သစ်လွင်ဦး / People’s Spring
အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။
အယ်လ်နီညိုကြောင့် တဟုန်းဟုန်း ပူပြင်းနေရတဲ့အထဲ လျှပ်စစ်မီးတွေပါ ဆိုးဆိုးရွားရွား ပြတ်တောက်နေတာမို့ မြို့ခံတွေဟာ အပူဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့တုန်းကတော့ သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးကနေ မန္တလေးမြို့နယ် ၇ မြို့နယ်လုံးကို လျှပ်စစ်ဓာတ်အား ထက်ဝက် လျှော့ချမယ်၊ A နဲ့ B ဆိုပြီး အုပ်စုခွဲလို့ ၄ နာရီလာ၊ ၄ နာရီပိတ် စနစ်နဲ့ တစ်နေ့ကို ၁၂ နာရီပဲ မီးပေးတော့မယ်လို့ အသိပေး ကြေညာခဲ့တာပါ။ စာထုတ်ပြန်ကာစကတော့ မီးပြတ်ချိန် နည်းနေခဲ့ပေမယ့် အခု အောက်တိုဘာ တတိယပါတ်ထဲကစလို့ မီးပြတ်တောက်မှုတွေ ပိုမို ဆိုးရွားလာခဲ့ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ နွေရာသီတုန်းက တစ်ရက်ကို ၈ နာရီ မီးဖြတ်ခဲ့တာပါ။ အခုလို နွေရာသီတောင် မရောက်သေးဘဲ အယ်လ်နီညိုကြောင့် အပူချိန်တွေ မြင့်တက်နေတဲ့ အချိန်ကျမှ နွေထက်တောင် ပိုပြီး မီးဖြတ်ပစ်နေတာကိုတော့ မန္တလေးမြို့ခံတွေအနေနဲ့ မကျေမနပ် ဝေဖန်နေကြပါတယ်။
“မနေ့ညက ၈ နာရီက ပြတ်သွားတာ။ တစ်ညလုံး ပြန်မလာဘူး။ မနက် ၆ နာရီ ခဏလေးလာပြီး ပြန်ပြတ်သွားတယ်။ ကောင်းကောင်း မအိပ်ရဘူး” လို့ ချမ်းအေးသာစံမြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။ လျှပ်စစ်မီး ဖြတ်တောက်မှု အချိန်ကြာမြင့်တာကြောင့် ဖုန်းတွေကအစ အားမရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
နေ့ခင်းဘက် မကြာခဏ ပြတ်တောက်တဲ့အပြင် ညဘက်မှာလည်း တစ်ညလုံးနီးပါး ပြတ်တောက်နေတဲ့အတွက် ညဘက် အိပ်မရတဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “နေ့ခင်း အလုပ်လုပ်ပြီး ညဘက်ကျ အေးအေးအိပ်ချင်တာကို အိပ်မရဘူး” လို့ အောင်မြေသာစံမြို့နယ်က အမျိုးသားတစ်ဦးက ပြောပါတယ်။
ပိုဆိုးတာကတော့ အခုအချိန်ဟာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ ဖြေနေကြရတဲ့ အချိန် ဖြစ်နေပြီး ရာသီဥတုက ပူလွန်းလို့ ကလေးတွေ စာမကျက်နိုင်၊ ညဘက် ကောင်းကောင်း မအိပ်နိုင်ကြပါဘူးလို့ မန္တလေးမြို့ခံ ကျောင်းသားမိဘတွေက ပြောပါတယ်။
“ကလေးတွေက ညကျ ပူလို့ အိပ်မရတော့ မနက်ကျ မလန်းဘူး” လို့ မဟာအောင်မြေမြို့နယ်က အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ မီးပြတ်တာ ကြာလွန်းတာကြောင့် ရာသီဥတု အပူဒဏ်နဲ့ ကလေးငယ်တွေ ဖျားနာတာတွေလည်း ဖြစ်ပွားနေကြောင်း သိရပါတယ်။
ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မီးပုံမှန်မရတဲ့အပြင် စက်သုံးဆီ ဈေးနှုန်းတွေကပါ အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေဟာ ပိုမို ကျပ်တည်းစွာ နေထိုင်နေရပါတယ်။
NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ မိုးလေဝသ အခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားရာမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားပြီး၊ နေ့အပူချိန်တွေ တိုးလာနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ပြင်းထန် အယ်လ်နီညိုအတွက် အိမ်ထောင်စု အဆင့် ကြိုတင်ပြင်ဆင်ဖို့ အကြံပြုထားရာမှာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေအတွက် အရိပ်ရပြီး အေးတဲ့နေရာတွေ၊ နေအိမ်တွင်းလေအေးပေးစက်၊ လေပန်ကာ စတာတွေနဲ့ အပူဒဏ် သက်သာအောင် စီမံပေးသင့်ကြောင်း အကြံပြုထားပါတယ်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအတွက်လည်း အရန် ဓာတ်အားရရှိစေဖို့ Power bank တွေ၊ အားပြန်သွင်းနိုင်တဲ့ ဆိုလာမီး၊ ဓာတ်မီး၊ ဘက်ထရီနဲ့ အင်ဗာတာတွေ အရန် သင့်ထားရှိဖို့၊ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် မတော်တဆ မီးဘေးအန္တရာယ် ကျရောက်နိုင်ခြေကို အထူးဂရုပြုဖို့ အသိပေးထားပါတယ်။
အယ်လ်နီညိုကာလမှာမှ ဆိုးရွားစွာ ပြတ်တောက်နေတဲ့ လျှပ်စစ်မီးကြောင့် မန္တလေးမြို့သူမြို့သားတွေ ဆွေ့ဆွေ့ခုန်နေကြရပါတယ်။ “အယ်လ်နီညိုဖြစ်နေတာကို တမင်လုပ်တာ” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်။




















































