ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေကို အာဏာသိမ်း စစ်တပ်က မြေပြင် စစ်ကြောင်းထိုးတာ၊ လေကြောင်း ဗုံးကြဲတာတွေ ဆက်တိုက် လုပ်နေပါတယ်။ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF အပါအဝင် တော်လှန်ရေးတပ်တွေ စိုးမိုး ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန် ထိန်းချုပ်နိုင်ဖို့၊ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းလို စီမံကိန်းတွေ ပြန်စနိုင်ဖို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ စစ်တပ်က စစ်ရေး လှုပ်ရှားလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်တပ် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံး ထိခိုက်မှုတွေလည်း ဆက်တိုက် တိုးနေပြီး စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ အများအပြား ရှိနေပါတယ်။ ဒေသတွင်း စစ်ရေး အပါအဝင် KNU တပ်မဟာ (၄) နယ်မြေအတွင်း တော်လှန်ရေးတပ်တွေ အကြား ညှိနှိုင်း ဆောင်ရွက်မှု၊ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေ တိုက်ဖျက်ရေးနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အဖွဲ့ရဲ့ မူဝါဒ သဘောထားတွေကို KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ဖြစ်သလို ခရိုင် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ပဒိုစောအယ်နားကို ဆက်သွယ် မေးမြန်းထားပါတယ်။
— ထားမြတ် / People’s Spring
မေး — KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေမှာ စစ်တပ်စခန်းတွေ အများအပြား သိမ်းရခဲ့သလို လတ်တလောမှာ စစ်တပ်က အင်အားဖြည့် ထိုးစစ်ဆင်တာတွေလည်း ရှိတော့ နယ်မြေ ထိန်းချုပ်နိုင်မှု အခြေအနေတွေ ဘယ်လို ရှိပါသလဲ။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ စိုးမိုး ထိန်းချုပ်နိုင်မှု အတိုင်းအတာတွေရော ဘယ်လို ရှိပါသလဲ။
ဖြေ — စိုးမိုး နယ်မြေ ထိန်းချုပ်ခြင်းနဲ့ ပတ်သက်ပါက သူ့နေရာသူနေ၊ ကိုယ့်နေရာ ကိုယ် ကာကွယ်၊ သူ့အလုပ်သူလုပ်ပြီး ထိုးစစ်ဆင် တိုက်ခိုက် ကျူးကျော်လာပါက ခုခံ တိုက်ခိုက်ရမှာပဲ။ ပွတ်တိုက်မှု၊ ထိပ်တိုက် တွေ့ဆုံမှုကတော့ ရှိနေတာပါပဲ။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းနဲ့ ပတ်သက်ရင်တော့ ကိုယ့် ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် ဘာမှ မလုပ်နိုင်ပါဘူး၊ ဒေသရှိ ပြည်သူပြည်သားများ စားဝတ်နေရေး အဆင်ပြေဖို့အတွက် ညှိနှိုင်းပေးခြင်းမျိုးကတော့ ရှိပါတယ်။

Public Service Announcement
မေး — စစ်တပ်ဘက်ကလည်း အင်အား အများအပြားနဲ့ စစ်ကြောင်းတွေ ထိုးနေတယ်ဆိုတဲ့ သတင်း တွေ့ရတယ်။ ဘယ်ဒေသတွေမှာ စစ်ရေး လှုပ်ရှားမှုတွေ ရှိပါသလဲ။ ထိန်းချုပ် နယ်မြေတွေ ပြန် လက်လွှတ်ရနိုင်တဲ့ စိုးရိမ်စရာ အခြေအနေလား၊ ဒါမှမဟုတ် KNLA ပူးပေါင်းတပ်ရဲ့ ခုခံ တိုက်ခိုက်မှုမှာ စစ်တပ် အထိနာနေတဲ့ သဘောလား။
ဖြေ — စစ်ကော်မရှင်ဟာ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆ ဆက်တိုက် တစ်ဆက်တည်း တပ်မဟာ-၄ နယ် တစ်ခွင်မှာ တစ်နေရာ မဟုတ် တစ်နေရာ ထိုးစစ်ဆင်နေပါတယ်။ အထူးသဖြင့် ပြည်ထောင်စုလမ်းမ တလျှောက် စစ်ပွဲများ ခပ်စိပ်စိပ် အဆက်မပြတ် ဖြစ်ပွားနေပါတယ်။ အခြေအနေက စစ်တိုက်နေကြတာ ဖြစ်တဲ့အတွက် နိုင်တာ ရှိသလို၊ ဆုတ်ရချိန်လည်း ရှိပါတယ်။ သို့သော် စိုးရိမ်ရတဲ့ အခြေအနေအထိတော့ မရောက်ရှိသေးပါဘူး။
မေး — စစ်တပ်ဟာ လေကြောင်း အသုံးပြု စစ်ရေး ဖော်ဆောင်ရာမှာ တော်လှန်ရေးတပ်တွေ ရှိရာသာမက အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်မှု လျော့ပါးရေး ဘာတွေ ဆောင်ရွက်ထားတာ ရှိလဲ။
ဖြေ — တော်လှန်ရေး အစကတည်းက စစ်ကော်မရှင်ဟာ လေကြောင်း၊ ဒရုန်း၊ ကမိကာဇေ တွေနဲ့ တော်လှန်ရေးတပ်များကို တန်ပြန် တိုက်ခိုက်တဲ့အပြင် ပြည်သူကို ပစ်မှတ်ထား ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲ တိုက်ခိုက်တာ အားလုံး အသိပါ။ အထူးသဖြင့် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်များ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတဝိုက်ကို ပို၍ လေယာဉ်ဖြင့် ဗုံးကြဲပြီး တချို့နေရာမှာ မည်သည့် တိုက်ပွဲမှ မဖြစ်ပေမယ့် စစ်ကော်မရှင် တပ်မတော်က ပြည်သူများ နေထိုင်ရာ နေရာကို ရည်ရွယ်ချက်ရှိရှိ လာကြဲတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ပြည်သူများကို အသိသတိနဲ့ နေထိုင်ကြဖို့နဲ့ မိမိ စာသင်ကျောင်းနဲ့ ရပ်ရွာ တချို့မှာ ဗုံးခို ကျင်းတူးခြင်း၊ လက်နက်ကြီး ကျရောက်နိုင်တဲ့ အခြေအနေ ရှိက အသိသတိ နေထိုင်တာမျိုး ရှိပါတယ်။ တချို့ ရွေ့ပြောင်း စစ်ရှောင် နေရာတွေမှာတော့ ဗုံးခို ကျင်းတူးဖို့ အခက်အခဲ ရှိပါတယ်။ မကြာခဏ တစ်နေရာပြီး တစ်နေရာ ပြောင်းရွေ့နေရတဲ့ အခြေအနေ ဖြစ်တာကြောင့်ပါ။
မေး — KNU တပ်မဟာ (၄) နယ်မြေမှာ KNLA တပ်ရင်း တပ်ဖွဲ့တွေအပြင် PDF တပ်တွေ၊ ဒေသ ကာကွယ်ရေးတပ်တွေလည်း ရှိတော့ မဟာမိတ် ပူးပေါင်း ဆောင်ရွက်မှုနဲ့ စစ်ရေး ကွပ်ကဲမှုကို ဘယ်လို ဆောင်ရွက်ပါသလဲ။ နယ်မြေ အုပ်ချုပ်ရေးပိုင်းမှာ ညှိနှိုင်း ဆောင်ရွက်တာတွေ ဘယ်လို လုပ်နေလဲ။
ဖြေ — ပန်းတိုင်တူ တော်လှန်ရေး မဟာမိတ်များနဲ့ကတော့ အရင်အတိုင်း ပုံမှန်ပါပဲ။ ဒီထက်မက ပိုမို စည်းလုံးဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်တူတယ်၊ ခရီးလည်း တူတယ်၊ လုပ်ဆောင်ချက်တွေလည်း တူကြတယ်။ ဒါကြောင့် ကျွန်တော်တို့ မဟာမိတ်များနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ရရှိတဲ့အထိ နိုင်ငံရေး စစ်ရေးမှာ တက်ညီလက်ညီ စည်းလုံး ညှိနှိုင်းကြကာ တော်လှန်ရေး ခရီးဆုံးတဲ့အထိ အတူ လက်တွဲ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
မေး — တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်တွေ များတော့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရာမှာ အခက်အခဲ ဒါမှမဟုတ် နားလည်မှု လွဲတာမျိုးရော ရှိပါသလား၊ စစ်တပ် ထိုးစစ်ကို စုစုစည်းစည်း ခုခံနိုင်ဖို့ ဘယ်လို ဆောင်ရွက်နေပါသလဲ။
ဖြေ — မဟာမိတ် အချင်းချင်း တချို့ အကြောင်းအရာတွေမှာ နားလည်မှု လွဲကြတာကတော့ ရှိပါတယ်။ သို့သော် ကျွန်တော်တို့ တော်လှန်ရေး မဟာမိတ်ကြားမှာ ညှိနှိုင်း ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိသေးပါဘူး။ လက်ရှိ အချိန်မှာ ခေါင်းဆောင်များ ပေါင်းစည်း ညီညွတ် စည်းလုံးစွာ နိုင်ငံရေး စစ်ရေးကို အရှိန်မြှင့် တွန်းနိုင်ဖို့ လုပ်ဆောင်နေကြပြီး မြေပြင်မှာလည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်နိုင်ဖို့ ပိုမို ကြိုးစား ချဉ်းကပ် ဖော်ဆောင်လျက် ရှိပါတယ်။
မေး — တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ စစ်ဘေးရှောင် ပြည်သူ အရေအတွက် ဘယ်လောက်အထိ ရှိနေပြီး၊ သူတို့ရဲ့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ခရိုင် အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ ဘယ်လို ဖြေရှင်း ဆောင်ရွက်ပေးနေပါလဲ။
ဖြေ — စစ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် ဒေသခံ ပြည်သူများ ၂၀၂၁ ကတည်းကဆို လူဦးရေ တစ်သိန်းအထက် ရှိပါတယ်။ စစ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသော ဒေသခံ စစ်ဘေးရှောင်များအတွက်ဆို ကျွန်တော်တို့ ခရိုင်ဘက်က ၂၀၂၁ စစ်ကော်မရှင် အာဏာသိမ်းပြီးကတည်းက အရေးပေါ် ကူညီ ကယ်ဆယ်ရေး အစီအစဉ်၊ စစ်ဘေးရှောင် ကူညီ ပံ့ပိုးခြင်းများကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့ပါတယ်။ ပြီးပြည့်စုံ လုံလောက်သော ပံ့ပိုး ကူညီခြင်း မဟုတ်တာကတော့ သေချာပါတယ်။ တစ်ဆက်တည်း လူသားချင်း စာနာသော ခေါင်းစဉ်အောက်မှ အဖွဲ့အစည်းများက အကူအညီများနဲ့ ပြည်သူမှ ပြည်သူသို့ အကူအညီများသည်လည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်များထံ ပုံစံ အမျိုးမျိုးဖြင့် စီးဆင်းနေတာ တွေ့မြင် သိရှိရပါတယ်။
မေး — စစ်တပ်ဘက်က စီမံကိန်းတွေ လုပ်ဖို့ စစ်ရေး လှုပ်ရှားတာတွေ ရှိသလား။ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် စတင်ဖို့ ရုရှားနဲ့ စစ်တပ်ဘက်က ကြိုးပမ်းမှုတွေ ရှိနေတဲ့အပေါ် နယ်မြေခံ KNU မြိတ်-ထားဝယ်ခရိုင် အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ။ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအပေါ် ဘာ သတင်းစကား ပါးလိုပါသလဲ။
ဖြေ — စစ်ကော်မရှင်တပ်ဘက်မှ စီမံကိန်း နယ်မြေများတွင် စစ်ရေး လှုပ်ရှားမှု မြှင့်တင်နေတာ ကြာပါပြီ။ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး KNU မြိတ်-ထားဝယ်ခရိုင် ဘက်က သဘောထားကတော့ ဒီအလုပ်တွေက ပြည်သူ လက်မခံဘူး၊ ပြီးတော့ ရတဲ့ အကျိုးအမြတ်များသည်လည်း ပြည်သူအတွက် မဟုတ်တဲ့အပြင် တော်လှန်ရေးတပ်များကို အပြုတ် တိုက်ဖို့ သွယ်ဝိုက်၍ တစ်ဖက်တလမ်းက ကြိုးစားနေခြင်း ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေ မတည်ငြိမ်သော ကာလ ဖြစ်တဲ့အတွက် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ပြန်လည် စတင်ခြင်းကို လက်မခံပါဘူး။
မေး — မြိတ်-ထားဝယ်ခရိုင် အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကြောင်း အသိပေးလိုတာ ရှိရင် ပြောပြပေးပါလား။ ခဲမိုင်းမှာ တရုတ် လုပ်သားတွေ အလုပ်လာလုပ်တယ်ဆိုတဲ့ သတင်းချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား။
ဖြေ — သတ္တုမိုင်းနဲ့ ပတ်သက်ရင် အရေးကြီး သတိချပ်စရာ တစ်ခု ဖြစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ် ဖြေရှင်းကြရမည် ဖြစ်ပါတယ်။ KNU အနေဖြင့်ကတော့ တိကျ ခိုင်မာသော သတ္တုမိုင်း ပေါ်လစီ ရှိပါတယ်။ တာဝန်ခံမှု၊ တာဝန် မခံမှုနဲ့အတူ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနဲ့ ပြည်သူလူထုကို မထိခိုက်သော လုပ်ဆောင်ချက်မျိုး ဖြစ်ရပါမည်။ သို့သော် ကျွန်တော်တို့ အားနည်းမှာက မြေပြင် အထိ ထိထိရောက်ရောက် လက်တွေ့ကျကျ ဝင်ရောက် စီမံနိုင်ခြင်း မရှိပါဘူး။ တစ်ဖက်ကလည်း အခက်အခဲ ပြဿနာ မျိုးစုံကြားမှာ ပြည်သူတွေကလည်း တနိုင်တပိုင် စက်ယန္တရားဖြင့် လုပ်ကြပါတယ်။ လုပ်ငန်းရှင် တချို့ကလည်း စစ်ရေး ပဋိပက္ခ ကာလတွင် အုပ်ချုပ်ရေး လက်လှမ်း မမီသော နေရာဒေသနဲ့ စစ်ရေး ပဋိပက္ခကြောင့် ဒေသ အခြေအနေ မတည်ငြိမ်သော နေရာဒေသများတွင် စစ်ဘက်ဆိုင်ရာ အဘက်ဘက်နဲ့ ညှိနှိုင်းပြီး အခွင့်အရေး ယူ လုပ်ကိုင်တာမျိုးလည်း ရှိပါတယ်။ နောက်လာမည့် လုပ်ငန်း စီမံချက်များတွင် ထိရောက်သော စီမံ ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။
မေး — အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကျယ်ပြန့်နေတာ တွေ့ရတော့ မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေမှာ ကျားဖြန့်လို့ ခေါ်တဲ့ လိမ်လည် လုပ်ငန်းတွေ အန္တရာယ် စောင့်ကြည့်မှု အခြေအနေ ပြောပြပေးပါလား။ ကျားဖြန့်နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းက ချမှတ်ထားတဲ့ မူဝါဒတွေ အကြောင်း ရှင်းပြပေးပါလား။
ဖြေ — ကျားဖြန့် ကိစ္စနဲ့ ပတ်သက်လာရင် KNU အနေဖြင့် တိကျ ပြတ်သားစွာ ကန့်ကွက် ဆန့်ကျင်ပါတယ်။ ကြိုးစားပြီး တိုက်ဖျက်မှုများ၊ အစဉ်တစိုက် စောင့်ကြည့်မှုများ ရှိပါတယ်။ မြိတ်-ထားဝယ်ခရိုင် နယ်မြေ အနေဖြင့် ဆိုရင် ကျားဖြန့် ကိစ္စကို မစိုးရိမ်ပါနှင့်လို့ အမှာစကား ပါးလိုပါတယ်။
မေး — အကယ်၍ တပ်မဟာ (၄) ထိန်းချုပ် နယ်မြေအတွင်းမှာ ကျားဖြန့် ဂိုဏ်းတွေ ခိုအောင်း လုပ်ကိုင်နေတာကို စစ်ဆေး တွေ့ရှိခဲ့ရင် ခရိုင် အဆင့် အနေနဲ့ ဘယ်လို အရေးယူဖို့ မူဝါဒ ချမှတ်ထားပါသလဲ။
ဖြေ — ကျားဖြန့် ကိစ္စနှင့် ပတ်သက်လာပါက တိကျသော မူဝါဒ ရှိပါတယ်၊ ဖျက်စီးခြင်း၊ ရှင်းလင်းခြင်း တစ်နည်းတလမ်းဖြင့် နယ်မြေတွင်း လုံးဝ မရှိတဲ့ အဆင့်အထိ ရောက်အောင် ထိရောက်သော လုပ်ဆောင်မှုများ ရှိပါတယ်။
လူထုနွေဦး — အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


























































