Connect with us

Hi, what are you looking for?

အတွေးအမြင်

အရူးရင့်တဲ့နေ့

“နေမြင့်လေ အရူးရင့်လေ”ဆိုတဲ့စကားပုံအတိုင်း ပြုတ်လို့တောင် မနူးတော့တဲ့ ရင့်နေတဲ့အရူးတစ်ယောက်ကို ဒီနေ့ လက်တွေ့ကျကျ တွေ့လိုက်ရတာပါပဲ။

( AI ဖြင့်သရုပ်​ဖော်ထားတာဖြစ်ပါတယ်)

— ကိုး ရေးသားသည်။

“နေမြင့်လေ အရူးရင့်လေ”ဆိုတဲ့စကားပုံအတိုင်း ပြုတ်လို့တောင် မနူးတော့တဲ့ ရင့်နေတဲ့အရူးတစ်ယောက်ကို ဒီနေ့ လက်တွေ့ကျကျ တွေ့လိုက်ရတာပါပဲ။

အာဏာလုစစ်တပ် စိတ်တိုင်းကျလုပ်တဲ့​ရွေး​ကောက်ပွဲ ၊ စစ်တပ်စိတ်တိုင်းကျ စီစဥ်ထားတဲ့ စစ်တပ်လွှတ်တော်ထဲမှာ ကိုယ့်ဘာသာသမ္မတခန့်ထားတဲ့ မင်း​အောင်လှိုင် နိုဝင်ဘာ ၁၈ ရက် (ICJ က အပြီးသတ်စီရင်ချက်မချမီရှေ့တစ်ရက်) မှာပြောခဲ့တဲ့ မိန့်ခွန်းက အာဏာသိမ်းစစ်ခေါင်းဆောင်မရဲ့ စိတ်ရောဂါအခြေအနေကိုကွက်ကွက်ကွင်းကွင်းတွေ့လိုက်ရပါတယ်။

အရင်တုန်းက သူ့ကိုစိတ်ရောဂါအနုစားရထားသူ၊ ယဉ်ယဉ်လေးရူးနေသူလို့ ထင်ပေမယ့် နှစ်နာရီကျော်ကြာတဲ့ သူ့ရဲ့​ပေါက်ပန်း​လေးဆယ်​ပြောထားတဲ့စကားတွေထဲမှာတော့မင်း​အောင်လှိုင်ဟာ စိတ်ရောဂါအရင့်စားကို ရထားပြီဆိုတာကို တွေ့လိုက်ရတာပါပဲ။ တစ်ပူပေါ်နှစ်ပူဆင့်မယ့် ICJ အရေး ကြောက်စိတ်ကိန်းသွားတာလည်းပါကောင်းပါမှာပေါ့။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်တစ်ယောက် ဘယ်လောက်အထိတောင် နေမြင့်ပြီး အရူးရင့်ခဲ့သလဲဆိုရင် သူလက်လွတ်စပယ်ပြောခဲ့သမျှကို သူ့လက်ပါးစေမီဒီယာက ဖာဖာထေးထေးနဲ့ ပြန်ဖော်ပြရတဲ့အထိပါပဲ။ တချို့စကားတွေဆို လုံးဝကို ထည့်သွင်းဖော်ပြခြင်းမပြုဘဲ ဆင်ဆာလုပ်ပယ်ချခဲ့ရတဲ့အထိဖြစ်ပါတယ်။

“လက်နက်အင်အား၊ နည်းပညာအင်အား၊ လူအင်အား၊ သာလွန်တဲ့အင်အားနဲ့ ကျွန်တော်တို့ကို MNDAA တိုက်တာပေါ့။ နောက်မှာ သူတို့ရဲ့မဟာမိတ်တွေအကုန်ပါပါတယ်။ ကျွန်တော်တို့ တချို့ပြောမကောင်းလို့သာ မပြေတာ အကူ အညီတွေပါတယ်။ အကူအညီနဲ့တိုက်တာ။ သူတို့အင်အားနဲ့လာတိုက်တာမဟုတ်ပါဘူး”

MNDAA နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအကြောင်းပြောတဲ့ သူ့ရဲ့ ဒီပြောဆိုချက်တွေပါဝင်တဲ့ အကြောင်းအရာတစ်ခုလုံးဆိုရင် လုံးဝကို ထည့်သွင်းဖော်ပြခြင်းမပြုဘဲ ဆင်ဆာလုပ်ဖယ်ရှားခဲ့ပါတယ်။ ဒါဟာ စိတ်ရူးပေါက်၊ စိတ်လွတ်၊ ဒေါသူပုန်ထပြောခဲ့ပြီးခါမှ တရုတ်ကို ကြောက်စိတ်ပြန်ဝင်လာလို့ သူကိုယ်တိုင်ပဲ ဖယ်ရှား ချန်လှပ်ပစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဦးသိန်းစိန်အစိုးရ(သူ့အဆိုဒီမိုကရေစီပထမအစိုးရ)နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ(သူ့အဆိုဒီမိုကရေစီဒုတိယ အစိုးရ)လက်ထက်တွေမှာ ရယူသုံးစွဲခဲ့တဲ့ ပြည်ပကြွေးမြီတွေအကြောင်းပြောတဲ့အခါမှာသုံးသွားတဲ့ ကိန်းဂဏန်း တွေဟာလည်း သူ့လက်ပါးစေမီဒီယာကပြန်လည်ဖော်ပြတဲ့ကိန်းဂဏန်းတွေနဲ့ ကွဲလွဲနေတာတွေ့ရပါတယ်။

“ကျွန်တော်တို့ မြန်မာ့မီးရထားအင်ဂျင်နီယာတွေကိုပဲ ကိုယ့်နိုင်ငံမှာကိုယ်ပဲ ရထားတွဲရအောင်ဆောက်ပါ။ခေါင်းတွဲလည်းကိုယ့်ဟာကိုယ်ဆောက်ပါ။ နိုင်ငံခြားက လုံးဝမဝယ်ပါနဲ့လို့ကျွန်တော် အမိန့်ထုတ်ထားပါတယ်”

ဒါက သူပြောခဲ့တဲ့စကားလုံးအတိအကျပါ။ ဒီပြောစကားအပေါ်ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ စိတ်အခြေ အနေ အတော်လေးမူမမှန်တော့ဘူးဆိုတာ ထင်ထင်ရှားရှားတွေ့ရနိုင်မှာဖြစ်ပါတယ်။ “မြင်းစီးလို့မှ အထီးမှန်း အမ မှန်းမသိ”ဆိုတဲ့ မြန်မာစကားပုံနဲ့နှိုင်းရမယ့်ကိန်းပါ။

ကိုယ့်နိုင်ငံ ပကတိအခြေအနေမှန်ကဘယ်လိုအနေအထားမှာ ရှိနေတယ်ဆိုတာကို မသိနားမလည်နိုင်လောက်အောင်ထိ အခြေအနေဆိုးနေပါတယ်။ သူ့ရဲ့ ဒီစကားတွေနဲ့ပတ် သက်ပြီးလည်း သူ့လက်ပါးစေမီဒီယာက ဖာထေးပြင်ဆင်ဖော်ပြသွားရပါတယ်။

ဝန်ထမ်းလစာကိစ္စနဲ့ပတ်သက်ပြီးလည်း ထိုနည်းတူပါပဲ။ “အခွန်တွေတိုးရပြီဆိုရင်တော့ ကျွန်တော်တို့ လစာစရိတ် တွေလည်း တိုးပေးနိုင်မယ့်အနေအထားလေးရှိတယ်ဆိုတာလည်း တွေ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုတွက် နေပါတယ်။ လစာတိုးနိုင်ဖို့အတွက်လည်း တွက်နေပါတယ်။ ဒါလည်း ကျွန်တော်ထင်ပါတယ် လာမယ့်ဘဏ္ဍာနှစ် ဆိုရင်တော့ လစာတိုးပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဒါက သူ့ရဲ့ပြောစကားအတိအကျပါ။

ဒီစကားအပေါ် သူ့လက်ပါးစေမီဒီယာက “အခွန်ကောက်ခံမှုနယ်ပယ် ကျယ်ပြန့်လာခြင်းဖြင့် နိုင်ငံတော်ဝင်ငွေတိုး တက်လာမည်ဖြစ်သကဲ့သို့ဝန်ထမ်းလစာနှင့်အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း”ဆိုပြီး မင်းအောင်လှိုင်ရဲ့ နှုတ်ကျွံမှုကို ပြန်နုတ်သိမ်းသွားပြီး ဝန်ထမ်း လစာတိုးကိစ္စကို ယေဘုယျဆန်ဆန်သာ ထည့်သွင်းဖော်ပြာသွားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီကနေ့ကာလ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်နေမှုနဲ့ပတ်သက်ပြီးပြောဆိုရာမှာလည်း စည်းကြပ်ထားတဲ့ သွင်းကုန်၊ထုတ်ကုန်လိုင်စင်ကိစ္စ၊ ထိန်းချုပ်ထားတဲ့ဒေါ်လာငွေတို့ကြောင့်ဆိုတာကို တစ်ခွန်းတစ်ပါဒမှ စကားထဲထည့်မပြောသွားဘဲ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ဖို့ ဆိုတဲ့ အနာနဲ့ဆေးတခြားစီဖြစ်နေတဲ့အခြေအနေကိုသာ ဇောက်ချပြောဆိုသွားတာကလည်း ရင့်သော်လည်းပါးတဲ့ အရူး ပါးလို့ ဆိုရမှာပါ။

ဒီနေရာမှာ ရယ်စရာနှောပြီးတစ်ခုဖြတ်ပြောရရင် ကျောက်ကျင်းတန်ဖိုးတွက်ပြတဲ့ကိစ္စပါ။ “ကျောက်ကျင်းတစ်ကျင်းကို တစ်သိန်းနဲ့တွက်ရင်ကို သိန်းပေါင်းလေးသိန်းလိုပါတယ်။ ကျောက်ကျင်းတစ်ကျင်းကို နှစ်သိန်းနဲ့တွက် လို့ရှိရင် သိန်းပေါင်းရှစ်သိန်းငွေလိုပါတယ်။ ကျောက်ကျင်းတစ်ကျင်းကို သုံးသိန်းနဲ့တွက်လို့ရှိရင် သိန်းပေါင်း အယ်… ဟိုဥစ္စာ…အယ်…အယ်(အတန်ကြာစဉ်းစားပြီးနောက်) လေးသုံးလီဆယ့်နှစ်ပေါ့။ ၁၂ သိန်းလိုပါတယ်”ဆိုတဲ့နေရာ မှာ ထရယ်မိတော့တာပါပဲ။

နိုင်ငံကို ဦးဆောင်ချင်နေသူတစ်ယောက်က သုံးအလီ နဲ့ ​လေးအလီတောင် ဖြောင့်အောင်မရတာများလားလို့လည်း တွေးမိပြီး ဂရုဏာတောင် သက်မိချင်ချင်ဖြစ်ရပါတယ်။ “အာဏာတည်တံ့ရေးအတွက် မဟုတ်ပါဘူး။ တိုင်းပြည်ကောင်း စားရေးအတွက်လုပ်နေတာဖြစ်ပါတယ်”လို့ပြောလိုက်တဲ့စကားက ​လေးအလီမရဘဲ ထစ်ငေါ့နေတာထက်တောင် ပိုရယ်စရာကောင်းနေပါတယ်။

ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးပြောရာမှာလည်း လက်ရှိလည်ပတ်နေတဲ့ဆည်တွေထဲကရေကို လျှပ်စစ်အတွက် လွှတ်ချအသုံးပြုလိုက်ပြီးနောက် အဲဒီရေကိုပဲ ပြန်ဖမ်းပြီး ဆည်ထဲပြန်ထည့် ပြန်လည်ပတ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ပြောစကားကို ကြားတော့ အံ့သြမှင်တက်ဆွံ့အသွားခဲ့ရပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီလူဆေးကို မှန်မှန်ရော သောက်ရဲ့လား၊ လှုပ်ပြီးတော့ရောသောက်ရဲ့လားလို့ တွေးမိပါရဲ့။အာဏာသိမ်းစကနေ ဒီကနေ့ကာလအထိ အာဏာသိမ်းစစ်တပ်က နည်းမျိုးစုံသုံးသတ်ဖြတ်ခဲ့လို့ ပြည်သူ သောင်းနဲ့ ချီသေဆုံး၊ သုံးသောင်းကျော်ဖမ်းဆီးထားသလို နေအိမ်သိန်းနဲ့ချီမီးရှို့ဖျက်ဆီးထားပြီး ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေအပါအဝင် အဆောက်အအုံပေါင်းများစွာကို ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးထား တဲ့ စစ်တပ်ကို ဦးဆောင်နေသူက PDF နဲ့ EAOs တွေ သတ်လို့ လူ ၈၄၅၀ ကျော်သေတဲ့အကြောင်းနဲ့ အဆောက် အဦတွေ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ၁၃၉၈ ဒသမ ၂၅၁ ဘီလီယံရှိကြောင်း ထုတ်ပြောလာတာကတော့ အရပ်စကားနဲ့ ပြောရရင် ရုပ်ပေါက်လွန်းတယ်ဆိုတာပါပဲ။

နှစ်နာရီကျော်ကြာပြောလာသမျှထဲက ဘယ်ကိန်းဂဏန်းမှ မှန်အောင် မပြောနိုင်သူရဲ့ အခု PDF ၊ EAOs တို့နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းဟာလည်း ကယောင်ချောက်ချား ပြောဆိုလာတဲ့ ကိန်းဂဏန်းများလို့ပဲ မှတ်ယူရပါလိမ့်မယ်။ ဒါကြောင့်လည်း သူ့လက်ပါးစေမီဒီယာက ပြန်ဖော်ပြရာမှာ သူပြောထား တဲ့ ကိန်းဂဏန်းကို ချန်လှပ်ထားခဲ့ပါတယ်။

စစ်တပ်သတ်လို့၊ စစ်တပ်ဖျက်လို့ သေကြေ၊ ပျက်စီးရတဲ့ ဆုံးရှုံးမှုစာရင်းတွေကို သိချင်ရင် ခက်ခက်ခဲခဲ လိုက်လံပြုစု နေစရာမလိုဘဲ ပြည်တွင်းအဖွဲ့အစည်းတွေကနေ ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေအထိ အဖွဲ့အစည်းစုံက ပြုစု ထားတဲ့စာရင်းပေါင်းများစွာရှိတယ်ဆိုတာကိုလည်း အာဏာသိမ်းစစ် ခေါင်းဆောင်မင်းအောင်လှိုင်သိဖို့ ဒီနေရာ ကနေ လက်တို့ပြောလိုက်ချင်ပါတယ်။ ဒါမှအားမရသေးရင် ICJ နဲ့ ICC တို့မှာ ကိုယ်တိုင်သွားကြည့်လည်း သိနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကျင်းပသွားခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ သူ့ကို အရင်နှစ်များအတိုင်း အစည်းအဝေးတက်ရောက်ခွင့်ထပ်မံပိတ်ပင်လိုက်တဲ့အပေါ် အငုံ့စိတ်ရှိသူပီပီ “အာဆီယံနဲ့ရှေ့ဆက်ပြီးတော့ ဆက် ဆံရေးအတွက်လည်း ပြန်လည်သုံးသပ်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ဆုံးဖြတ်ထားကြောင်း ပြော လိုပါတယ်”ဆိုပြီး စိတ်ကောက်ကာ ရန်ထောင်သွားပါသေးတယ်။

ကျန်တာတွေကတော့ ထုံးစံအတိုင်းကြက်ဋီကာချဲ့၊ကြက်ဥဋီကာချဲ့၊ စပါးနှံဋီကာချဲ့ ၊ဝက်ဋီကာချဲ့၊ စက်သုံးဆီ၊ စားသုံးဆီဋီကာချဲ့တာတွေကို အချိန်အတော်ပေးပြောခဲ့ပါတယ်။

အချိန်နှစ်နာရီကျော်ကြာတဲ့ သူ့ရဲ့ အဲဒီမိန့်ခွန်းဆိုတာကိုအနှစ်ချုပ်ကြည့်လိုက်ရင်တိုင်းပြည်အပေါ် အမှန်တကယ် စေတနာထားလုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်နေတဲ့၊ လုပ်ဆောင်သွားမယ့် အခြေပြတစ်ခုမှ မတွေ့ရပါဘူး။

ရှင်းရှင်း ပြောရရင် တိုင်းပြည်ရဲ့ အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးစလုံးအတွက် စေတနာဆိုတာ မတွေ့ရဘဲ ချောင်ပိတ်အရိုက်ခံနေရတဲ့ခွေးအိုကြီးတစ်ကောင် ဒေါသထွက်မာန်ဖီရန်ရှာပုံ၊ သူများမကောင်းကြောင်း ကိုယ့် ကောင်းကြောင်း ကိုယ်ရည်သွေးပုံ၊ “ငါသိ၊ ငါတတ်”ဆိုတဲ့ ထင်တစ်လုံးစိတ်နဲ့ ထင်ရာစိုင်းနေပုံတွေကိုသာ တွေ့ရပါ တယ်။

အရူးရင့်ရင့်တစ်ယောက်လက်ထဲမှာ တိုင်းပြည်ကလည်း တဖြည်းဖြည်းပြိုဆင်းလာနေပါပြီ။သူ့ဘေးက ဝန်ကြီး၊ ဝန်ကလေး၊ အမတ်မင်းဆိုသူတွေနဲ့ လော်ဘီတွေကလည်း အရူးဘုံမြှောက် ချိုမိုင်မိုင်၊ ချိုမိုင်မိုင်၊ ရပ်နိုင်ပေ့၊ ရပ်နိုင် ပေ့ဆိုပြီး ဝိုင်းမြှောက်ပေးနေကြမှတော့ တိုင်းပြည်ဟာ ကုန်းဆင်းမှာ ဘီးတပ်လွှတ်လိုက်ခြင်းကို ခံရတော့တာပါပဲ။

ဆေးမရှိတော့ပါဘူး။ နေမြင့်ပြီး အရူးရင့်နေပြီဖြစ်တဲ့ မင်းအောင်လှိုင်အတွက် ဆေးမရှိတော့ပါဘူး။ထို့အတူပဲ သူနဲ့ အတူဆွဲချသွားခြင်းခံလိုက်ရတဲ့ တိုင်းပြည်အတွက်လည်း ကျရှုံးနိုင်ငံအဖြစ် မ​ကောင်းတဲ့ ညွှန်းကိန်းအားလုံးမှာထိပ်ဆုံး​ရောက်​နေပါပြီ။

ဒီအရူးကို ပုလ္လင်​ပေါ်က အချိန်မိဆွဲချပြီး တရားစီရင်နိုင်မှပဲ ၊စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး နိုင်ငံသစ်ကိုတည်​ဆောက်နိုင်မှပဲ ကျွန်​တော်တို့ရဲ့ ရင်​သွေးငယ်​တွေ အနာဂတ်ရှိမှာ ဖြစ်ပါတယ် ။ ဒိအတွက် ​တော်လှန်ခြင်းမှတပါး အခြားမရှိပါဘူး။ ။

ဆက်စပ်သတင်းများ