Connect with us

Hi, what are you looking for?

ဆောင်းပါး

အရက်ကို သိက္ခာချတဲ့ ခေတ်ပျက်ထဲက စစ်တပ်အမတ်

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

(ငါးဦးမှာ အလယ်တည့်တည့်သူမှာ ဦးစိုင်းထွန်းလင်း ဖြစ်ပါတယ်။ ညာဘက်အစွန်ဆုံးမှာကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်းဖြစ်ပါတယ် ။ဓါတ်ပုံ-စိုင်းထွန်းလင်း​ဖေစ်ဘွခ်)

ယောနသံ/People’s Spring

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်က စစ်တပ်​ရွေး​ကောက်ပွဲက ​ပေါ်လာတဲ့လွှတ်​တော်အမတ် ဦးစိုင်းထွန်းလင်းက သူရဲ့မိခင်ပါတီဖြစ်တဲ့ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်း ဧည့်ခံတဲ့ ကျပ်သိန်း ၁၅၀ တန်ကြေးရှိအရက်ကိုသောက်ခွင့်ရကြောင်း စက်တင်ဘာလ၆ရက်နေ့မှာ လူမှုကွန်ရက်ပေါ် တင်ပြီး ကြွားလုံးထုတ်ခဲ့တာပါ။ လူထု​နွေဦးက အာဏာသိမ်းစစ်အုပ်စုကလုပ်တဲ့​ရွေး​ကောက်ပွဲ ၊လွှတ်​တော်​တွေကို စစ်တပ်​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်​တော် ​တွေလို့ပဲ ​​ရေးသားလို့ သူ့ကိုလည်း စစ်တပ်အမတ်လို့ပဲ​ရေးပါတယ် ။

“ကျားဖြူပါတီဥက္ကဌကြီးက လွှတ်တော်မစခင်လွှတ်တော်ကိုယ်စားလှယ်ကိုသိန်း ၁၅၀ ကျပ်တန် ၁၃ မင်းဆက်မြောက်ပြင်သစ်ဘုရင်လူးဝစ်အမည်ရအရက် နဲ့ ဒီညမှာဧည့်ခံခဲ့ပါတယ်။ ကျားဖြူပါတီဥက္ကကြီးရဲ့ကျေးဇူးကြောင့်သိန်း၁၅၀ကျပ်တန်အရက်ကိုသောက်ဘူးခဲ့ပါပြီ”လို့ အရက်ပုလင်းပုံနဲ့ဓာတ်ပုံတွေနဲ့အတူ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို အရက်တိုက်တဲ့အတွက်လည်း ကျားဖြူပါတီဥက္ကဌကြီးကိုအထူးကျေးဇူးတင်ရှိကြောင်း နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကျပ်သိန်းရာချီ တန်ကြေးရှိတဲ့အရက်ကိုသောက်နေကြောင်းကြွားလုံးထုတ်ခဲ့တဲ့ ဦးစိုင်းထွန်းလင်းနဲ့ အပေါင်းအပါတွေကို ဒေသခံတွေအပြင်လူမှုကွန်ရက်သုံးစွဲသူတွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။

အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ်ဝေဖန်နေကြသလို”သိန်း ၁၅၀ တန်အရက်သောက်ဖို့ကျားဖြူပါတီကို ဝင်ကြစို့”လို့လည်း လှောင်ပြောင်ကြသူ​တွေလည်းရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့ခံလူငယ်တစ်ဦးကတော့”အခုကာလ အမတ်ဖြစ်နေတဲ့ကောင် တွေတစ်ကောင်မှ × သုံးမကျဘူး။ သူတို့သောက်နေတဲ့ အရက်ပုလင်းလောက်တောင် တန်ဖိုးမရှိတဲ့ကောင်တွေ”လို့ ‌ပြောပါတယ်။

ဦးစိုင်းအိုက်ပေါင်းဦးဆောင်တဲ့ အရက်ဝိုင်းမှာ သောက်နေကြတာက ၁၇ရာစု အစောပိုင်းက ပြင်သစ်ဘုရင်LOUIS XIII ကို အစွဲပြုပြီး အမည်ပေးထားတဲ့ LOUIS XIII Cognac အရက်ပုလင်းဖြစ်ပါတယ်။ ကမ္ဘာတန်ဖိုးအမြင့်ဆုံး အရက်တွေထဲမှာပါဝင်ပါတယ်။ဦးစိုင်းထွန်းလင်း ပြောတဲ့ အရက်တစ်ပုလင်း ကျပ်သိန်း၁၅၀နဲ့တွက်ချက်ရင်တောင် အထည်ချုပ်အလုပ်သမတစ်ဦး ၆နှစ်လောက် နေ့စဉ် အလုပ်လုပ်မှ ရမယ့် ငွေကြေးဖြစ်ပါတယ်။ လက်ရှိမှာ အခြေခံလုပ်စားတစ်ဦး တစ်နေ့လုပ်အားခက ၆၈၀၀ ကျပ်ပဲ ရတာပါ။

ဦးစိုင်းထွန်းလင်းဟာ ပြည်သူလူထု နဲ့ ဒီမိုက​ရေစီကိုတန်ဖိုးထားတဲ့နိုင်ငံတကာကအသိအမှတ်မပြုတဲ့ စစ်တပ်ရဲ့လုပ်ပွဲ- ၂၀၂၅ ရွေးကောက်ပွဲမှာ ကျားဖြူပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်လွှတ်တော်မှာသူတင်ခဲ့တာတွေက ရေမြောင်းဖောက်၊ အမှိုက်ရှင်းကိစ္စတွေလောက်သာဖြစ်ပြီး ရှမ်းပြည်နယ်ကစစ်ဒဏ်သင့်ဒေသခံတွေရဲ့အခက်အခဲကို တစ်ခွန်းမှမဟခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားတွေကပြောပါတယ်။

ဦးစိုင်းထွန်းလင်းကို အရက်တိုက်တဲ့ ကျားဖြူပါတီ(ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဟာ စစ်တပ်နဲ့နီးစပ်သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်၊သယံဇာတနဲ့ သစ်တောဝန်ကြီးဖြစ်ခဲ့ဖူးပါတယ်။ အသက် ၈၀ အရွယ်ဦးစိုင်းအိုက်ပေါင်းက စစ်တပ်အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေသလို အာဏာသိမ်းစစ်အုပ်စုကပေးအပ်ထားတဲ့ သီရိပျံချီဘွဲ့လည်း လက်ခံရယူထားပါတယ်။

ရှမ်းပြည်နယ်မှာ တိုင်းရင်းသားကိုယ်စားပြုအင်အားကြီးပါတီအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)ရှိပါတယ်။ SNLD ပါတီက စစ်တပ်​ရွေး​ကောက်ပွဲကို မယှဥ်ပြိုင်ပါဘူး ။

ဦးစိုင်းအိုင်ပေါင်းဦးဆောင်တဲ့ ကျားဖြူပါတီ ဟာ စစ်တပ်လုပ်ခဲ့တဲ့ ၂၀၁၀ ​ရွေး​​ကောက်ပွဲကြိုကာလမှ​ပေါ်လာဖြစ်ပြီး စစ်တပ်ဦး​ဆောင်လုပ်တဲ့​ရွေး​ကောက်ပွဲ​တွေမှာပဲ ​လွှတ်​တော်​နေရာ ပိုရ​လေ့ရှိပါတယ် ။ တနည်းအားဖြင့် စစ်တပ်​ရွေး​ကောက်ပွဲ​တွေကို SNLD ၊NLD စတဲ့ ပြည်သူ​​တွေ​ထောက်ခံအား​ပေးမှုများတဲ့ပါတီကြီး​တွေ မယှဥ်ပြိုင်မှ နေရာပိုရ​လေ့ရှိတာပါ ။

လူထုထောက်ခံမှုရှိပြီးနိုင်ငံရေးပါတီကြီးဖြစ်တဲ့ SNLD က စစ်ကောင်စီရွေးကောက်ပွဲကိုငြင်းပယ်ခဲ့လို့ ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ စစ်ကောင်စီထိန်းချုပ်ထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့ပါတယ်။ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့လုပ်တဲ့ရွေးကောက်ပွဲကို လူထုကငြင်းဆန်နေချိန်မှာပဲ ကျားဖြူပါတီက​တော့ စစ်တပ်အလိုကြ ပြည်ထောင်စုအဆင့် ဝင်ပြိုင်ခဲ့ပြီး ရနိုင်သမျှနေရာတွေ ယူခဲ့ပါတယ်။

ကျားခေါင်းပါတီလို့ လူသိများတဲ့ SNLD နဲ့ ကျားခေါင်းပါတီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာရေချိန်ကို ရှမ်းတိုင်းရင်းသူတစ်ဦးက “ကျားဖြူဆိုတာက ကျားခေါင်းမရှိမှနေရာရတဲ့အဖွဲ့” လို့ မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့အဲဒီမြို့တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ပြန်တောင်းနေပြီး စစ်ရေးအရလည်းခြိမ်းခြောက်နေပါတယ်။ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်၊ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တ‌ကျော့ပြန်တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမြို့နယ်တွေမှာလည်း တရားဥပဒေစိုးမိုးမှုလျော့ရဲနေပြီး ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းတွေရှိနေတဲ့အတွက် အခြေခံလူတန်းစားတွေဟာနေ့စဉ်စားဝတ်နေရေးအတွက် အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဝေးလံခေါင်ဖျားဒေသတွေမှာဆိုရင် အစာရေစာငတ်မွတ်မှုတွေ၊ ဆေးကုသဖို့ခက်ခဲတာတွေကြောင့် သေဆုံးရတဲ့သူတွေတောင်ရှိတယ်။ စာသင်ကျောင်းမရှိတဲ့ရွာတွေလည်းအများကြီးပဲ။ ကုန်စျေးနှုန်းဆိုရင်လည်း ပြည်မထက်ကြီးတယ်။မသေရုံတမယ်ပဲရုန်းကန်နေကြရတာ”လို့ဦးစိုင်းထွန်းလင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မိုးနဲမြို့ခံတစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအ​​ခြေအ​နေကိုလည်းတချက်ကြည့်ရ​​အောင်ပါ ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကမ္ဘာ့​ပေါ်မှာ အငတ်​ဘေးကို အဆိုးဝါးဆုံးရင်ဆိုင်​နေရတဲ့ ၆ နိုင်ငံ​မြောက် ဖြစ်​နေပါတယ် ။ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ကဖော်ပြပါတယ်။

အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။​ငွေ​ကြေး​ဖောင်းပွမှုကလည်း ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။

အလုပ်အကိုင်​တွေရှားပါးတဲ့အပြင် လူငယ်​တွေကိုစစ်တပ်က ​ပေါ်တာဆွဲပြီး စစ်သင်တန်း​ပေး​ရှေ့တန်းပို့စစ်တိုက်ခိုင်း​နေလို့ သိန်းနဲ့ချီတဲ့ လူငယ်​တွေ နိုင်ငံက​နေထွက်​ပြေး​နေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအ​ခြေအ​နေမှာပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက သိန်း ၁၅၀ ​ကျော်တန်အရက်​သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်​နေတာဖြစ်ပါတယ် ။

ဒေသခံရှမ်းတိုင်းရင်းသူတစ်ဦးက​
“ရှမ်းလူထုတွေကစီးပွားကရှာရခက်၊စစ်သားတွေကအဖွဲ့အသီးသီးကစုဆောင်းလို့သောကဝေ၊ကုန်စျေးနှုန်းကကြီး၊စစ်ရေးကမငြိမ်၊ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကကောင်းကောင်းလုပ်ပေးတာမရှိ၊လူထုအတွက်ဘာတခုမှကောင်းတာမရှိနေတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားပြုဆိုတဲ့လူတွေက တန်ဖိုးကြီးအရက်တွေသောက်ပြနေတာမြင်လို့ကြားလို့မကောင်းပါဘူး။သူတို့ငွေချမ်းသာလို့သူတို့ငွေနဲ့ပဲဝယ်သောက်ဝယ်သောက်အခုလိုကြွားပြနေတာလုံးဝမဖြစ်သင့်ဘူး”လို့ သူမအမြင်ကိုပြောပါတယ်။

ဦးစိုင်းထွန်းလင်းအပါအဝင် စစ်တပ်အတွက်ပဲ အလုပ်လုပ်နေတဲ့အမတ်တွေဟာ နိုင်ငံရေးဂုဏ်သိက္ခာမရှိဘူးလို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ အဲဒီရှမ်းတိုင်းရင်းသူက မှတ်ချက် ပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။