Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနဲ့ အရာတော်မြို့ပေါ်က ကထိန်တွေမှာ ယာဥ်ထိန်းရဲတွေပါ လက်နက်ကိုင်လှည့်

စစ်ကိုင်းတိုင်း၊ရွှေဘို နဲ့ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ကထိန်ပွဲတွေ ကျင်းပစေခဲ့ပြီး ယာဥ်ထိန်းရဲတွေကပါ လက်နက်ကိုင်ဆောင်ကာ လှည့်လည်​နေကြပါတယ်။

Screenshot

နိုဝင်ဘာ-၂၃၊၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘို နဲ့ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ကထိန်ပွဲတွေ ကျင်းပစေခဲ့ပြီး ယာဥ်ထိန်းရဲတွေကပါ လက်နက်ကိုင်ဆောင်ကာ လှည့်လည်​နေကြပါတယ်။

​ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း TikTok လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တဲ့ ရွှေဘိုမြို့ပေါ် ကျောင်းကထိန်လှည့်လည်ပွဲ ရုပ်သံမှတ်တမ်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ဆရာ၊ ဆရာမတွေ လှည့်လည်နေစဉ် ဘေးပတ်လည်မှာရဲတပ်ဖွဲ့ဝင်တွေသာမက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကပါသေနတ်တွေကိုယ်စီ ကိုင်ဆောင်ကာ လိုက်ပါနေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

အလားတူ အရာတော်မြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ ကျောင်းကထိန်လှည့်လည်ပွဲမှာလည်း စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံ ကိုင်ဆောင်ကာ လှည့်လည်ခဲ့ကြောင်း ဒေသတွင်း လူမှုကွန်ရက် သုံးစွဲသူတွေက ဝေမျှထားကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ထိန်းချုပ်မြို့​ပေါ်​တွေမှာ နယ်မြေအခြေအနေ အေးချမ်းတည်ငြိမ်နေတယ်ဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်ဖို့အတွက် စစ်ကောင်စီဘက်က မြို့ပေါ်ရှိ စာသင်ကျောင်းတွေကို ကထိန်ပွဲတွေ မဖြစ်မ​နေကျင်းပစေတာ ဖြစ်​တယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။အဲဒီကထိန်​တွေမှာ ယာဉ်ကြောရှင်းလင်းရေးသာ အဓိကတာဝန်ယူရတဲ့ ယာဉ်ထိန်းရဲတွေကိုယ်တိုင် လက်နက်ကိုင်ဆောင်ထားရတာဟာ မြို့ပေါ်လုံခြုံရေးအပေါ် စစ်ကောင်စီဘက်က စိုးရိမ်စိတ်မြင့်မားနေမှုကို ပြသနေကြောင်း လူမှုကွန်ရက်အသုံးပြုသူတွေက ထောက်ပြဝေဖန်နေကြပါတယ်။

“ဘယ် PDF မှ ကထိန်ပွဲကို ဝင်မပစ်ဘူး။ သူတို့ရဲတွေ သူတို့လုံခြုံရေးအတွက် ဂန်းကိုင်ထားတာ”လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးကမှတ်ချက်ပြုပါတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ကိုရှင်းသန့်ကလည်း “အဲဒီဒေသမှာရှိတဲ့ ပြည်သူလူထုကို ဝေဝါးအောင်လုပ်တဲ့ နည်းလမ်းတစ်ခုလို့ မြင်တယ်။ ဥပမာ ဘာသာရေးကိုလည်း ကိုင်းရှိုင်းတယ်ပေါ့ဗျာ။ ရိုးရာတွေကိုလည်း တန်ဖိုးထားတယ်ပေါ့။ အေးအေးချမ်းချမ်းနေချင်ပါတယ်ဆိုတဲ့ပုံစံမျိုး လုပ်ပြတာပေါ့ဗျာ။ ဒါပေမယ့် လူထုကတော့ စစ်တပ်အကျင့်ဆိုးတွေကို သိနေပြီဖြစ်တဲ့အတွက် ထူးခြားမှာတော့ မဟုတ်ဘူး။သူတို့ဘယ်လိုပဲလုပ်လုပ် သူတို့သည် ရက်စက်ယုတ်မာတယ်ဆိုတာ ပြည်သူလူထုက သိရှိထားပြီးသား ဖြစ်တဲ့အတွက် အချိန်ကုန်လူပန်းပဲ ဖြစ်မယ်ပေါ့ သူတို့အတွက်ကတော့။ ဒါပေမယ့်လူထုကတော့ ဝေဝါးသွားမှာတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။

​တစ်ဖက်မှာလည်း စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသရှိ ကျေးရွာတွေမှာ ဒေသခံပြည်သူတွေရဲ့ ရိုးရာအလှူပွဲနဲ့ကထိန်ပွဲများ ကျင်းပနေချိန် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတာ​ကြောင့် ပြည်သူ​​တွေ​သေဆုံးဒဏ်ရာရမှု မကြာခဏဖြစ်​နေကြောင်း ဒေသခံတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook