဟာ အရပ်ဘက် နိုင်ငံရေးအင်အားစုတွေနဲ့ အာဏာအခန်းကဏ္ဍအပေါ် ပြိုင်ဆိုင်မှုတွေ ရှိလာခဲ့ပြီး နောက်ဆုံးမှာတော့ ရှည်လျားတဲ့ ပြည်တွင်းပဋိပက္ခတွေဆီ ဦးတည် သွားခဲ့ပါတယ်လို့ ဆောင်းပါးက ဆိုပါတယ်။

အလားတူပဲ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာရှိတဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စစ်တကောင်း တောင်တန်းဒေသမှာလည်း ရေရှည် တည်ရှိနေတဲ့ ပဋိပက္ခနဲ့ နိုင်ငံရေး တင်းမာမှုတွေ ရှိနေခဲ့ပါတယ်။

အထူးသဖြင့် BCMEC စီးပွားရေးစင်္ကြံအတွက် အဓိက ဖြတ်သန်းရမယ့် နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ Shatterbelt ဒေသတစ်ခုရဲ့ လက္ခဏာရပ်တွေ အများအပြားကို ထင်ရှားစွာတွေ့မြင်ရတဲ့အခြေအနေမှာရှိနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆိုပြီး အာဏာပြိုင် အုပ်ချုပ်​ရေးအဖွဲ့နှစ်ရပ် ရှိတယ်လိုဆိုပါတယ်။

The Daily Star က စစ်အစိုးရဟာ မြန်မာနိုင်ငံ ပိုင်နက်ရဲ့ ၂၀ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး၊ကျန် ၆၇ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကို NUG သို့မဟုတ် EAO များက ထိန်းချုပ်ထားပြီး၊ အချို့ဒေသတွေကိုတော့ဘယ်အင်အားစုကမှ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ စစ်ရေးအရ အပြိုင်အဆိုင် ဖြစ်နေဆဲ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားဟာ ၎င်းတို့ လှုပ်ရှားနေတဲ့ ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံမျိုးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို တည်ဆောက်ထားကြပြီး၊ မြေပြင်မှာ အရေးပါတဲ့ အခန်းကဏ္ဍတွေကို ဆက်လက် ပါဝင်နေကြပြီလို့ သူက သုံးသပ်ပါတယ်။

ဆောင်းပါးက ဥပမာ အဖြစ် –
• UWSA က “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း”၊
• MNDAA က “ကိုးကန့်ဒေသ”၊
• ချင်းလက်နက်ကိုင်အဖွဲ့များ (CNF, CB, CDF) တွေက ချင်းပြည်နယ်၏ ၇၀ ရာခိုင်နှုန်း၊
• အာရက္ခတပ်တော် (AA) ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အသီးသီး ထိန်းချုပ်ထားကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာအလွန်အမင်း အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရတယ်လို့ သုံးသပ်ထားပါတယ်။

အကယ်၍ ဒါကာ၊ နေပြည်တော်နဲ့ပေကျင်းတို့က BCMEC စီးပွားရေးစင်္ကြံကို အမှန်တကယ် အကောင်အထည် ဖော်ဖို့ ကြိုးပမ်းမယ်ဆိုရင်၊ ဒီစင်္ကြံဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ မြေပြင်အခြေအနေတွေကိုဖြတ်သန်းရမှာ ဖြစ်ပြီး အထူးသဖြင့် အာဏာသိမ်းစစ်တပ်က အပြည့်အဝ ထိန်းချုပ် ထားနိုင်ခြင်းမရှိတဲ့

ဒါမှမဟုတ် အစိတ်အပိုင်း တချို့မျှသာ ထိန်းချုပ်ထားနိုင်တဲ့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ် တို့ကို ဖြတ်သန်းရမယ့် အခြေအနေ ဖြစ်ပါတယ်။

ဒီထဲမှာ ရခိုင်၊ ချင်း နဲ့ ရှမ်းပြည်နယ်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)ရဲ့ ထိန်းချုပ်မှုကသာ အရေးပါနေတဲ့ ဒေသတွေဖြစ်ပြီး၊ မကွေးနဲ့ မန္တလေးတိုင်းတို့ ကတော့ စစ်အစိုးရများနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ(PDF)တို့အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပဋိပက္ခအခြေအနေ တွေကတော့လျော့ပါးသွားမယ့် အရိပ်အယောင်တွေမတွေ့ရသေးပါဘူး။ စစ်အစိုးရကလဲ တပ်မတော်ရဲ့ အာဏာအခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်း ဖို့နဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေ‌ပေမယ့်၊ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့​တွေကလည်းအလျှော့ပေးမှာ မဟုတ်ပါဘူး။

တစ်ချိန်တည်းမှာပဲ တရုတ်၊ အိန္ဒိယ၊ အမေရိကန်နဲ့ ရုရှားတို့လို အင်အားကြီးနိုင်ငံတွေကလည်း ကိုယ့်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေအတွက် မြန်မာ့အရေးမှာ နည်းလမ်းမျိုးစုံနဲ့ ပါဝင် ပတ်သက် နေကြတယ်လို့ ဆိုပါတယ်။ ဒီလို အခြေအနေတွေ အောက်မှာ မြန်မာနိုင်ငံကို ဖြတ်သန်း သွားရမယ့် စီးပွားရေးစင်္ကြံတစ်ခု အကောင်အထည် ဖော်ဖို့ဆိုတာဟာ လက်တွေ့မှာ မဖြစ်နိုင် သလောက်ပဲလို့ သုံးသပ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာကလဲ ဆက်လက် တည်ရှိနေပြီး သူတို့ရဲ့လုံခြုံပြီး ဂုဏ်သိက္ခာ ရှိတဲ့ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ရေရှည် ဖြေရှင်းချက် မရရှိသေးသရွေ့ ဒီပြဿနာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးအပေါ် သက်ရောက်နေဦးမှာ ဖြစ်သလို၊ ဒေသတွင်း ချိတ်ဆက်ရေး စီမံကိန်းတွေအတွက်လည်း အဟန့်အတား ဖြစ်စေ နိုင်တယ်လို့ ဆိုထားပါတယ်။

BCMECဟာမဟာဗျူဟာအရရော၊စီးပွားရေးအရပါ အလားအလာရှိတဲ့ စီမံကိန်းတစ်ခုပါ။ ဒါပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့ဆိုတာ အဓိကစိန်ခေါ်မှုက ပထဝီနိုင်ငံရေးပါပဲ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရှည်ကြာနေတာ၊ နယ်မြေ ထိန်းချုပ်မှုတွေ ကွဲပြားနေတာ၊ တိုင်းရင်းသား ပဋိပက္ခတွေ ဆက်ရှိနေတာ၊ အင်အားကြီး နိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှု တွေလည်း ရှိနေတာကြောင့် မြန်မာဟာ ဖြတ်သန်းဘို့ မတည်ငြိမ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတယ်။

ဒါကြောင့် ပဋိပက္ခနယ်မြေတွေကို ဖြတ်သန်းရမယ့် စီးပွားရေး စင်္ကြံတိုင်းဟာ လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု နဲ့ လုပ်ငန်း လည်ပတ်ရေး အန္တရာယ်တွေကို ရင်ဆိုင် ရနိုင်ပါတယ်။ အဲဒီအခြေအနေတွေ မပြေလည် သေးသရွေ့ BCMEC ဟာ မဟာဗျူဟာအဆင့်က မျှော်မှန်းချက်တစ်ခု အဖြစ်ပဲ ဆက်ရှိနိုင်ပြီး၊ လက်တွေ့ကျပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးစင်္ကြံအဖြစ် အကောင်အထည် ပေါ်လာဖို့တော့ ခက်ခဲနိုင်တယ်လို့ The Daily Star က သုံးသပ်ထားပါတယ်။

တရုတ်တို့ရဲ့ မြန်မာကိုဖြတ်သန်းရမယ့် အိန္ဒိယသမုဒ္ဒရာ အိပ်မက်ဟာ ရာစုနှစ်များစွာ သမိုင်းကို ဖြတ်ကျော် လာခဲ့ပေမယ့်၊ ယနေ့ထိတော့ မြေပြင်အခြေအနေ တွေရဲ့ စမ်းသပ်မှုအောက်မှာ လမ်းမှားနေဆဲ ဖြစ်ပါတယ်။

အနာဂတ်မှာ CMEC ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့်အရာဟာ မြေပုံပေါ်က မျဉ်းကြောင်းတွေမဟုတ်ဘဲ၊မြေပြင်ပေါ်က ဒီလမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေနဲ့ အဲဒီဒေသတွေကို အမှန်တကယ်ထိမ်းချုပ်ထားတဲ့ ဒေသခံ အုပ်ချုပ်သူတွေဘဲ ဖြစ်ပါတယ်။

ဒီဒေသတွေကို မထိမ်းချုပ်နိုင်တော့တဲ့ နေပြည်တော် စစ်အစိုးရ တစ်ဦးထဲကိုသာ ဆွေးနွေးနေမယ် ဆိုရင်တော့တရုတ်တို့ရဲ့ ပင်လယ်ထွက်ပေါက်ဆီဦးတည်တဲ့အိပ်မက်ဟာ စီးပွားရေးစင်္ကြံ တစ်ခုအဖြစ် အသက်ဝင်လာမယ့်အစား ရာစုနှစ်များစွာ ဆက်လက် သယ်ဆောင်ရမယ့် ပထဝီနိုင်ငံရေး အိပ်မက်တစ်ခုအဖြစ်သာ ကျန်ရှိ သွားပါလိမ့်မယ်။ ။

ကိုးကား -The Daily Star

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။