ငြိမ်း ရေးသားသည်။
သူလာနေပြီ။
သင်တို့ဆီကို သူလာနေပြီ။ သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင်မီးဟုန်းဟုန်းတောက်လောင်တဲ့ မြန်မာပြည်ဖွား ဗြဟ္မာ့ဦးခေါင်းကြီး သင်တို့ထံ လာနေပြီဖြစ်တဲ့အကြောင်း အချိန်မီ အသိပေးပါတယ်။ သတိကြီးကြီးထားကြဖို့ပါ။
မယုံမရှိပါနဲ့။ ထပ်ပြောပါရစေ။ သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင် မီးဟုန်းဟုန်းတောက်လောင်တာမျိုး တကယ်ဖြစ်နေတယ်ဆိုတာ မယုံမရှိပါနဲ့။ အလှမ်းမဝေးသေးတဲ့ ဖြစ်စဉ်တွေကိုသာ ကြည့်လိုက်ပါ။

Public Service Announcement
အနီးကပ်ဆုံးဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ထိုင်းနိုင်ငံကိုကြည့်နိုင်ပါတယ်။အခုလိုပဲ ထိုင်းနိုင်ငံကို ဗြဟ္မာ့ဦးခေါင်းကြီး သွားဖို့ရှိတယ်။ ထိုင်းဝန်ကြီးချုပ်က ဖိတ်ခေါ်ထားတယ်ဆိုတာကို ကြားသိလိုက်ကတည်းက သတိထားကြဖို့ ကြိုတင်သတိပေးခဲ့ဖူးပါတယ်။ တကယ်လည်း ထိုင်းမြေကို ဗြဟ္မာ့ဦးခေါင်းကြီးခြေချပြီး ၂၄ နာရီမပြည့်သေးခင်မှာပဲ ဖြစ်ရပ်ဆိုးတွေစတင်ကြုံတွေ့ရတော့တာပါပဲ။
ပထမဆုံးဖြစ်စဉ်က စာသင်းကျောင်းတစ်ခုမှာအသက် (၁၄) နှစ်အရွယ်Grade 9 ကျောင်းသားတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမငါးဦး၊ ကျောင်းသူတစ်ဦး၊ သူ့အဘိုး၊ အဘွားနှစ်ဦးအပါအဝင် သူကိုယ်တိုင် ပါသေဆုံးခဲ့ရတဲ့ လူကိုးဦးသေဆုံးခဲ့မှုဖြစ်ရပ်ဆိုးနဲ့ကြုံရပါတယ်။ ဒုတိယဖြစ်စဉ်က အဲဒီနေ့၊ အဲဒီအချိန်နဲ့ မတိမ်း မယိမ်းမှာပဲ ဖြစ်ခဲ့တာပါ။ နေ့ကလေးထိန်းကျောင်းကို ကားဝင်တိုက်လို့ ကလေးငယ် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ်ဆိုးပါ။
ဒီဖြစ်ရပ်ဆိုးတွေနဲ့ပတ်သက်ပြီး“ထိုင်းနိုင်ငံထဲကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်”လို့ မြန်မာပြည်ဖွားဗြဟ္မာ့ဦးခေါင်းကြီးမင်းအောင်လှိုင်ကို ရည်ညွှန်းပြီး ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ရက်ပေါ် ကနေ အများသိအောင်ပြောဆိုထားပါတယ်။
ဒီလိုပြောပြီး မကြာခင်မှာပဲ ထိုင်းလွှတ်တော်အမတ်ဟောင်း တစ်ဦးက အုပ်ချုပ်ရေးအရာရှိတစ်ဦးကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့ဖြစ်စဉ်၊ ကျောင်းသားတစ်ဦးက အတန်းဖော်ကို သေနတ်ပြခြိမ်းခြောက်တဲ့ဖြစ်စဉ်၊စျေးရောင်းပွဲတော်တစ်ခုမှာ လူတစ်စုကဓားတွေ၊ ပြောင်းတိုသေနတ်တွေနဲ့ တိုက်ခိုက်မှု ကြောင့် လူ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့သလို ဗြဟ္မာ့ဦးခေါင်းကြီးကို နိုင်ငံတွင်း လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဝန်ကြီးချုပ်အနုတင်ဟာဆိုရင်လည်း လွှတ်တော်တွင်းကနေ အယုံ အကြည်မရှိအဆိုတင်သွင်းခံရပြီး ဖြုတ်ချခံရမယ့်အရေးနဲ့ပါ ရင်ဆိုင်နေရပါတယ်။
ဗြဟ္မာ့ဦးခေါင်းကြီးကို လက်ခံခဲ့တဲ့ ထိုင်းနိုင်ငံကတော့အထက်မှာဖော်ပြခဲ့တဲ့ဖြစ်ရပ်ဆိုးတွေနဲ့ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရပြီး ဒီစာရေးနေချိန်မှာတင်ပဲ နောက်ထပ်ဖြစ်ရပ်ဆိုးတစ်ခုနဲ့ကြုံရဖို့ နီးနီးကပ်ကပ်ရှိခဲ့ပြန်ပါတယ်။ အဲဒါ ကတော့ ချင်းမိုင်မြို့အနီးက မယ်စရေတံခွန်မှာ တောင်ကျရေရုတ်တရက်ကြီးပြီး ခရီးသွားအချို့မျောပါခဲ့တဲ့ ဖြစ်စဉ် ပါ။ ဥယျာဥ်ဝန်ထမ်းတွေက အချိန်မီကယ်တင်လိုက်နိုင်လို့ သက်သာရာရစေခဲ့တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်၊ ဇွတ်သမ္မတမင်းအောင်လှိုင် (ခ) ဗြဟ္မာ့ဦးခေါင်းကြီးကဆဝါဒီစကပ်လို့ပြောတာ၊ ရှန် ပိန်ခွက်ကို တလွဲတချော်ဆုပ်ကိုင်တာ၊ ခရီးဦးကြိုပြုသူထံက ပန်းကုံးတင်မကကလပ်ကြီးပါ အတင်းအဓမ္မ လုယူ တာတွေဟာလည်း မတော်တဆဖြစ်ရပ်တွေမဟုတ်ဘူးဆိုတာ သိမှတ်ထားကြရပါမယ်။
ဒါကြောင့် မယုံမရှိပါနဲ့။သတိထားပါလို့ အလေးထားပြောနေရတာပါ။ အခုထိုင်းဖြစ်စဉ်လိုပဲ ဗြဟ္မာ့ဦးခေါင်းကြီးကို လက်ခံခဲ့ကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့မှာလည်း ဖြစ်ရပ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။ တရုတ်ဆိုရင် သဘာဝ ဘေးတွေနဲ့ ပြင်းပြင်းထန်ထန်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဒီကနေ့ကာလအထိလည်း အဲဒီသက်ရောက်မှုက မအေးငြိမ်း သေးပါဘူး။
အိန္ဒိယဆိုရင်လည်းပညာရေးဝန်ကြီးပြုတ်ကျသွားတဲ့အထိ၊ ဝန်ကြီးချုပ်မိုဒီထိုင်ခုံ လှုပ်ရတဲ့အထိဖြစ်စေတဲ့လူထုလှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သေဆုံးသွားခဲ့ရပါပြီ။
အခုတော့ မြန်မာ့လက်ထဲက ဗြဟ္မာ့ဦးခေါင်းကြီးဟာ ရုရှား၊ ဘယ်လာရုစ်နဲ့ ကာဇက်စတန်နိုင်ငံတွေဆီခရီးစတင်ပါပြီ။ အဲဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ပုလင်းတူဘူးဆို့ အာဏာရူးတွေချည်းဆိုပေမယ့် ဗြဟ္မာ့ဦးခေါင်းကြီးကနေ သက်ရောက်လာမယ့်ဂြိုဟ်ဆိုးတွေက လူထုထံကိုပါ သက်ရောက်စေမှာကြောင့် အခုလို ကြိုတင်အသိပေး၊ သတိပေးရခြင်းပါ။
ပြောရမယ်ဆိုရင် ရုရှားနိုင်ငံဆိုတာအဲဒီဗြဟ္မာ့ဦးခေါင်းကြီးကိုခုနစ်ခေါက်တိတိ လက်ခံထားခဲ့ပြီးဖြစ်တဲ့အတွက် သူကပေးတဲ့ ဂြိုဟ်ဆိုးတွေ၊ ဖြစ်ရပ်ဆိုးတွေကို ဦးစွာရရှိခံစားထားရတဲ့နိုင်ငံပါ။ ယူကရိန်းနဲ့စစ်ရေးမှာသောမကြွက်မင်း ပူတင်ကိုယ်တိုင် ပုန်းလျှိုးကွယ်လျှိုးနဲ့ နေထိုင်နေရတဲ့အခြေအနေအထိပါ။ အပြောမဟုတ် လက်တွေ့ကျတဲ့ ဂြိုဟ် ဆိုးတွေကို အဲဒီဗြဟ္မာဦးခေါင်းကြီးမင်းအောင်လှိုင်က သယ်ဆောင်လာနေတာပါ။
စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတစတဲ့ရာထူးတွေထက် အခုဇွတ်သမ္မတရာထူးနဲ့က ဗြဟ္မာ့ဦးခေါင်း ကြီးရဲ့ အစွမ်းက ပိုထက်နေတဲ့သဘောကိုလည်း တွေ့ရပါတယ်။ ဒီတော့ အသိ၊ သတိကြီးစွာနဲ့ ရှောင်နိုင်၊ ရှားနိုင်ကြ ဖို့ ဒီနေရာကနေ ကြိုတင်အသိပေး၊ သတိပေးရခြင်းဖြစ်ပါတယ်။
သတိ…သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာပစ်ထားရင် မီးဟုန်းဟုန်း တောက်လောင်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီး သင်တို့ထံ လာနေပါပြီ။


















































