သြဂုတ်-၁၆၊၂၀၂၆။ကဖေး/People’s Spring
ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေးနေတဲ့ဓါတ်ပုံဖြစ်ပါတယ်။
စျေးသည်အမျိုးသားနှစ်ဦးဟာ တခြားရွာကနေလာပြီးကြက်သွန်၊ငရုတ်သီး၊ ဟင်းသီးဟင်းရွက်အပါအဝင် မီးဖိုချောင်းသုံးစားသောက်ကုန်တွေကို ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်လည်ပြီးရောင်းချသူတွေဖြစ်ပါတယ်။သြဂုတ်လ၁၆ရက်မနက်ပိုင်းမှာမိုးညှင်းမြို့အနီး ၇ မိုင်ကျေးရွာအနီး စစ်တပ်နဲ့ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်တွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ဆိုင်ကယ်တွေဟာ လမ်းလယ်ခေါင်မှာကျန်ရစ်ခဲ့ပါတယ်။

အဲဒီဆိုင်ကယ်နှစ်စီးပေါ်က ကုန်စည်တွေကို ဒေသခံတွေကအနီးပတ်ဝန်းကျင်မှာ လိုက်လံရောင်းချပေးခဲ့ကြပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးရဲ့မိသားစုဝင်တွေအနေနဲ့ ဈေးရောင်းချလို့ရတဲ့ငွေနဲ့ ဆိုင်ကယ်ကို အနီး၇မိုင်ကျေးရွာမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ ဒေသခံတွေအချင်းချင်း သတင်းစကားပါးထားပါတယ်။

Public Service Announcement
စစ်တပ်ဟာ ၂၀၂၄ ဖေဖော်ဝါရီလကစပြီးစစ်မှုထမ်းဥပဒေကို အဓမ္မထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေမှာ လစဉ်စစ်သားစုဆောင်းနေသလို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်နေတာတွေလည်း ရှိနေပါတယ်။

မိုးညှင်းမြို့မှာဖမ်းဆီးခံလိုက်ရတဲ့ စျေးသည်နှစ်ဦးရဲ့ မိသားစုဝင်တွေကတော့ အိမ်ပြန်ရောက်မလာ နိုင်တော့တဲ့ အိမ်ထောင်ဦးစီးနှစ်ဦးအတွက်အရူးမီးဝိုင်းဖြစ်နေတော့မယ်လို့ မြို့ခံတွေကပြောပါတယ်။


















































