နိုဝင်ဘာ-၂၃၊၂၀၂၆။ကတ်သရင်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာအနီးက စစ်တပ်ကာကင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ဒီကနေ့ မနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၃ရက် ဒီကနေ့မနက် ၈နာရီကစတင်ကာ တိုက်ပွဲပြန်လည် ပြင်းထန်နေတာလို့ သိရပါတယ်။
” စစ်တပ်က ဒီနားမှာကာကင်း ချထားတာ တွေရှိတယ်။အဲတာကို ဝင်တိုက် နေတာ ။ကိုယ့်ဘက်ကထိုးစစ်ဆင်နေတာ။စစ်တပ်ကမိုးမိတ်မြို့ဘက်က နေလည်း အင်အားတိုးတာ တော့ရှိတယ်၊”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
မိုးမိတ်မြို့နယ်နဲ့တွင်းငယ်ကျေးရွာကြားက အရေးပါတဲ့ စစ်တပ်ရဲ့ အထိုင်စခန်းတချို့ကို KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းယူထားတယ်လို့ သိရပါတယ်။
ကင်းချောင်းရွာကို စစ်တပ်ကထိုးစစ်ဆင်ဖို့ကြိုးစားလာတာကြောင့် ပြန်လည်တိုက်ပွဲဖြစ်ရာကနေ ဒီနေမှာ စစ်တပ်ရဲ့ကာ ကင်းစခန်းတချို့ပါ ထပ်မံသိမ်းယူခံလနေရတာလို့ သိရပါတယ်။
အဲဒီနေရာကို စစ်တပ်က သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာက တတက(၁၃)ကနေ အင်အားဖြည့်ဖို့လည်း ကြိုးစားနေပြီး နိူဝင်ဘာ၂၂ရက်မှာ ကန့်ဘလူမြို့နယ်အခြေစိုက် ၆၀၀၆ တပ်ရင်းကနေ Mi-17 ၃စီးတွဲ တပြိုင်တည်းနဲ့ အင်အားသယ်ယူတာ တွေလုပ်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ တွင်းငယ်ရွာနဲ့ ၆၀၀၆တပ်ရင်းတွေမှာ လေယာဉ် အတက်အဆင်း လုပ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ၂၁ရက်ကလည်း ကန့်ဘလူနဲ့ တတက(၁၃)တို့မှာ စစ်မှုထမ်းအပတ်စဉ်(၂၈) တွေ သင်တန်းဆင်းထားတယ်လို့လည်း စုံစမ်းသိရပါတယ်။
တတက(၁၃)အနီးမှာလည်း ဒီကနေ့မနက်ပိုင်းမှာ စစ်တပ်က ဖောကား ၅စီးရပ်ထားပြီး စစ်မှုထမ်း သင်တန်းသားတွေကို ရှေ့တန်းပို့ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
မိုးမိတ်မြို့ကို အဓိက အင်အားပို့တဲ့ လမ်းကြောင်းဟာ တွင်းငယ်ရွာ တတက(၁၃)က ဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာ အဲဒီတပ်အတွင်းကို စစ်တပ်က အင်အားတိုးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ လည်း သိရပါတယ်။
























































