Connect with us

Hi, what are you looking for?

အတွေးအမြင်

ဒဏ်ရာနဲ့ သိက္ခာ

မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ကျောမှာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာပါ။ ကြိမ်ရာရော ကျည်ရာရော ကျိန်စာရော အပြင် လတ်တလောမှာ အိုင်စီဂျေ တရားရုံး အဆုံးအဖြတ်နဲ့ပါ ပြည့်နှက်နေတာမျိုးပေါ့။ အမာရွတ်တွေ ဗလပွနဲ့အတူ သွေးစိမ်းရှင်ရှင် ထွက်နေဆဲ အနာတရတွေကလည်း တစ်ကိုယ်လုံး အနှံ့ များမှများပါပဲ။ ဒီအနေအထားမှာ အသက်မသေပေမဲ့ အရှက်ပွေစရာ ဖြစ်ရတယ်လို့ တွေးစရာကလည်း ဖြစ်လာတာပေါ့။

— မသီတာ-စမ်းချောင်း ရေးသားသည်။

မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ကျောမှာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာပါ။ ကြိမ်ရာရော ကျည်ရာရော ကျိန်စာရော အပြင် လတ်တလောမှာ အိုင်စီဂျေ တရားရုံး အဆုံးအဖြတ်နဲ့ပါ ပြည့်နှက်နေတာမျိုးပေါ့။ အမာရွတ်တွေ ဗလပွနဲ့အတူ သွေးစိမ်းရှင်ရှင် ထွက်နေဆဲ အနာတရတွေကလည်း တစ်ကိုယ်လုံး အနှံ့ များမှများပါပဲ။ ဒီအနေအထားမှာ အသက်မသေပေမဲ့ အရှက်ပွေစရာ ဖြစ်ရတယ်လို့ တွေးစရာကလည်း ဖြစ်လာတာပေါ့။

ကမ္ဘာမှာ ပထမဆုံး စံပြအဖြစ် သတ်မှတ်ခံလိုက်ရတာက လူမျိုးတုံး သတ်ဖြတ်မှုဆိုတာဟာ ဘယ်လို နည်းနဲ့မှတော့ ဝမ်းသာစရာ မကောင်းပါဘူး။ ဒါပေမဲ့ ဒီအဆုံးအဖြတ်ကြောင့် အရှက်ရစရာ ဖြစ်ရတယ်ဆိုတာကိုတော့ သေချာ ပြန်စဉ်းစားကြရမှာပါ။ တကယ် အရှက်ရစရာ ဖြစ်ရတာက တရားမဲ့မှုတွေ ဖြစ်ပျက်ခဲ့တာကို မကာကွယ်နိုင်၊ မတားမြစ်နိုင်၊ အရေးမယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တခြား နေရာဒေသတွေမှာလည်း တချိန်တုန်းက ဖြစ်စေ၊ လတ်တလောမှာ ဖြစ်စေ တရားမဲ့မှုတွေ ဖြစ်ခဲ့တာမှာ မကာကွယ်နိုင်၊ မတားမြစ်နိုင်၊ အရေးမယူနိုင်တာတွေ ဖြစ်ခဲ့ပေမဲ့ ဒီလို အဆုံးအဖြတ်မျိုးနဲ့ မကြုံရဘဲ ကိုယ့်နိုင်ငံကျမှ မြေနိမ့်ရာ လှံစိုက်ခံရတာလို့ တွေးပြီး နာကြည်းနေကြတာတွေကိုလည်း သတိထားမိပါတယ်။

ကမ္ဘာ့အရေး အရာတွေဟာ သီးခြား ရပ်တည်နေတာ မရှိဘဲ ဆက်စပ် ဖြစ်ပျက်နေတာ သေချာပါတယ်။ ကမ္ဘာ့ နိုင်ငံရေးတွေက အပြည်ပြည်ဆိုင်ရာ တရားဥပဒေ အရေးအပေါ်မှာ သက်ရောက်မှုတွေ ရှိတယ်ဆိုတာလည်း မငြင်းနိုင်တဲ့ အမှန်တရားပါပဲ။ ကမ္ဘာမှာ မြန်မာဟာ လူနည်းစုသာပါ။ ဒီကြားထဲ ကိုယ့်နိုင်ငံသားတွေအပေါ် ခွဲခြား ဆက်ဆံမှုမဲ့စွာ အုပ်စိုး ချယ်လှယ် ဖိနှိပ်တတ်တဲ့ စစ်တပ်က ဗီတို အာဏာရှင် နိုင်ငံတွေနဲ့ချည်း တပ်ကိုယ်ကျိုး စီးပွား အခြေခံ မိတ်ဖွဲ့တာမျိုး လုပ်ပါတယ်။ စစ်တပ်ကို ဆန့်ကျင်နေကြတဲ့သူတွေကြားမှာလည်း စစ်တပ်ရဲ့ ဝါဒဖြန့်ချိ ရေးမှိုင်းတွေ ဝနေကြသူတွေပီပီ ကမ္ဘာရိပ် ကမ္ဘာကဲ မကြည့်နိုင်ကြဘဲ လူမျိုးရေး အခြေခံ နိုင်ငံရေးနဲ့ တိုင်းရင်းသား ဖြစ်မှု အခြေခံ နိုင်ငံသား အဆုံးအဖြတ်တွေကို တင်းကြပ်စွာ ဆုပ်ကိုင် တွေးတောနေကြဆဲ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာမှာ မြန်မာအတွက် အချိန်မရွေး အားကိုးရလောက်တဲ့ မိတ်ဆွေစစ်ဆိုတာမျိုး မရှိလှတာ မဆန်းကြယ်နေပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြန်မာ့ ဇာတိသွေး ဇာတိမာန်ကိုက ငါတို့ဘာသာ ငါတို့ ညံ့တာ ဘာဖြစ်သေးလဲဆိုတာမျိုးကိုး။ ဒါကြောင့်သာ အယူခံခွင့် မရှိတဲ့ အပြီးအပြတ် အဆုံးအဖြတ်ကို လက်မခံဘူးတို့၊ အဲဒီလူမျိုးဆိုတာ မရှိမှ မရှိတာတို့ဆိုတဲ့ အကျိုးမရှိ အပြစ်ဖြစ်ဖွယ်တွေနဲ့ချည်း တုံ့ပြန်လာကြပါတယ်။ တကယ်က တရားရုံး အဆုံးအဖြတ်ထဲက စာသားတွေကို သေချာ လေ့လာကြည့်တဲ့အခါ အခုလို တွေ့ကြရပါတယ်။

“တရားရုံးသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဃ) တို့အရ လူမျိုးတုံး သတ်ဖြတ်မှု၏ ရုပ်ပိုင်းဆိုင်ရာ ပြုမူ ကျူးလွန်မှု (actus reus) ရှိကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ဆုံးဖြတ်”ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပုဒ်မတွေရဲ့ ဖွင့်ဆိုချက်တွေကတော့ ပုဒ်မ ၂ (က) – အုပ်စုဝင်များကို သတ်ဖြတ်ခြင်း၊ ပုဒ်မ ၂ (ခ) – အုပ်စုဝင်များအား ပြင်းထန်သော ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများ ဖြစ်စေခြင်း၊ ပုဒ်မ ၂ (ဃ) – အုပ်စုအတွင်း ကလေး မွေးဖွားမှုများကို တားဆီးရန် ရည်ရွယ်သည့် အစီအမံများ ချမှတ် ဆောင်ရွက်ခြင်း”တို့ ဖြစ်ပါတယ်။

တရားရုံးရဲ့ နောက် အဆုံးအဖြတ်တစ်ခုကတော့ “တရားရုံး ရှေ့မှောက်တွင် တင်ပြထားသော သက်သေ အထောက်အထားများသည် သဘောတူစာချုပ်၏ ပုဒ်မ ၂ (ဂ) အရ သတ်မှတ်ထားသည့် လူမျိုးတုံး သတ်ဖြတ်မှု၏ ရုပ်ပိုင်းဆိုင်ရာ ပြုမူ ကျူးလွန်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း အပြီးသတ် ကောက်ချက်ချနိုင်လောက်အောင် သက်သေပြနိုင်ခြင်း မရှိကြောင်း” လို့ ဖြစ်ပါတယ်။

ပုဒ်မ ၂ (ဂ) ရဲ့ အသေးစိတ် ဖွင့်ဆိုချက်က “အုပ်စုတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးပစ်ရန် ရည်ရွယ် တွက်ချက်ထားသော အသက်ရှင် နေထိုင်မှုဆိုင်ရာ အခြေအနေများကို ထိုအုပ်စုအပေါ် တမင်တကာ သက်ရောက်စေခြင်း” ဖြစ်ပါတယ်။

ဒါကြောင့် တရားရုံး အနေနဲ့ မြန်မာနိုင်ငံမှာ “လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် (genocidal intent) ရှိ၊ မရှိကို တရားရုံးက အောက်ပါ အချက်များအပေါ် အခြေခံ၍ သုံးသပ် ဆုံးဖြတ်မည် ဖြစ်သည်။ (က) ရိုဟင်ဂျာများကို ဦးတည်၍ စနစ်တကျ ကျူးလွန်ခဲ့သည့် အခြားသော ပြစ်မှု ကျူးလွန်မှုများ အပါအဝင် ယေဘုယျ နောက်ခံ အခြေအနေများ။ (ခ) ရိုဟင်ဂျာ လူမျိုးစုကို ရွေးချယ်၍ သီးခြား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း။ (ဂ) ရိုဟင်ဂျာ လူမျိုးစု၏ အခြေခံ အုတ်မြစ်များကို ထိပါး ပျက်စီးစေသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ခြင်း။ (ဃ) မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များသည် စနစ်တကျ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ယင်းလုပ်ဆောင်ချက်များ၏ အတိုင်းအတာနှင့် ပမာဏ ကြီးမား ကျယ်ပြန့်မှု” လို့ ဖော်ပြခဲ့ပါတယ်။

ဒီတော့ Genocidal intent (လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်) ဆိုင်ရာ ပုဒ်မဖြစ်တဲ့ ပုဒ်မ ၂ (ဂ) အရ သတ်မှတ်ထားတဲ့ လုပ်ရပ်ကို သက်သေပြနိုင်ခြင်း မရှိပေမဲ့ Actus reus (ပြုမူ ကျူးလွန်မှု) ဆိုင်ရာ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၂ (က)၊ (ခ) နဲ့ (ဃ) တို့အရ သတ်မှတ်ထားတဲ့ လုပ်ရပ်များကို သက်သေပြနိုင်ခဲ့တဲ့အပေါ်မှာ လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိ၊ မရှိကို အဆုံးအဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မဲ မပေးခဲ့တဲ့ တရားသူကြီးတွေက သက်သေပြနိုင်တဲ့ အချက်အလက်အပေါ်မှာ အခြေမခံဘဲ အများစုက ဆုံးဖြတ်တဲ့ ကောက်ချက်နဲ့ လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိတယ်လို့ အဆုံးအဖြတ် မပေးနိုင်ဘူးဆိုကာ မဲ မပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ အတော်လေး အရေးကြီးပါတယ်။ တရားရုံးက အချိန် နှစ်နှစ် ပေးထားပြီး ကုစား ပြုပြင်ရမယ့် အရာတွေကို ဆောင်ရွက်ပါလို့ ဆိုထားပါတယ်။ တရားမဲ့မှုတွေကို စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးက အတိအလင်း ဆိုခဲ့ပါတယ်။ သူတို့ရဲ့ အကိုးအကားထဲမှာ ကာ/ချုပ်ရဲ့ မိန့်ခွန်းအပြင် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်က အမုန်းစကားတွေလည်း ပါပါတယ်။ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ် ခြေရာ/လက်ရာတွေဟာ သက်သေအဖြစ် ကောင်းကောင်းကြီး အသုံးတည့်တာမျိုးပေါ့။

ဒီတော့ မြန်မာလူထု အနေနဲ့ စဉ်းစားစရာတွေ ရှိပါတယ်။ သတ်ဖြတ်မှု အပါအဝင် ပြစ်မှု ကျူးလွန်မှုတွေကို ပြန်လည် ပြုပြင် အဖတ်ဆယ်လို့ မရနိုင်တော့တာ သေချာပါတယ်။ ပြန်လည် အဖတ်ဆယ်နိုင်စရာ အခွင့်အလမ်းထဲမှာ လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိ-မရှိ ဆိုင်ရာ အငြင်းပွားမှု အပိုင်းအတွက် ခိုင်လုံနဲ့ လုံလောက် သက်သေ မရှိခဲ့တဲ့ အချက်ကို ဂရုတစိုက် ကိုင်တွယ်ကြဖို့ပါ။

တရားမဲ့မှုတွေ ဖြစ်ခဲ့တာမှာ မကာကွယ်နိုင်၊ မတားမြစ်နိုင်၊ အရေးမယူနိုင်တာတွေအပြင် တာဝန်ယူမှု တာဝန်ခံမှု မလုပ်ခဲ့တာ ကုစားဖို့ မကြိုးစားခဲ့တာတွေက သာ အရှက်ရစရာလို့ ဆိုခဲ့ပြီးပါပြီ။ ဒီ တာဝန်ရှိမှုမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အဓိက တာဝန်ရှိခဲ့ပေမဲ့ အဲဒီအချိန်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေမှာ ဆောင်ရွက်ခဲ့ကြသူတွေလည်း တာဝန် မကင်းပါဘူး။ အဲဒီလိုပါပဲ မြန်မာ့ လူ့အဖွဲ့အစည်းထဲက လူတစ်ဦးတစ်ယောက်ချင်းစီမှာလည်း တာဝန်ရှိတယ်လို့ ဆိုရမှာပါ။ ဒါကိုပဲ ဘယ်သူကတော့ အာဏာ ပိုရှိလို့ တာဝန် ပိုရှိတယ်၊ ဘယ်ဝါကတော့ လက်နက်ကိုင် ထားလို့ တာဝန် ပိုကြီးတယ်လို့ ခုချိန်ကျမှ ပြစ်တင် ဝေဖန်ပြီး ကိုယ်လွတ်ရုန်းကြ၊ ခေါင်းရှောင်ကြ၊ ထိုးချဖို့ ကြံစည် ပြင်ဆင်ကြဆိုတာမျိုးတွေကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ မြင်တွေ့လာရပါတယ်။ ခုနက ပြောသလိုပါပဲ။ ဈေးအိမ်သာ နံရံမှာ ရေးတာမျိုး မဟုတ်တော့ ဒစ်ဂျစ်တယ် ခြေရာ/လက်ရာ အားလုံးဟာ သက်သေ ဖြစ်လာနိုင်ပါတယ်။ တရားမဲ့မှုကို ခွင့်ပြုပေးခဲ့ကြသလို ဆက်လက်ပြီးလည်း ဘာ သင်ခန်းစာမှ မယူနိုင်ကြဘဲ ထမင်းရည်ပူလာ လျှာလွှဲနေကြတယ်ဆိုတဲ့ သက်သေမျိုး ထပ် စုမိဆောင်းမိအောင် မလုပ်ကြတာက ပို မကောင်းဘူးလား။

ဒီလူတွေကို လူမျိုးအနေနဲ့ အသိအမှတ် မပြုနိုင်ဘူးလို့ သာမန် လူထုထဲမှာရော အသိပညာရှိသူလို့ သတ်မှတ်နိုင်သူ တချို့ကြားမှာပါ သမိုင်း အထောက်အထား တချို့ကို ယူပြီး ပြောဆိုနေကြတာတွေကလည်း ငြင်းပယ်ခြင်း အခြေခံ တရားမဲ့ ပြုကျင့်လိုမှုအဖြစ် သက်သေဝင်နိုင်တယ်လို့ တွေးကြစေချင်ပါတယ်။ နဂိုက လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်နဲ့ ပတ်သက်တဲ့ ပုဒ်မအတွက် ခိုင်လုံနဲ့ လုံလောက် သက်သေ မရှိဘူးဆိုတဲ့ အနေအထားလေးကို ပျက်ယွင်း ထိခိုက်စေမယ့် ကာယကံမှု၊ ဝစီကံမှုနဲ့ ဒစ်ဂျစ်တယ် ခြေရာ/လက်ရာတွေကို သတိကြီးကြီးထားပြီး ရှောင်ရှားကြစေချင်ပါတယ်။

ဒီ နှစ်နှစ်တာ ကာလအတွင်း ကမ္ဘာကြီးကို မြန်မာ့ လူ့အဖွဲ့အစည်းဟာ “သူ့ကို ဖိနှိပ် အုပ်ချုပ်နေတဲ့ စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မတူပါဘူး၊ တရားမဲ့မှုတွေအပေါ် ကိုယ်နဲ့ရော စိတ်နဲ့ရော လက်နဲ့ပါ မပူးပေါင်း မဆောင်ရွက်လိုကြပါဘူး၊ တည်ဆဲဥပဒေ (ခြေ/ဥ အပါအဝင်) တွေကို နိုင်ငံတကာ စံတွေနဲ့အညီ ပြင်ဆင်ဖို့၊ အသစ် ရေးဆွဲဖို့ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာပါ၊ တရားဥပဒေ စိုးမိုးမှုကို ဆောင်ရွက်ဖို့ရာမှာလည်း စစ်တပ်က နိုင်ငံရေး ဦးဆောင်နေရာမှာ ရှိနေသရွေ့ မအောင်မြင်နိုင်သလို ပြစ်မှု ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေကို အရပ်သား ဥပဒေတွေက တာဝန်ခံမှု ရှိအောင် အရေး မယူပေးနိုင်ခဲ့လို့ ခုလိုတွေ ဖြစ်ခဲ့တာပါ၊ လူမျိုး-ဘာသာ အပါအဝင် ဘယ်လို ကွဲပြားခြားနားမှုကြောင့်မှ ခွဲခြား ဆက်ဆံခံရခြင်းနဲ့ တရားမဲ့ ပြုကျင့် သတ်ဖြတ် ဖိနှိပ်ခံရခြင်း မရှိတဲ့ လူ့ဘောင် ဖြစ်အောင် ကြိုးစားနေပါတယ်” ဆိုတဲ့ သတင်းစကားကို သက်သေ သက်ကာယများနဲ့အတူ ပါးနိုင်ဖို့ အရေးကြီးလှပါတယ်။

မြန်မာနိုင်ငံဟာ လူတစ်ယောက်ဆိုရင် သူ့ရဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခုဟာ ကင်ဆာ ဖြစ်ပြီး ပုပ်ပွ နံဟောင်နေပါတယ်။ ခက်တာက အဲဒီ အစိတ်အပိုင်းကို ကိုယ့်ဘာသာ ခွဲစိတ် ဖြတ်တောက် ဖယ်ရှားဖို့ မတတ်နိုင်နေတဲ့အတွက် အိမ်နီးချင်း အပါအဝင် ဘေးက လူလူသူသူတွေကို အော်ဟစ် အကူအညီ တောင်းနေပါတယ်။ အချိန် ကြာတာနဲ့အမျှ အဲဒီ ကင်ဆာ အစိတ်အပိုင်းကလည်း ကြီးထွားလာသလို ပိုပြီး ပုပ်ပွ နံဟောင်လာပါတယ်။ အဲဒီအချိန်မှာ အဲဒီ “မြန်မာ” ဆိုသူကို နံဟောင်နေလို့ဆိုပြီး အပြစ်တင်တာမျိုးကတော့ ကုထုံး မဖြစ်နိုင်ပါဘူး။ ကုထုံးအဖြစ် ကျန်သူတွေက ကင်ဆာ ဖြစ်နေတဲ့ အစိတ်အပိုင်းကို ကူညီ ဖယ်ရှားပေးဖို့ တောင်းဆိုမြဲ တောင်းဆိုကြရမှာပါ။

တစ်ပြိုင်တည်းမှာပဲ ကျန်းမာ သန်စွမ်းတဲ့ “မြန်မာ” ပြန်ဖြစ်လာဖို့ အဲဒီလူကိုယ်တိုင်ကလည်း “ကျန်းမာ သန်စွမ်းစေမယ့်” အနေအထိုင် အကျင့်အကြံ အပြုအမူတွေကို လုပ်ရမှာပါ။ သူတစ်ပါးရဲ့ အဆုံးအဖြတ်ကြောင့် ရှက်ရမှာ မဟုတ်ဘဲ ကိုယ်တိုင်ရဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေ အဆင်မပြေမှသာ ရှက်ရမှာ မဟုတ်ပါလား။

မြန်မာ့လူထု ကျောမှာ ဒဏ်ရာတွေ ဗရပွ ရှိနေတာ သေချာပါတယ်။ မြန်မာ့လူထု အနေနဲ့ ကိုယ့်လူနာ ကိုယ့်လူ့အဖွဲ့အစည်း ပြန်လည် “ကျန်းမာ သန်စွမ်းစေမယ့်” အနေအထိုင် အကျင့်အကြံ အပြုအမူတွေကို လုပ်ကြရင်းပဲ အရှက်ရစရာတွေကို ကျော်လွှား အနိုင်ယူကြဖို့ပါ။ သိက္ခာရှိတဲ့ အပြုအမူနဲ့ အပြောအဆိုကသာ ကိုယ့်သိက္ခာကို ကိုယ် ပြန်ဆည်ပေးနိုင်မှာပါ။ မြန်မာ့သိက္ခာဟာ မြန်မာ့လူထု လက်ထဲမှာသာလို့ ယုံကြည်ထားကြဖို့ပါပဲ။

(စစ်တပ် စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ အညာမှ စစ်ဘေးရှောင် ပြည်သူတွေ။ ဓာတ်ပုံ — ဒေသခံ)

ဆက်စပ်သတင်းများ

Facebook