တိုင်ဖွန်းမုန်တိုင်းချမ်ပီ ချဉ်းကပ်လာမှုကြောင့် ထိုင်ဝမ်ကျွန်းကို ဆက်သွယ်ထားတဲ့ ရေကြောင်းနဲ့ လေကြောင်းကွန်ရက် အားလုံးကို ယာယီ ပိတ်ချထားလိုက်ပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ အခြေအနေအရ ထိုင်ဝမ်ကျွန်း တစ်ခုလုံးဟာ ပြင်ပကမ္ဘာနဲ့ အသွားအလာ လုံးဝဥဿုံ အဆက်ဖြတ်တောက်ထားတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ စူပါတိုင်ဖွန်း တစ်ခုအဆင့်ထိ အားကောင်းခဲ့ဖူးတဲ့ ချမ်ပီဟာ အားအကောင်းဆုံး အချိန်မှာ လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၉၀ ကျော်ထိ ပြင်းထန်ခဲ့ပါတယ်။ ချမ်ပီဟာ အခုနှစ်အတွင်း ပစိဖိတ် သမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့တဲ့ အားအကောင်းဆုံး မုန်တိုင်းတစ်ခုပါ။
အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ တိုင်ဖွန်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ၁၇၅ ကီလိုမီတာ နှုန်းလောက်ထိ ရှိနေပြီး ထိုင်ဝမ်ရဲ့ အရှေ့မြောက်ဖက် ကမ်းရိုးတန်းဆီ ရွေ့လျားနေပါတယ်။ ဒါပေမဲ့ မုန်တိုင်းဟာ ထိုင်ဝမ် ကမ်းရိုးတန်းကို မဖြတ်သန်းဘဲ လမ်းကြောင်းပြောင်းပြီး အရှေ့မြောက်ဖက်ဆီ ဦးတည်ရင်း ဂျပန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက် တိုက်ခတ်လိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ အောက်တိုဘာ ၂၄ ရက် ညပိုင်းလောက်မှာ ထိုင်ဝမ်မြောက်ပိုင်း၊ ထိုင်ပေမြို့တော်နဲ့ အနီးဆုံးကနေ ဖြတ်သန်းဖွယ် ရှိပါတယ်။ မုန်တိုင်းကြောင့် အခုသီတင်းပတ်ကုန် ထိုင်ဝမ်ကျွန်း အနှံ့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement
မုန်တိုင်း ချဉ်းကပ်လာချိန် ကြုံတွေ့ရတဲ့ ရာသီဥတု ဆိုးရွားမှုတွေအတွင်း လူ ၁ ဦး သေဆုံးပြီး မြေပြိုမှု အန္တရာယ် စိုးရိမ်ရတဲ့ တောင်စောင်းဧရိယာတွေမှာ နေထိုင်သူ ၁၃၀၀ ကျော်ကို ရွှေ့ပြောင်းပေးထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ကမ်းရိုးတန်း မြို့တွေမှာ နေထိုင်သူတွေဆီကိုလည်း တစ်နာရီ ကီလိုမီတာ ၁၅၀ နှုန်းလောက်ထိ ပြင်းထန်တဲ့ လေတိုက်နှုန်းမျိုး ကြုံနိုင်ကြောင်း မိုဘိုင်းဖုန်းကနေ သတိပေး meassageတွေ ဝင်ရောက်နေပါတယ်။
ထိုင်ဝမ် မိုးလေဝသဌာနရဲ့ အဆိုအရ မုန်တိုင်းရဲ့ အချင်းဝက်ဟာ ကီလိုမီတာ ၃၂၀ လောက်ထိ ရှိပြီး မုန်တိုင်းရဲ့ အရွယ်အစားက အရမ်းကြီးမားတယ်လို့ သိရပါတယ်။ ဒါကြောင့် မုန်တိုင်းရဲ့ ဗဟိုချက်ဟာ ထိုင်ဝမ်ကမ်းရိုးတန်းကို မဖြတ်သန်းတဲ့တိုင် မုန်တိုင်းရဲ့ နယ်နိမိတ်ထဲကို တစ်ကျွန်းလုံး ခြုံငုံမိဖို့ လုံလောက်နေမှာပါ။
အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ ထိုင်ဝမ်ဟာ ပြည်တွင်း လေကြောင်းခရီးစဉ် ၂၆၂ ခုစလုံးကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံတကာ ခရီးစဉ် ၆၆၉ ခုကိုလည်း အလားတူ ဖျက်သိမ်းထားပါတယ်။ တရုတ်ဖက်ခြမ်းနဲ့ နီးကပ်ပြီး ထိုင်ဝမ် ထိန်းချုပ်ထားရာ ကင်မန်စ် ကျွန်းစု တဝိုက်ကလွဲလို့ တစ်နိုင်ငံလုံးမှာ ကျောင်းတွေကို ပိတ်ထားလိုက်ပါတယ်။ ထိုင်ဝမ်ရဲ့ စတော့စျေးကွက်ကိုလည်း ယာယီ ပိတ်ထားပြီး ငါးဖမ်းလှေတွေလည်း ကမ်းကပ်ရပ်နားထားပါတယ်။
ထိုင်ဝမ်ကျွန်းကို တောင်မြောက်ပြေးဆွဲတဲ့ မြန်နှုန်းမြင့် ရထားကတော့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပုံမှန် ခုတ်မောင်းနေဆဲပါ။ ဒါပေမဲ့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ စပြီးကြုံနေတဲ့ ထိုင်ပေမြို့တော်မှာတော့ ပြည်သူ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို အတိုင်းအတာ ပမာဏ လျှော့ချထားပါတယ်။
ထိုင်ဝမ်ဟာ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ ပတ်သက်ရင် ကြိုတင်ပြင်ဆင်မှု အရမ်းအားကောင်းတဲ့ စနစ်မျိုး ရှိတာကြောင့် ထိခိုက်သေဆုံးမှုလည်း နည်းပါးလေ့ ရှိပါတယ်။ ထိုင်ဝမ်တဝိုက်က မုန်တိုင်းတွေဟာ နွေရာသီမှာ အဖြစ်များတတ်ပေမယ့် ဆောင်းဦးပေါက်မှာလည်း ရံဖန်ရံခါ ပေါ်ပေါက်လာတတ်ကြောင်း သိရပါတယ်။
ကိုးကား: Reuters



















































