Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

ရုရှားကနျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်ပေးမယ့်အစီအစဥ် မြန်မာအိမ်နီးချင်းနိုင်ငံတွေ စိုးရိမ်သင့်

အာဏာသိမ်းစစ်ကောင်စီအတွက် နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ပေးဖို့ ရုရှားက သဘောတူခဲ့တာဟာဒေသတွင်းနိုင်ငံတွေအတွက် ထင်ထားတာထက်ပိုပြီးနက်ရှိုင်းတဲ့ခြိမ်းခြောက်မှုတွေရှိလာနိုင်တယ်လို့ The Diplomatက ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ် နဲ့ ရုရှား Rosatom တို့နျူကလီယား စီမံကိန်း ​ဆောင်ရွက်ဖို့သ​ဘောတူလက်မှ​တ်​ရေးထိုးစဥ် နဲ့စီမံကိန်းပုံစံငယ်။ ဓါတ်ပုံ-Rosatom ၊စစ်​ကောင်စီ

People’s Spring

အာဏာသိမ်းစစ်ကောင်စီအတွက် နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ပေးဖို့ ရုရှားက သဘောတူခဲ့တာဟာဒေသတွင်းနိုင်ငံတွေအတွက် ထင်ထားတာထက်ပိုပြီးနက်ရှိုင်းတဲ့ခြိမ်းခြောက်မှုတွေရှိလာနိုင်တယ်လို့ The Diplomatက ဖော်ပြခဲ့ပါတယ်။

ရုရှားဟာ နျူကလီးယား စွမ်းအင် နည်းပညာကို နိုင်ငံရဲ့ ဩဇာဖြန့်ကျက်ရေး ရည်မှန်းချက်အတွက် အသုံးချစရာမက်လုံးတစ်ခုအဖြစ်အသုံးပြုလေ့ ရှိပါတယ်။ ရုရှားရဲ့ Rosatom ကုမ္ပဏီနဲ့ စစ်ကောင်စီ အာဏာပိုင်တွေကြား မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရေး စာချုပ် ချုပ်ဆိုမှုဟာ မြန်မာ့ အိမ်နီးချင်းတွေထက် အပေါ်ယံ အဆင့်လောက်ထက်မက အများကြီး ပိုစိုးရိမ်သင့်တယ်လို့ ဆိုပါတယ်။

ရုရှားဟာ စစ်အာဏာရှင်တွေကို ပေါ်ပေါ်ထင်ထင်နဲ့ အတိအလင်း ထောက်ပံ့နေတဲ့နိုင်ငံဖြစ်ပါတယ်။ အရပ်သားပစ်မှတ်တွေကိုပါမချန်ဘဲ ရက်ရက်စက်စက် ဗုံးကြဲ တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေအတွက် စစ်ကောင်စီဟာ ရုရှားရဲ့ စစ်လက်နက်တွေနဲ့ လေယာဉ်တွေကို အသုံးပြုနေပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ နဲ့ ရုရှားကြားနျူကလီးယားနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဆိုတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်တုန်းကလည်းနျူကလီးယားနည်းပညာဖလှယ်ရေးဆိုင်ရာ ပထမဆုံး သဘောတူညီမှု တစ်ခုကို ရုရှားနဲ့ မြန်မာတို့ကြား လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

အခုနှစ်မှာတော့အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမြန်မာအတွက်နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရေး၊ ထားဝယ် အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းတစ်ခုနဲ့ ရေနံချက်စက် ဆောက်လုပ်နိုင်ရေးစတဲ့ အရေးပါတဲ့ သဘောတူညီမှုတွေ ရရှိလာခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ထဲထဲဝင်ဝင် သဘောတူညီမှုတွေ ရယူလာတာနဲ့အမျှ Rosatomဟာ အာဏာသိမ်း စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာပိုမို ထွေးလုံးယှက်နွယ် ပတ်သက်လာနေတယ်ဆိုတဲ့ သဘောပဲလို့ အကဲခတ်တွေက မှတ်ချက်ပေးထားပါတယ်။

Rosatomဟာစီးပွားရေးကိုသာဦးစားပေးပြီး နိုင်ငံရေးမှာ ဘက်မယိမ်း ရပ်တည်တဲ့ ပုံစံမျိုး ဟန်ဆောင်ပြသလေ့ ရှိပေမယ့် တကယ်တော့ ရုရှား အစိုးရရဲ့ လက်ကိုင်တုတ် သက်သက်သာ ဖြစ်ပါတယ်။ ယူကရိန်း စစ်ပွဲမှာ Rosatomရဲ့ ပတ်သက် ဆက်နွှယ်မှုတွေဟာ အပုပ်နံ့ထောင်းထောင်း ထလောက်အောင် ဆိုးယုတ်မှုတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။၂၀၂၂ ခုနှစ်၊ မတ်လကစလို့ ယူကရိန်းပိုင် ဇာပေါ့ရစ်ဇီရာနျူကလီးယားဓာတ်အားပေး စက်ရုံကို ရုရှားတပ်တွေက ထိန်းချုပ် သိမ်းပိုက်လိုက်ပါတယ်။အဲဒီနောက်စက်ရုံလည်ပတ်ရေးအတွက် Rosatomကရုရှားစစ်တပ်ကိုကူညီပေးခဲ့ပါတယ်။

ဥရောပတိုက်မှာ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကြီးထဲမှာပိတ်မိနေတဲ့ ဝန်ထမ်းတွေကို ရုရှားစစ်သားတွေက နှိပ်စက်တာ၊ ရက်စက်တဲ့နည်းတွေနဲ့စုံစမ်းစစ်ဆေးတာ၊ အတင်းအကျပ် ခိုင်းစေတာတွေမှာ Rosatomရဲ့ စနက် မကင်းခဲ့ပါဘူး။ အဲဒီဖြစ်စဉ်တွေအတွင်း အနည်းဆုံး စက်ရုံဝန်ထမ်းတစ်ဦးဟာ ညှင်းပန်းနှိပ်စက်ရင်း လက်လွန်သွားလို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

Rosatomကိုင်တွယ်နေတဲ့နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးမှာ လုံခြုံမှု စံနှုန်းပိုင်း လိုက်နာတာတွေ အားနည်းနိုင်ခြေ အထောက်အထား တချို့လည်း တွေ့ခဲ့ရပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အက်တမ်စွမ်းအင်အေဂျင်စီ (IAEA)က သတိပေးခဲ့ဖူးပါတယ်။

အစောပိုင်းမှာ ပြောခဲ့သလို Rosatomဟာ နိုင်ငံရေးအရ ကြားနေဝါဒကို လက်ကိုင်ပြုတဲ့ စွမ်းအင် ကုမ္ပဏီအဖြစ် ဟန်ဆောင်နေပေမယ့် ရုရှားအစိုးရရဲ့ မူဝါဒတွေကို တက်တက်ကြွကြွကူညီ အကောင်အထည် ဖော်ပေးနေတာ ဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေနဲ့လည်းရှုပ်ထွေး ဆက်စပ်နေပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေက နိုင်ငံတကာ အစိုးရတွေ၊ ကုန်သွယ်ရေး သမဂ္ဂတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ Rosatomနဲ့ နျူကလီးယား နည်းပညာပိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ကြဖို့ တောင်းဆိုထားကြပါတယ်။

နျူကလီးယား စွမ်းအင်ဆိုတာ ထုတ်ယူသုံးစွဲရင် အကျိုးများသလောက်တာဝန်ယူမှု၊တာဝန်ခံမှုလည်း ကြီးကြီးမားမား လိုအပ်ပါတယ်။

Rosatomဟာ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှု နာမည်ပျက်တွေ ရှိသလို စစ်ရာဇဝတ်မှုတွေကြောင့် အပုပ်သတင်းနဲ့ ကျော်ဇောတဲ့ စစ်ကောင်စီနဲ့ပါ လက်တွဲလာခြင်းဟာ အကောင်းမြင်စရာ အလားအလာတော့ မရှိပါဘူး။ နောက်ပြီး ယူကရိန်းမှာ Rosatomရဲ့ လုံခြုံရေး စည်းမျဉ်းနဲ့ ကျင့်ဝတ် လိုက်နာမှု အားနည်းချက်တွေကိုပါ ထည့်စဉ်းစားဖို့ လိုပါတယ်။

စစ်အာဏာရှင်ကနျူကလီးယားနည်းပညာနဲ့နီးစပ်လာတာဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ဒေသတွင်း လုံခြုံရေးအတွက်စိတ်အေးနိုင်စရာမရှိသလို လုံခြုံရေး ကဏ္ဍကနေချဉ်းကပ်ရင်လည်းမေးခွန်းထုတ်စရာတွေ ရှိနေတာကြောင့် Rosatomရဲ့ မြန်မာနိုင်ငံမှာ ခြေကုပ်ဝင်ယူမယ့် လမ်းကြောင်းဟာ အန္တရာယ်တွေ အများကြီး ရှိနိုင်တယ်လို့ The Diplomatကဖော်ပြသွားပါတယ်။

●The Diplomat သတင်းဌာနမှာ Oksana Pokalchuk, Sai Arkar, Aliona Kazanska တို့​ရေးသားတဲ့ “Russia’s Nuclear ‘Diplomacy’: From Seizing a Nuclear Facility in Ukraine to Backing Myanmar’s Military Junta” ​ဆောင်းပါးကို ဆီ​လျော်​အောင်ဘာသာပြန်​ဖော်ပြထားတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

Facebook