သျှိသျှား ရေးသားသည်။
(သတိပေးချက် – အရပ်သားပြည်သူတို့အပေါ် လက်မရွံ့စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်၊ နှိပ်စက်၊ ညှင်းပန်းခြင်း အနိဋ္ဌာရုံအကြောင်းအရာများစွာပါဝင်နေသဖြင့် စိတ်မခိုင်သူ၊ နှလုံးမခိုင်သူများ မဖတ်သင့်သောစာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)
လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက်ဖြစ်စဉ်တွေလို့ပြောလိုက်တာနဲ့ အဲဒီဖြစ်စဉ်တွေကို ဇာတ်ကြောင်း ပြန်ပြောစရာမလိုအောင် ကျွန်တော်တို့မှတ်ဉာဏ်တွေထဲမှာ မှတ်မှတ်သားသားရှိနေကြပါတယ်။ ဘာဖြစ်လို့လဲလို့ မေးလာရင်တော့ လက်မရွံ့စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုက ကမ်းကုန်နေလို့ပဲလို့ ဖြေပါမယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးနဲ့ စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် ကျောင်းသားကျောင်းသူ ကလေးငယ် ၆ ဦးအပါအဝင် ၁၃ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Public Service Announcement
အဲဒီဖြစ်စဉ်မှာဆိုရင် ကျိုးပဲပျက်စီးနေတဲ့စာသင်ခုံတွေကြားမှာ တွေ့လိုက်ရတဲ့ ခရမ်း ရောင်ကျောပိုးအိတ်လေးရယ်၊ “မောင်ဘုန်းတေဇ၊ G – 1 ၊ သင်္ချာ”လို့ စာရေးထိုးထားတဲ့ စာအုပ်လေး တစ်အုပ်ရယ်၊ သွေးစွန်းကွက်တွေရယ်၊ ကျည်ထိပြီးပြန့်ကျဲနေတဲ့ အင်္ဂတေအပိုင်းအစတွေရယ်ဟာ ကျွန်တော်တို့ကို ဝမ်းနည်းမဆုံး ဖြစ်စေခဲ့တဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ဒီမြင်ကွင်း၊ ဒီဝမ်းနည်းပူဆွေးမှုနောက်မှာတော့ လူမဆန် ယုတ်မာရက်စက် လှတဲ့ မြန်မာစစ်တပ်အပေါ် ရွံရှာမုန်းတီးမှုတွေလည်း ထပ်ကြပ်မကွာကပ်လျက်တွဲပါနေတော့တယ်။
ဒီလိုပဲ အဲဒီလက်ယက်ကုန်းဖြစ်စဉ်ဖြစ်ပွားပြီး တစ်လစွန်းစွန်းအကြာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာမှာကျင်းပနေတဲ့ ဂီတဖျော်ဖြေပွဲတစ်ခုအပေါ် စစ်တပ်က လေယာဉ်အုပ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ၈၀ ကျော်သေဆုံးပြီး ရာနဲ့ချီထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီဖြစ်စဉ် မှာဆိုရင်လည်း လာရောက်ဖြေဖျော်တဲ့ အနုပညာရှင်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို ကြည့်မယ်ဆို ရင်လည်း အလွန်တရာမှ စိတ်ထိခိုက်ကြေကွဲစရာတွေနဲ့ပါပဲ။ အလှူကိုသွားရောက်စားသောက်ကြတဲ့ကလေးငယ် ၃၀ ကျော်၊ ကိုယ်ဝန်ဆောင်နှစ်ဦးနဲ့ နို့တိုက်မိခင်လေးဦးအပါအဝင် အရပ်သားပြည်သူ ၁၇၀ ကျော် သေဆုံးခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူတွေဟာလည်း နာကျင်ဝေဒနာတွေနဲ့အတူ ကူပါကယ်ပါအော်ဟစ်ညည်းညူရင်း ငရဲခန်းတမျှ ပူဆွေးသောကတွေ ရင်ဆိုင်နေရချိန်မှာပဲ လူမဆန်ယုတ်မာလွန်းလှတဲ့ စစ်တပ်ရဲ့ နောက်တစ်ကျော့ လာရောက် တိုက်ခိုက်ခြင်းကိုပါ ထပ်မံခံကြရပြန်ပါတယ်။
ကချင်ပြည်နယ်ထဲကအနန့်ပါကျေးရွာကို ဗုံး
ကြဲတိုက်ခိုက်ပြီး တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်မှာတော့ အဲဒီကချင်ပြည်နယ်ထဲက လိုင်ဇာမြို့အနီးမှာရှိတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်တပ်က ဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြန်တာကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် စစ်ဘေးရှောင် ဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါတွေဟာအထက်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ ဦးနှောက်မှတ်ဉာဏ်ထဲ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ် တော့တဲ့ အရပ်သားပြည်သူအပေါ် စစ်တပ်ရဲ့ရက်စက်ယုတ်မာမှုထဲက ဖြစ်စဉ်ဖြစ်ရပ်တွေပါ။ အခုလည်း မြန်မာ စစ်တပ်ဟာ နောက်ထပ်ရက်စက်ယုတ်မာမှုတွေနဲ့အတူ ရှေ့က ယုတ်မာထားချက်တွေအပါ်ထပ်ဆင့်စံချိန် ချိုးလိုက် ပြန်ပါတယ်။
ဗုဒ္ဓဘာသာကိုအလွန်တရာမှသက်ဝင်ယုံကြည်ကိုးကွယ်သယောင်လုပ်ဇာတ်တွေ မကြာခဏခင်းပြတတ်တဲ့ မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်သိုက်ရဲ့ လက်မရွံ့စစ်တပ်ဟာ ဝါတွင်းကာလဥပုသ်နေ့မရှောင်လေယာဉ်နဲ့ ဗုံးကြဲပြီးလူသတ်ပြလိုက်တာပါ။
ဝါတွင်းကာလဥပုသ်နေ့ဖြစ်တဲ့သြဂုတ်၂၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလွဲအိုကျေးရွာ ဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို လက်မရွံ့စစ်တပ်က ဗုံးကြဲတိုက်ခိုက်လိုက်တာကြောင့် သံဃာတော်တွေအပါအဝင် ၁၄ ဦးသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး “ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ကျတာ။ ဘုန်းကြီးလည်းပျံလွန်တယ်”လို့ People’s Spring ရဲ့ သတင်းတစ်ပုဒ်မှာ ဒေသခံသတင်းရင်းမြစ်က ပြောထားပါတယ်။
အဲဒီဥပုသ်နေ့မှာပဲရခိုင်ပြည်နယ်ထဲက သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်နေရာတွေနဲ့ ဂွမြို့နယ်ညောင်ချောင်းကျေးရွာတို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးရေရာချီကြဲချခဲ့တာကြောင့် သေဆုံး၊ ထိခိုက်မှုတွေရှိခဲ့ပါ တယ်။သံတွဲမြို့နယ် ငပလီကမ်းခြေတစ်လျှောက်နေရာတွေကို လက်မရွံ့စစ်တပ်က နံနက် ၁ နာရီကျော်လောက်မှာ တိုက် လေယာဉ် ၈ စီး၊ Y12 လေယာဉ် ၁ စီး၊ Y8 လေယာဉ် ၁ စီး တို့နဲ့ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ဂွမြို့နယ် ညောင်ချောင်းကျေးရွာထဲနဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်းတို့အပေါ်ကို နံနက်အစောင်ပိုင်းမှာပဲ လေယာဉ်နဲ့ နှစ်ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ညောင်ချောင်းရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်းဆောင်တစ်ခုလုံးလည်း ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် ညောင်ချောင်းရွာ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းကိုလည်း ထပ်မံဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ဦး ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်းဆောင်တွေနဲ့ အနီးအနားမှာရှိတဲ့ ပြည်သူ့နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြန်ပါတယ်။
ဒါဟာ ဆိုခဲ့သလို ဗုဒ္ဓဘာသာကို အလွန်တရာမှသက်ဝင်ယုံကြည်ကိုးကွယ်ပါတယ်ဆိုတဲ့လူတစ်စုက ဥပုသ်နေ့မှာ ရက်စက်ယုတ်မာစွာလူသတ်ခဲ့ကြတာပါ။
ဒါ့အပြင် သြဂုတ် ၂၄ ရက်မှာလည်းအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာစာသင်နေတဲ့ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပြန်ပါတယ်။ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင် ၅၀၀အပါအ၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင်၅ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးထိတောင်ပါ၀င်ခဲ့ပါတယ်။ဘုန်တော်ကြီးကျောင်းက ဗုဒ္ဓရုပ်ပွားတော်တွေပါ ပျက်စီးခဲ့ပါတယ်။
ရှေ့မှာဖြစ်ခဲ့ပြီးဖြစ်တဲ့ ထင်ရှားတဲ့ လက်ယက်ကုန်းလို၊ အနန့်ပါလို၊ ပဇီကြီးလို၊ မုန်လိုင်ခက်လို ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ထပ်ပြီး ယုတ်မာမှုကို စံချိန်ချိုးပြလိုက်တာလည်းဖြစ်ပါတယ်။
အခုဖြစ်စဉ်ကနေ နောက်ကြောင်းကို နည်းနည်းလေးပြန်သွားကြည့်ချင်ပါတယ်။ဗျိုင်းဖြူရွာလေးဆီကိုပါ။ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေနားက ဗျိုင်းဖြူဆိုတဲ့ရွာလေးဆီ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ပါးစေတွေ ရောက်ရှိလာပြီးလူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ဒီအကြောင်းကို The Diplomat က ဖော်ထုတ်ထားတာဖြစ်ပြီး People’s Spring ရဲ့ ပင်တိုင်ဆောင်းပါးရှင်ခါကာဘိုက ပြန်လည်ရေးသားထားတဲ့ အကြောင်းအရာဖြစ်ပါတယ်။
အဲဒီဆောင်းပါးထဲမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ပါးစေ စစ်သား ၂၀၀ ခန့်ပါတဲ့ စစ်ကား ၆ စီးက အဲဒီဗျိုင်းဖြူရွာလေးဆီ ဝင်ရောက်လာပြီး အမျိုးသား၈၀၀ ခန့်ကိုမျက်လုံးတွေပိတ်၊ဒူးထောက်ခိုင်းပြီးစစ်မေးတာ၊ ညှင်းပန်းနှိပ်စက်တာတွေလုပ်ခဲ့ပါတယ်။ အဲဒီ ၈၀၀ ထဲက ၇၀ ကျော်ဟာ ရက်ရက် စက်စက်သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။
အဲဒီဖမ်းဆီးစစ်ဆေးခံနေရသူတွေထဲက ၁၂ ဦးခန့်ကရေဆာလို့ ရေတောင်းတာမှာ ရေမပေးဘဲ ကျင်ငယ်ရေကိုသောက်ခိုင်းတာ၊ ငြင်းဆန်သူတွေကိုသေနတ်ဒေါက်နဲ့ ထိုးကြိတ်ရိုက်နှက်တာလုပ်ခဲ့လို့သေဆုံးသွားခဲ့ရသူတွေ လည်း ရှိခဲ့ပါတယ်။
အဲဒီလက်မရွံ့စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း အလွတ်မပေးခဲ့ပါဘူး။ရွာထဲစတင်ဝင် ရောက် အကြမ်းဖက်ခဲ့တဲ့နေ့ကနေ နှစ်ရက်ကြာတဲ့အထိ ပူပြင်းတဲ့နေရောင်အောက် လမ်းမပေါ်မှာ ရေနဲ့ အစား အစာ မပေးဘဲ ထိုင်နေစေခဲ့ပါတယ်။ ပိုဆိုးစေတာက ရေဆာလို့ ရေတောင်းတာကို မပေးဘဲ အနီးအနားက မြောင်း ရေတွေကို သောက်ဖို့ အတင်းအဓမ္မခိုင်းစေခဲ့တာပါ။ လက်မရွံ့စစ်သားတွေဟာ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်း တွေနဲ့ ဝေဒနာရှင် ၁၂ ဦးခန့်ကိုလည်း သေနတ်နဲ့ချိန်ပြီး အိမ်တွေထဲကနေ ဆွဲထုတ်ခဲ့ကြပါသေးတယ်။စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကိုလည်းလက်မရွံ့စစ်သား၄ဦးကအုပ်စုဖွဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့ပါသေးတယ်။
သူတို့ပြန်လည်ထွက်ခွာခါနီးမှာတော့ ရွာထဲက နေအိမ်တွေဆီဝင်ရောက်ရှာဖွေပြီး ရွှေထည်၊ ငွေကြေး၊ ဖုန်း၊ ဆိုင် ကယ်၊ ဆိုလာပြားနဲ့ အိမ်သုံးပစ္စည်းစတဲ့ တန်ဖိုးရှိပစ္စည်းမှန်သမျှကို ယူဆောင်သွားကြတယ်လို့လည်းလွတ်မြောက် လာသူတို့က ပြောပါတယ်။ရခိုင်မှာဒီလိုအလားတူဖြစ်စဉ်မျိုးများစွာလည်း ရှိနေသေးတယ်လို့ ဆောင်းပါကဆိုထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါလက်ပါးစေတွေဟာကမ်းကုန်အောင် ရက်စက်ယုတ် မာတတ်သူတွေဆိုတာ ဒီဖြစ်စဉ်ဖြစ်ရပ်များက သက်သေထူနေပါတယ်။ဒီလိုလက်မရွံ့စစ်တပ်ရဲ့ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေဟာ ရခိုင်မှာသာမက မြန်မာတစ်ပြည်လုံး အကြားအလပ် မရှိ ဖြစ်ပေါ်ခဲ့ပြီးဖြစ်တယ်ဆိုတာ လူသိရှင်ကြားသိရှိလိုက်ကြရတဲ့ လက်ယက်ကုန်း၊ အနန့်ပါ၊ ပဇီကြီး၊ မုန်လိုင်ခက် လို ဖြစ်ရပ်ဆိုးတွေက သက်သေထူနေသလို လူမသိသူမသိတိမ်မြှုပ်သွားရတဲ့ ဖြစ်ရပ်ဆိုးမြောက်များစွာလည်း ရှိနေပါသေးတယ်။
Google မှာ ဖြစ်ဖြစ်၊ Facebook မှာဖြစ်ဖြစ်၊ Youtube မှာဖြစ်ဖြစ်၊ အွန်လိုင်းပလက်ဖောင်းတွေကနေ “ဗုံးကြဲ” ဆိုတဲ့စကားလုံးကို ရိုက်ရှာကြည့်ပါ။ မြန်မာစစ်တပ်ရဲ့ ယုတ်မာရက်စက်တဲ့လုပ်ရပ်တွေ မဆုံးနိုင်၊ မကုန်နိုင် တွေ့ရ ပါလိမ့်မယ်။ အလားတူပဲ “အရှင်လတ်လတ်”၊ “မီးရှို့”ဆိုတဲ့ စကားလုံးတွေကိုလည်း ရိုက်ရှာကြည့်လိုက်ပါဦး။ စစ်ဘေးရှောင်ပြည်သူ ၃၅ ဦးကျော်ကို ကားတွေပေါ် ကြိုးတုတ်တင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ဖရူဆိုက ဖြစ်ရပ်၊ မြောက်ခင်ရန်းရွာက လူငယ်နှစ်ဦးကို သံကြိုးတွေနဲ့တုတ်၊ သစ်ပင်မှာ တွဲလောင်းချိတ်ပြီး အောက်ကနေ မီးမြှိုက်ကာ ရှို့သတ်ခဲ့တဲ့ဖြစ်ရပ်တို့အပါအဝင် လက်မရွံ့စစ်တပ်ရဲ့ လူမဆန်ရက်စက်ကြမ်းကြုတ်မှုများစွာကို စိတ်မ ချမ်းမြေ့ဖွယ်တွေ့ရပါလိမ့်မယ်။
သင်ရှာဖွေတွေ့ရှိလိုက်မယ့် အဲဒီဖြစ်စဉ်တွေဟာ သတင်းမီဒီယာတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေသိရှိဖော်ထုတ်ရာကနေ လူထုကြားရောက်လာတဲ့အကြောင်းအရာတချို့သာဖြစ်ပြီးလူမသိသူမသိ၊တိတ်တဆိတ်ရက်စက် ယုတ်မာခံလိုက်ရတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေဟာ အခုကျွန်တော်တို့ ရှာဖွေတွေ့ရှိလိုက်ရတဲ့ ဖြစ်စဉ်တွေထက်အဆပေါင်း များစွာ ပိုနေမယ်ဆိုတာ အသေအချာပါပဲ။
ဒါတွေကို ကြည့်ခြင်းအားဖြင့်လက်မရွံ့စစ်တပ်ဟာ သူတို့ရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေအပေါ် ဘယ်တော့မှ နောင်တရမှာမဟုတ်သလို ဒီရက်စက်ယုတ်မာမှုတွေကို ဘယ်တော့မှ ရပ်တန့်အဆုံးသတ်သွားမှာ မဟုတ်ဘူးဆိုတဲ့ သက်သေပြချက်လည်းဖြစ်ပါတယ်။ အဲဒီ့ထက်ပိုဆိုးစေတာကတော့ ရက်စက်ယုတ်မာမှုတွေကို ပိုကာတိုးလို့ဖော် ဆောင်ရင်း ရက်စက်ယုတ်မာမှုစံချိန်တွေကို ထပ်ကာထပ်ကာချိုးပြလာနေတာပဲဖြစ်ပါတယ်။
ဒီစာကလက်မရွံ့စစ်တပ် အမြင်မှန်ရစေဖို့ နွားကိုပလာတာကျွေးတဲ့စာမဟုတ်ပါဘူး။ အမှန်တရားကိုလက်ခံဖို့၊မိမိတို့နဲ့ လားလားမှမသက်ဆိုင်တဲ့ နိုင်ငံရေးရပ်ဝန်းထဲကနေ ဖယ်ခွာဖို့၊ လူထုအကျိုးကို မျှော်ကိုးဖော်ဆောင်ဖို့ဆိုရင် လက်ရွံ့၊ လက်ရှောင်နေတတ်တဲ့ စစ်တပ်ဟာ ပြည်သူကို ညှင်းပန်းဖို့၊ ပြည်သူကို နှိပ်စက်ဖို့၊ ပြည်သူအပေါ် ရက်စက်ယုတ်မာဖို့ဆိုရင်တော့ အချိန်မရွေး၊ နေရာမရွေး၊ ဘယ်အချိန်၊ ဘယ်နေရာဖြစ်ဖြစ် လက်မရွံ့ရက်စက် ယုတ်မာတတ်တဲ့အကြောင်း မီးမောင်းထိုးပြလိုရင်းသာဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေ အဆုံးသတ်သွားဖို့ဆိုရင် နည်းလမ်းတစ်ခုပဲရှိပါတယ်။ လက်မရွံ့ဖက်ဆစ်စစ်တပ် အမြစ်ပြတ်အောင် တော်လှန်တိုက်ထုတ်ကြဖို့ပါပဲ။ပြီးရင် ခေတ်အဆက်ဆက်စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ၊လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် အမိန့်ပေးတဲ့ စစ်ဗိုလ်ချုပ်တွေအပါအဝင် ရာဇဝတ်သားတွေကို တရားစီရင်နိုင်မှသာ ကျဆုံးခဲ့ရတဲ့ပြည်သူတွေ တရားမျှတမှုပြန်လည်ယူဆောင်ပေးနိုင်မှာဖြစ်ပါတယ်။


















































