စက်တင်ဘာ-၇၊၂၀၂၆။ခိုင်မြတ်/People’s Spring
ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီး အ၀တောင်စခန်းကနေ ရှေးတိုးထိုးစင်ဆင်ဖို့ ကြိုးစားလာတဲ့ အာဏာသိမ်းစစ်တပ်ကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်နောက်ပြန်ဆုတ်သွားရပြီး တောင်မော်ဦးအနီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်နေ့မှာ တောင်မော်ဦးရေတပ်စခန်းကနေ အ၀တောင်စခန်းကို အင်အား ထပ်ဖြည့်ပြီး အဲဒီကနေ စနဲမြို့ဘက်ဆီ စစ်ကြောင်းထိုးလာခဲ့ချိန် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြတာပါ။
“စစ်ကြောင်းထွက်လာမယ်ဆိုတာကိုသတင်းကြိုရတော့အကုန်အဆင်သင့်လုပ်ပြီးစောင့်တိုက်တာ။သူတို့ရှေ့ကိုဘယ်လောက်မှတောင် မတိုးလိုက်ရဘူး၊ ဆုတ်ပြေးသွားတယ်။ ကိုယ့်လူတွေကတော့ ရှေ့ကို နည်းနည်း၊ နည်းနည်း စီ ဆက်တိုးနေကြတယ်” လို့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာပြန်ဆုတ်သွားခဲ့တဲ့စစ်တပ်ဟာ အ၀တောင်ကျေးရွာအနီးဝန်းကျင်မှာ ခံစစ်အသွင်နဲ့ ခုခံနေပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာတွေရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။စစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်ကလည်း အ၀တောင်စခန်းကနေ စနဲမြို့ဘက်ဆီ အင်အားနှစ်ရာလောက်နဲ့ စစ်ကြောင်းထိုးလာခဲ့ပြီး အဲဒီတုန်းကလည်း စစ်ကြောင်းလန်ကျပြီးနောက်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။
“ဒီတခေါက်ထိုးလာတာအင်အားပိုများတယ်။ ဒါပေမယ့် ဆုတ်ပြေးရတာပဲ” လို့ မြေပြင်သတင်ရင်းမြစ်က ပြောပါ တယ်။
အလားတူပဲ စစ်တွေမြို့နယ်ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်မှာ ပုဏ္ဏားကျွန်းမြို့နယ်ဘက် ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ AA တို့ ဒီနေ့ညနေပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က အကျအဆုံးအများအပြားရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်တွေမြို့နယ်ဘက်ခြမ်းရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ရှိ ရဲရိုးပြင်၊ ဆားပို့တောင်၊ အောင် မြေကုန်းစတဲ့ ရွာတွေနားထိအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကြောင်းနဲ့ AA တို့ဟာ စက်တင်ဘာ လ ၄ ရက်နဲ့ ၅ ရက်တို့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး တပ်ပြန်ဆုတ်သွားခဲ့ကာ ဒီနေ့မှာအင်အားဖြည့်ထပ်လာတာကြောင့် တိုက်ပွဲ ဆက်ရှိနေတာပါ။
“၅ ရက်နေ့ကတည်းကခွေးတွေဆုတ်ပြေးသွားတာ။ဒီနေ့မှာအင်အားထပ်ဖြည့်ပြီး လာလို့တိုက်ပွဲဖြစ်တယ်။ ညပိုင်းအလောင်းတဆယ်လောက်ရလိုက်တယ်”လို့ AA နဲ့ နီးစပ်တဲ့ စစ်တွေဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေအစပ် နေရာတွေအပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို စစ် တပ်က လေကြောင်းကနေရော လက်နက်ကြီးနဲ့ပါ အကြိမ်အများအပြား ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ လေယာဉ် ငါးခေါက်လောက်လာတယ်။ လက်နက်ကြီးလည်း ညပိုင်းမှာ ပိုကြဲတယ်။ ငါးနာရီလောက်မှာ လက်နက်ကြီး ပစ်တာ ပိုများတယ်။တိုက်ပွဲပြင်းနေတယ်ကြားတယ်။ စစ်တွေမြို့ထဲမှာလည်းစစ်ကားတွေသွားနေ ကြတယ်”လို့ စစ်တွေမြို့ခံတဦးကပြောပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အစပ်နေရာတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ စက်တင်ဘာလ ၄ ရက်နေ့မှာ တပြိုင်တည်းကြိုးစားခဲ့တာဖြစ်ပြီး လက်တွေ့မှာတော့ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်နေရတာပါ။
စစ်တွေမြို့နယ်မှာဆိုရင် အမြင့်ကျွန်းဘက်ကစစ်ကြောင်းတကြောင်းနဲ့ ရွှေမင်းဂံရေတပ်ခန်းဘက်ကတကြောင်းစစ်ကြာင်း၂ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ် ။
အမြင့်ကျွန်းဘက်စစ်ကြောင်းဟာ အကျအဆုံးများပြီး တိုက်ပွဲ ပထမရက်မှာပဲ နောက်ပြန်ဆုတ်ခဲ့ရပြီး ရွှေမင်းဂံစစ်ကြောင်းဟာလည်းနောက်ဆုတ်ခဲ့တယ်လို့ မြေပြင်သတင်းရင်း မြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက လက်လွှတ်ထားရတဲ့နေရာ တွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်နယ်တောင်ပိုင်းဂွကမ်းခြေနဲ့၊သံတွဲငပလီကမ်းခြေတလျှောက်ကျေးရွာတွေကိုလည်း ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေကနေ လက် နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။
စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေက စက်တင်ဘာ၄ ရက်မှာထိုးစစ်စတယ်ဆိုပြီး ၄၉၂၆ စစ်ဆင်ရေးဟုဆိုကာ စစ်တပ်ထိုးစစ်ကြောင့် AA အထိနာနေပြီလို့ ရေးသားပြောဆိုနေကြတာကို တွေ့ရပါတယ်။
နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးဖို့ကြိုးစားနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေပါတယ်။


















































