စက်တင်ဘာ-၁၀၊၂၀၂၆။ဇော်ဝင်း/People’s Spring
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)မွန်းလွဲ ၂နာရီ၀န်းကျင်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူး ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သာမြို့အနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဗျူဟာမှူး ကျဆုံးတယ်။နန်းတွင်းထဲကို ညနေကသယ်သွားတယ်”လို့ တံတားဦးခရိုင် စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement
အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း PDFတွေက စစ်တပ်ကားတန်းကိုစောင့်ပြီးတိုက်ခိုက်တာမှာ ဗျူဟာမှူးကားကို အဓိက ထားပစ်တာကြောင့် ဗျူဟာမှူးထသွားပြီးဆေးရုံပို့စဥ်လမ်းမှာ သေဆုံးတယ်လို့ပြောပါတယ်။
ဒါ့အပြင် တံတားဦးလေဆိပ်ကို ပိတ်ထားပြီး တံတားဦးနဲ့ နွားထိုးကြီးကြားမှာဒီကနေ့ (စက်တင်ဘာ ၁၀ ရက်)ညပိုင်းအထိ တိုက်ပွဲဖြစ်နေပါတယ်။ စစ်တပ်ဘက်က ဗျူဟာမှူးအပါအဝင်သေဆုံး ဒဏ်ရာရသူတွေရှိသလိုတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်ကျဆုံးမှုရှိတယ်လို့စုံစမ်းသိရပါတယ်။
“တံတားဦးနဲ့ နွားထိုးကြီးကြားကိုစစ်ကား အစီး ၇၀ လောက်နဲ့ဆင်းလာတယ်”လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။
သေဆုံးသွားတဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူးနဲ့ နောက်ဆက်တွဲ အသေး စိတ်အချက် အလက်ကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ရေးအချက်အလက်တွေအရတံတားဦးမြို့နယ်မှာအမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ-၃၀၂၇) အခြေစိုက်ထားပါတယ်။
အဓိကအားဖြင့် အနီးဝန်းကျင်ရှိ တံတားဦးလေတပ်စခန်းဌာနချုပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းရန်အန္တရာယ်တွေက ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာ တံတားဦးလေတပ်ကတိုက်လေယာဥ်တွေ ထားတဲ့နေရာကို PDF တွေက ဒရုန်းနဲ့တိုက်တာကြောင့် တိုက်လေယာဥ် ၄ စီးထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးကလုံးဝပျက်စီးခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ် ။ စစ်တပ်ကတော့ တံတားဦးခရီးသည်တင်လေဆိပ်နဲ့အနီးဝန်းကျင်ကို PDF တွေကဒရုန်း ၆ စင်းနဲ့တိုက်ခိုက်ပေမယ့် ဒရုန်းတွေကိုတားဆီးဖျက်ဆီးနိုင်ခဲ့တယ်လို့လိမ်လည်ထုတ်ပြန်ပါတယ်။YAK-130 တိုက်လေယာဥ်ကို FPV ဒရုန်းနဲ့ဖျက်ဆီးခဲ့တဲ့ရုပ်သံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်အချို့က ပေးပို့ပြီး တိုက်လေယာဥ်ရပ်ထားတဲ့နေရာကို ဒရုန်းကအနီးကပ်ပျံသန်းတိုက်ခိုက်ဖောက်ခွဲတာကိုထင်ထင်ရှားရှားမြင်တွေ့ရပါတယ် ။



















































