Connect with us

Hi, what are you looking for?

ဘာသာပြန်ဆောင်းပါး

ရှမ်းပြည်နယ်မှာ တန်ခိုးထွားနေတဲ့ တရုတ် ဩဇာခံ လက်နက်ကိုင်တပ်

ထိုင်းမှာ ဝနီတပ်လို့ ခေါ်လေ့ရှိတဲ့ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ရဲ့ သတ္တုတူးဖော်မှု လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ တုံ့ပြန်မှုမျိုးတွေကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။

ထိုင်းမှာ ဝနီတပ်လို့ ခေါ်လေ့ရှိတဲ့ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)ရဲ့ သတ္တုတူးဖော်မှု လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ တုံ့ပြန်မှုမျိုးတွေကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။

ဒါအပြင် UWSAနဲ့ ပတ်သက်တဲ့အငြင်းပွားစရာအခြေအနေတွေမှာပင်မရင်းမြစ်ဟာတရုတ်နိုင်ငံဖြစ်တယ်လို့လည်းအဲဒီအစုအဖွဲ့တွေကပြော​ပေမယ့် ထိုင်းအစိုးရဆီကနေ တိကျတဲ့တရားဝင်သဘောထားမှတ်ချက်တော့ ထွက်ပေါ်မလာသေးပါဘူး။

ထိုင်းနယ်စပ်မြို့မယ်ဆိုင်မှာ ရေကြီးမှုတွေ ဖြစ်ခဲ့တဲ့နောက်ထိုင်းအန်ဂျီအို အဖွဲ့အစည်းတွေက မြန်မာဖက်ကနေ စီးဆင်းလာတဲ့ ဆိုင်နဲ့ကော့မြစ်တွေမှာအဆိပ်အတောက်ဓာတုပစ္စည်းတွေအများအပြား ရောနှောပါဝင်လာတဲ့ အကြောင်းကို ပြူးပြူးပြာပြာ သတိပေးခဲ့ကြပါတယ်။ ပြီးတော့ ထိုင်းအစိုးရ အနေနဲ့ အဲဒီကိစ္စရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ UWSA ထိန်းချုပ် နယ်မြေတွေထဲမှာ သတ္တုတူးဖော်နေတာတွေကို ပိတ်သိမ်းစေဖို့ မြန်မာ (စစ်ကောင်စီ) အာဏာပိုင်တွေဆီ ဖိအားပေးသင့်ကြောင်း တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။

ဖျူထိုင်းပါတီ (PTP) ဦးဆောင်နေတဲ့ ထိုင်းအစိုးရနဲ့ ထိုင်းရဲ့လုံခြုံရေး အေဂျင်စီတွေဟာ UWSAနဲ့ ပတ်သက်လို့ရော၊ UWSAထိန်းချုပ်ထားတဲ့သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ရော ရထားသမျှ အချက်အလက်တွေကအရမ်း အကန့်အသတ်များလွန်းတယ်လို့လည်းတချို့က ထောက်ပြထားကြပြန်ပါတယ်။

Public Service Announcement

Public Service Announcement

UWSAဟာ ထိုင်းအတွက် လုံခြုံရေးစိန်ခေါ်မှုတစ်ခု ဖြစ်နေရုံသာမကဘဲ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု အသွင်ကိုလည်းဆောင်လာနေတယ်လို့ ဆိုပါတယ်။

Greenpeace Thailandအဖွဲ့ကထိုင်းအစိုးရ အနေနဲ့ UWSAရဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းသွားစေဖို့အတွက်စစ်ကောင်စီ၊ တရုတ်အစိုးရတို့နဲ့ ညှိနှိုင်းလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

UWSAကထိုင်းရဲ့အိမ်နီးချင်းမြန်မာနိုင်ငံမှာအခြေစိုက်ပေမယ့် ဘာကြောင့် ဒီကိစ္စမှာ တရုတ်အစိုးရက ဝင်ပါလာသလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာတစ်ခုပါ။ ရိုးရိုးလေး ဖြေရရင်တော့ UWSAနဲ့ ဝပြည်နယ်ကို ထိန်းချုပ်ထားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့ရဲ့ နောက်ကွယ်မှာ တရုတ်ရဲ့ အာဏာရ ကွန်မြူနစ်ပါတီ(CPP)ဟာ နာယကအဆင့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိနေလို့ပါပဲ။

တကယ်တော့ UWSAဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့တခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပေါ်မှာလည်း အတော်လေး ဩဇာဖြန့်ကျက်လွှမ်းမိုးထားနိုင်ပါတယ်။ အဲဒီထဲမှာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့လို အင်အားစုတွေလည်းအပါအဝင် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က MNDAA၊ TNLAတို့ဟာ အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာအထူးအောင်မြင်တဲ့ စစ်ဆင်ရေး တစ်ခုအဖြစ် အော်ပရေးရှင်း ၁၀၂၇ ကို ဆင်နွှဲနိုင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးကြီးအတွင်း တိုင်းရင်းသားမဟာမိတ်တပ်တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့မြို့ပေါင်း ၂၀ ​ကျော်ကို စစ်ကောင်စီရဲ့ လက်ထဲကနေ သိမ်းယူနိုင်ခဲ့ကြပါတယ်။အာဏာသိမ်းစစ်တပ်အတွက်တော့ ဒါဟာ သမိုင်းဝင် ခါးသီးလှတဲ့ရှုံးနိမ့်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဆက်တိုက်အောင်ပွဲခံနေတဲ့ တိုင်းရင်းသား မဟာမိတ် တပ်တွေရဲ့ စစ်ရေးအရှိန်အဟုန်ဟာ တရုတ်ရဲ့ ကြားဝင် စွက်ဖက်မှုတွေနဲ့အတူ အရှိန်တန့်သွားခဲ့ပါတယ်။ ကိုးကန့်တပ်လို့ ခေါ်လေ့ရှိတဲ့ MNDAAဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းယူထားခဲ့ရတဲ့ မဟာဗျူဟာအရ အချက်အခြာကျရာလားရှိုးမြို့ကို တရုတ်ရဲ့ ဖိအားပေးမှုကြောင့် လက်လွှတ်ပေးခဲ့ရပါတယ်။

လားရှိုးဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြီးဆုံး မြို့ဖြစ်ပြီး ပထဝီဝင် နိုင်ငံရေးရှုထောင့်က ကြည့်ရင်လည်း အရေးပါတဲ့ မဟာဗျူဟာ တန်ဖိုးတွေကို ပိုင်ဆိုင်နေပါတယ်။မိုးမိတ်-ရွှေလီကုန်သွယ်ရေးဂိတ် ဆိုရင်လည်း တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်ကို ရှမ်းပြည်နယ်နဲ့၊ အဲဒီကနေတဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေထိ ချိတ်ဆက်ပေးတဲ့ ပင်မ လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။

ဒါတင် မကသေးဘဲတရုတ်ရဲ့ရည်မှန်ချက် ကြီးကြီးနဲ့ အကောင်အထည် ဖော်နေတဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုစီမံကိန်း (BRI)ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လွှမ်းခြုံ ပါဝင်နေတယ်။ BRI ဟာ တရုတ်ရဲ့အထင်ကရနိုင်ငံတကာ အခြေခံ အဆောက်အအုံ စီမံကိန်းကြီးဖြစ်ပြီး ရေနံပိုက်လိုင်းသွယ်တန်းမှုတွေ၊ ရေနံသယ်ယူပို့ဆောင်မှုတွေ မြန်နှုန်းမြင့် ရထားကွန်ရက်တွေ အကျုံးဝင်နေပါတယ်။

ပိုပြီးနက်နက်ရှိုင်းရှိုင်းဆန်းစစ်ကြည့်တဲ့ အခါမှာ ၁၀၂၇စစ်ဆင်​ရေးအစောပိုင်းတုန်းကတရုတ်ကိုယ်တိုင် တိုင်းရင်းသား တပ်တွေကိုဘဏ္ဍာရေးနဲ့ လက်နက်တွေထောက်ပံ့ပေးခဲ့ပါတယ်။ ဒါကလည်း အဲဒီ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေထဲမှာ တရုတ်အပေါ် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေတဲ့ ဒေသခံ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ချေမှုန်းပစ်ဖို့ ဆိုတဲ့အချက် ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။

ကိုးကန့်တပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဆိုတာဟာတရုတ်အနွယ်တွေ အဓိက နေထိုင်ကြပြီး တရုတ်စကားကို ပြောကြပါတယ်။ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေလိုပဲ ကိုးကန့်တွေကလည်း တရုတ်ကနေ တင်သွင်းတဲ့ လူသုံးကုန်၊ စားသုံးကုန်၊ အီလက်ထရောနစ်ပစ္စည်း၊ လောင်စာဆီ၊ အင်တာနက်တွေကို မှီခိုနေရပါတယ်။ ဒီအခြေအနေမှာ ကိုးကန့်တပ်က တရုတ်နဲ့ ပတ်သက်ရင် အပိုးကျိုးကျိုးပဲ လှုပ်ရှားခဲ့ပါတယ်။

ဝတိုင်းရင်းသားတွေရဲ့ ဇစ်မြစ်ကို နောက်ကြောင်းပြန်ခြေရာခံကြည့်ရင်ရှေးခေတ် ဒေသခံ တိုင်းရင်းသား အနွယ်တွေကနေ မော်စီတုံးဝါဒကို လက်ခံလာပြီး နောက်ပိုင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB)ရဲ့ တိုက်ခိုက်ရေးသမားတွေအဖြစ် ဆင့်ကဲ ပြောင်းလဲလာပါတယ်။ ၁၉၈၉ ခုနှစ်မှာ CPBရဲ့ ဝအဖွဲ့ဝင်တွေဟာ အဲဒီတုန်းက မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အထူးဒေသ ၂ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဝတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်တစ်ခုကို တည်ထောင်လာနိုင်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ UWSPနဲ့ UWSAတို့ကို ဖွဲ့စည်းခဲ့ပါတယ်။UWSPဟာ CPPရဲ့ ဖွဲ့စည်းပုံ မော်ဒယ်ကို မှီငြမ်းထားပြီး အုပ်ချုပ်မှု ကဏ္ဍကိုနှစ်ပိုင်းခွဲထားပါတယ်။အထူးဒေသ ၂ ဖြစ်တဲ့ မြောက်ပိုင်း ဝနယ်မြေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်၊ သံလွင်မြစ်ရဲ့ အရှေ့ဖက်ပိုင်းမှာ တည်ရှိပြီး တရုတ်ရဲ့ယူနန် ပြည်နယ်နဲ့ ထိစပ်နေပါတယ်။ မြောက်ပိုင်း ဝနယ်မြေမှာ လူဦးရေ ၆ သိန်းလောက် နေထိုင်ပြီး ဝတပ်ဖွဲ့ရဲ့စစ်အင်အား ၃၀,၀၀၀ လောက် ရှိပါတယ်။ မြို့တော်ကတော့ပန်ဆန်းပါ။ ပန်ခမ်းလို့လည်း ခေါ်လေ့ရှိပါတယ်။

တောင်ပိုင်းဝနယ်မြေကတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပြီး ထိုင်းရဲ့ ချင်းမိုင်ပြည်နယ်ထဲက ဖန်း, မယ်အိုင်, ဝိုင်ဟွမ်, ချိုင်ဒေါင် ဒေသတွေနဲ့ ထိစပ်နေပါတယ်။ ပြီးတော့ မယ်ဟောင်ဆောင် ပြည်နယ်ရဲ့ ပန်မာဖာ ခရိုင်နဲ့လည်း ဆက်စပ် တည်ရှိနေပါတယ်။ တောင်ပိုင်း ဝဒေသရဲ့ မြို့တော်က ယွန်းမြို့ပါ။ ပြီးတော့ တောင်ပိုင်း ဝဒေသရဲ့ စစ်ဦးစီး အရာရှိလည်းဖြစ်၊ Wei Xie Kang ရဲ့ ညီလည်းဖြစ်တဲ့ Wei Xie Yingကရဲ့ ထိန်းချုပ်မှုအောက်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဗဟိုချက် နယ်မြေတစ်ခု ဖြစ်နေပါတယ်။

စစ်အေးကာလ တလျှောက်မှာတော့ ထိုင်းစစ်တပ်ဟာထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မြန်မာစစ်တပ်က နယ်ကျော်လာနိုင်ခြေကိုတန်ပြန်မယ့် အဟန့်အတား အနေနဲ့ ကရင် အမျိုးသား အဖွဲ့ချုပ် (KNU)နဲ့ ယွက်စစ် ဦးဆောင်တဲ့ RCSSကို အားထားခဲ့ပါတယ်။

စစ်အေးခေတ် အလွန်မှာတော့ စစ်အစိုးရရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က UWSAနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး တရုတ်နယ်စပ်နားမှာရှိတဲ့ ပန်ဆန်းနဲ့ တခြားမြို့ငယ်လေးတွေမှာ နေထိုင်ကြတဲ့ ဝတိုင်းရင်းသားတွေကို မိုင်းဆတ်နဲ့ မိုင်းတုံမြို့တွေမှာရွှေ့ပြောင်းအခြေချစေခဲ့ပါတယ်။အဲဒီ မြို့တွေဟာ ထိုင်းရဲ့ ချင်းမိုင်နဲ့ ချင်းရိုင် ပြည်နယ်တွေနဲ့ နယ်စပ်ချင်း ထိကပ်နေပါတယ်။

နှစ်ပေါင်း ၂၀ လောက်အတွင်း ဝတိုင်းရင်းသား ၈၀,၀၀၀ ကျော်လောက်ဟာ ရှမ်းပြည်နယ် တောင်ပိုင်းက နယ်ပယ်သစ်တွေမှာ ရွှေ့ပြောင်း အခြေချခဲ့ကြပါတယ်။ဒါဟာ ဝနီတွေကို အသုံးချပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာ ယွက်စစ် ဦးဆောင်တဲ့ RCSSရဲ့ အင်အားကို တန်ပြန်တဲ့မူဝါဒ အခင်းအကျင်း တစ်ခုလည်း ဖြစ်ပါတယ်။

ဧပြီလက ကျင်းပခဲ့တဲ့ UWSP ညီလာခံမှာတော့ ပေါက်ယူချန်းဟာပါတီ ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်အဖြစ် အတည်ပြု တင်မြှောက် ခံခဲ့ရပါတယ်။ နောက်ပြီး UWSPနဲ့ WUSAတို့ဟာရှမ်းပြည်နယ်မှာရှိတဲ့လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ ၄ ခုကို ကမကထ ပြုပေးနေပါတယ်။ အဲဒီထဲမှာ ရှမ်းအထူးဒေသ ၄ ထဲမှာ အခြေစိုက် လှုပ်ရှားပြီး မိုင်းလားတပ်လို့လည်း လူသိများတဲ့ NDAAလည်း ပါဝင်ပါတယ်။ အဲဒီတပ်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းကရှမ်းတိုင်းရင်းသား အသိုက်အဝန်းကို ကိုယ်စားပြုတယ်လို့ ကြွေးကြော်ထားပါတယ်။

MNDAAကတော့ ကိုးကန့်တပ်အဖြစ် အများသိကြပြီးအထူးဒေသ ၁ မှာလှုပ်ရှားပြီးကိုးကန့် တိုင်းရင်းသားတွေကို ကိုယ်စားပြုနေပါတယ်။ SSPP/SSAကတော့ ရှမ်းပြည်နယ်ရဲ့ မြောက်ပိုင်း၊ ဝမ်ဟိုင်းရွာမှာ ဌာနချုပ် အခြေစိုက်ပါတယ်။ ပလောင်တပ်ဖြစ်တဲ့ TNLA နဲ့ ပလောင် နိုင်ငံရေးပါတီ ပလောင်ပြည်နယ် လွတ်လပ်ရေး တပ်ဦး (PSLF)ရဲ့ နယ်မြေကိုတော့အထူးဒေသ(၃) လို့ခေါ်ဝေါ်ပါတယ်။

ဝနီတွေနဲ့ ရှမ်းပြည်နယ်အခြေစိုက်တိုင်းရင်းသား တပ်တွေဟာ မြန်မာနိုင်ငံထဲက တရုတ် အကျိုးစီးပွားတွေအတွက် အစောင့်တပ်တွေ အနေနဲ့လည်း လှုပ်ရှားပါတယ်။ BRI စီမံကိန်းကြီးရဲ့ အရေးပါတဲ့ လမ်းကြောင်းတွေ၊ ရေနံပိုက်လိုင်းတွေ၊ ရေနံတင်ပို့မှုတွေ၊ ဆိပ်ကမ်းတွေ၊ အနာဂတ်မှာ တည်ဆောက်ဖို့ လျာထားတဲ့ မြန်နှုန်းမြင့် ရထား စီမံကိန်းတွေကို အဲဒီတပ်တွေက ကာကွယ်ပေးနေကြပါတယ်။

နောက်ပြီး အဲဒီ တပ်တွေက တရုတ်ဩဇာလွှမ်းမိုးမှုအောက်မှာ ရှိနေခြင်းဟာ စစ်ကောင်စီ အတွက်လည်းတစ်နည်းတစ်ဖုံအကျိုးရှိစေပါတယ်။ UWSA နဲ့ မဟာမိတ်တွေဟာ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ မဟာမိတ်ပြုရပ်တည်တာမျိုးကိုရွေးချယ်မှာ မဟုတ်လို့ပါပဲ။ ။

(ထိုင်းနိုင်ငံမှ The Nation သတင်းဌာန၏ “Red Wa”: China’s shadow army controlling Shan State power ဆောင်းပါးကို ဘာသာပြန်ဆို​ဖော်ပြထားပါသည်။ ​ဆောင်းပါး ပါ အာ​ဘော်မှာ The Nation ၏ အာ​ဘော်သာဖြစ်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

အတွေးအမြင်

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ ပထဝီနိုင်ငံရေး အကျပ်အတည်း

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။