ကိုရီးယား နှစ်နိုင်ငံကြား တင်းမာနေမှုတွေနဲ့ ပတ်သက်ပြီး နယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးကြဖို့ တောင်ကိုရီးယား အစိုးရက အဆိုပြုလိုက်ပါတယ်။
နှစ်နိုင်ငံကြား နယ်စပ်အဖြစ် သတ်မှတ်ထားရာ စစ်မဲ့ဇုန် (DMZ)ရဲ့ သင့်တော်တဲ့ တစ်နေရာမှာ တွေ့ဆုံပြီး လက်ရှိ ပြဿနာတွေကို ဖြေရှင်းသင့်ကြောင်း တောင်ကိုရီးယားဖက်က အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့လက DMZ တစ်နေရာမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ မြောက်ကိုရီးယားရဲ့ မြေမြှုပ်မိုင်းကြောင့်လို့ တောင်ကိုရီးယားက စွပ်စွဲခဲ့တဲ့နောက် တင်းမာမှုတွေ မြင့်တက်လာတာပါ။ မြောက်ကိုရီးယားကတော့ အဲဒီပေါက်ကွဲမှုနဲ့ လုံးဝ မပတ်သက်ကြောင်း အပြင်းအထန် ငြင်းဆိုထားပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မူဝါဒရေးရာ ဒုတိယဝန်ကြီး ကင်မ်ဟွန်ချိုက နယ်စပ်မှာ နောက်ထပ် မတော်တဆမှုတွေ ထပ်မဖြစ်အောင် ကိုင်တွယ်ရေးအတွက် စစ်တပ်ချင်း ဆက်သွယ်ရေးလိုင်းတွေ ပြန်လည် ထားရှိဖို့ကိစ္စ DMZ တစ်နေရာမှာ ဆွေးနွေးဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားဖက်ဆီ တောင်းဆိုထားကြောင်း ပြောပါတယ်။

Public Service Announcement
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေးဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က မြောက်ကိုရီးယား တပ်တွေကို နယ်စပ်စည်းဆီ ပစ်ခတ်လို့ လက်လှမ်းမီတဲ့ နေရာထိ ရှေ့တိုးထားကြောင်း ပြောကြားပြီး မကြာခင်မှာ ထွက်ပေါ်လာတာပါ။
လက်ရှိ အနေအထားကို ကိုင်တွယ်မှု မရှိဘဲ လွှတ်ထားမယ်ဆိုရင် ဘယ်လောက်ထိ ရှုပ်ထွေးသွားမလဲ ဆိုတာကို ခန့်မှန်းဖို့တောင် မလွယ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ကင်မ်ကတော့ နှစ်နိုင်ငံကြား နယ်စပ်ကျေးရွာဖြစ်တဲ့ ပန်မွမ်ဂျောင်မှာ အဲဒီဆွေးနွေးမယ့်ကိစ္စအတွက် အချိန်နဲ့ နေရာကို သေချာ ညှိနှိုင်းကြဖွယ် ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မြောက်ကိုရီးယားဆီက တုံ့ပြန်မှုကို မသိရသေးပေမယ့် အပြုသဘောဆောင်တဲ့ အခြေအနေမျိုး မြင်ရဖို့တော့ မျှော်လင့်ထားကြောင်းလည်း သူက ပြောကြားသွားပါတယ်။
ကိုးကား: AFP



















































