Connect with us

Hi, what are you looking for?

ဆောင်းပါး

မိတ္ထီလာက အုပ်ကြီးဖြစ်ချင်တဲ့ရာအိမ်မှူးကို ကျားဖြန့် ဘယ်လိုလိမ်သွားလဲ

ကိုနိုင်ဦးဟာ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁၄)က စစ်တပ်ခန့်ရာအိမ်မှူးတစ်ယောက်ပါ။ မိတ္ထီလာဆိုတာသိတဲ့အတိုင်း တပ်နယ်မြေ။ စိမ်းသရဖူစိမ်းကြတဲ့ နယ်မြေပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လက အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေလုပ်တော့ အုပ်ကြီးလုပ်ချင်တဲ့ကိုနိုင်ဦးလည်း ဝင်ပြိုင်တာပေါ့။ အဲဒီမှာ ကိုနိုင်ဦးက ၆၈၈ မဲ နဲ့ ဒုတိယအများဆုံး ရွေးချယ်ခံရတယ်။ ကိုတင်ထွန်းဆိုသူကတော့ ၁၈၀၈ မဲနဲ့ စစ်တပ်ခန့်အုပ်ကြီးဖြစ်သွားတယ်။

တည်ကြည်/People’s Spring

ကိုနိုင်ဦးဟာ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁၄)က စစ်တပ်ခန့်ရာအိမ်မှူးတစ်ယောက်ပါ။ မိတ္ထီလာဆိုတာသိတဲ့အတိုင်း တပ်နယ်မြေ။ စိမ်းသရဖူစိမ်းကြတဲ့ နယ်မြေပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လက အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေလုပ်တော့ အုပ်ကြီးလုပ်ချင်တဲ့ကိုနိုင်ဦးလည်း ဝင်ပြိုင်တာပေါ့။ အဲဒီမှာ ကိုနိုင်ဦးက ၆၈၈ မဲ နဲ့ ဒုတိယအများဆုံး ရွေးချယ်ခံရတယ်။ ကိုတင်ထွန်းဆိုသူကတော့ ၁၈၀၈ မဲနဲ့ စစ်တပ်ခန့်အုပ်ကြီးဖြစ်သွားတယ်။

အဲဒီလိုနဲ့ စစ်တပ်ခိုင်းသမျှ လုပ်လာရင်း နိုဝင်ဘာ ၁၅ ရက်နေ့က သူ့ဖုန်းကို ဖုန်းနံမှတ်အစိမ်းတစ်ခုဝင်လာတယ်။ သူကိုင်လိုက်တယ်။ ဟိုဘက်က ကိုနိုင်ဦးကို သိနေပြီးသား။ ဘယ်သူလဲမေးတော့ မန္တလေးတိုင်းဗိုလ်မှူးချုပ်ရဲနိုင်တဲ့။ ကိုနိုင်ဦး ပျာသွားလောက်တော့ထင်ပါတယ်။

ကိုနိုင်ဦးကို အဲဒီဗိုလ်မှူးချုပ်က မေးတယ်။ ကိုနိုင်ဦးတို့ရပ်ကွက်မှာ ဦးတင်ထွန်းက ၁၈ဝ၈မဲ နဲ့ ရရှိတယ်ဆိုတာဟုတ်လားတဲ့။ ဟုတ်ပါတယ်ဗိုလ်မှူးချုပ်ပေါ့။ ကိုနိုင်ဦးကကော ၆၈၈ မဲရတာကော ဟုတ်လားတဲ့။ ဒါလည်း ဟုတ်ပါတယ်ပေါ့။ နောက်ထပ် ကိုအောင်ကျော်ထွေးကရော ၈၈ မဲရတာ ဟုတ်လားတဲ့။ ကိုနိုင်ဦးလည်း ထပ်ပြီး ဟုတ်ပါတယ် ပြောရတာပေါ့။ မှန်နေတာကိုး။

Public Service Announcement

Public Service Announcement

အဲဒီဗိုလ်မှူးချုပ်ဆိုသူက ဘာဆက်ပြောလဲဆိုတော့ သူ ရွေးကောက်ပွဲရလဒ်တွေ ပြန်ကြည့်လိုက်ပါဦးမယ်တဲ့။ သူတို့မဲရလဒ်တွေအတိအကျ သိနေတော့ ကိုနိုင်ဦးလည်း ယုံသွားပုံပေါ်ပါတယ်။ သူတို့ဆက်ပြောကြတယ်။ ဗိုလ်မှူးချုပ်က ဒီကနေ့ စစ်တပ်ကဒုသမ္မတ ညိုစောရဲ့ လမ်းညွှန်ချက်အရ ကျေးလက် ဖွံဖြိုးရေး လုပ်ငန်းတွေကိုလုပ်ဖို့ ငွေကျပ်သိန်း ၃၀၀ဝ အတိုင်းအတာ ချပေးတယ်ဆိုတာကော ကိုနိုင်ဦး သိလားတဲ့။ ဟုတ်ကဲ့ မသိပါဘူးပေါ့။ တကယ်လည်း သူမသိတာကိုး။

လက်ရှိ ရပ်ကွက်ထဲမှာ ကွန်ကရစ်လမ်းတွေ ဖြစ်မြောက်ဖို့ ဒီအလုပ်တွေကိုလုပ်ဖို့ နိုင်ငံတော်ကနေ ချီးမြှင့်တဲ့ငွေတွေကို ခင်ဗျားတို့ကို ရစေချင်တယ်တဲ့။ အဲဒါတွေရဖို့ဆိုရင်လို့ တဝက်တပျက်ပြောပြီး ဖုန်းချသွားတယ်။ ခဏနေဖုန်းပြန်ဆက်မယ်တဲ့။ ပြောရရင် သိပ်ကိုအလုပ်များနေတဲ့ အရာရှိပုံစံ ဖမ်းလိုက်တာပါ။

ညနေ ၅ နာရီလောက်မှာ ကိုနိုင်ဦးဆီ ဖုန်းပြန်ဆက်လာတယ်။ အဲဒီဗိုလ်မှူးချုပ်ဆိုသူက ဘာပြောသလဲဆိုတော့ “ကိုနိုင်ဦး။ ခင်ဗျားကို ကျွန်တော်ယုံကြည်တယ်။ ခင်ဗျားရဲ့ ရိုးသားမှုကိုလည်း လေးစားတယ်”တဲ့။ ကိုနိုင်ဦး ကြွေပြီပေါ့။

နောက်ဘာဆက်ပြောလဲဆိုတော့ သူတို့ဝန်ကြီးဌာနတွေမှာ သဘာဝဘေးအန္တရာယ် ငလျင်ဘေး၊ ရေဘေး၊ စစ်ဘေးရှောင်တွေအတွက် ပျက်စီးဆုံးရှုံးတာတွေကို အလှူငွေထည့်ရတာတွေ ရှိတယ်တဲ့။ ကိုနိုင်ဦး အနေနဲ့ ဘယ်လောက်ထည့်နိုင်လဲမေးတယ်။ ကိုနိုင်ဦးက ကျွန်တော့်မှာလည်း ပိုက်ဆံမရှိဘူးလို့ ပြောလိုက်တယ်။

“ဗိုလ်မှူး ဟိုဟာဖြစ်လို့ရှိရင် ဆယ်သိန်းလောက်တော့ လှူမယ်”လို့ ပြောလိုက်တယ်။ အဲဒါဆိုရင် သူတဖက်ကို ပြောလိုက်ပါဦးမယ်လို့ ပြောပြီး ဖုန်းချသွားတယ်။ ဟိုဟာဆိုတာ ဘာလဲဆိုတာ​တော့သူမ​ပြောပါဘူး ။အုပ်ကြီး​တောင်ဖြစ်ချင်လွန်းလို့ ဝင်ပြိုင်ပြီး ရှုံးခဲ့တာမို့ ဗိုလ်မှူးချုပ်ဆိုသူရဲ့လုပ်ပိုင်ခွင့်နဲ့ ရာအိမ်မှူးထက်ကြီးတဲ့ ​နေရာရဖို့သူ​မျှော်လင့်ခဲ့ဟန်

တူပါတယ် ။အာဏာသိမ်းစစ်တပ်လက်​အောက်မှာ လုပ်ပိုင်ခွင့်ရ​လေ လာဘ်စားရတာဟန်ကြ​လေမို့ ၁၀ သိန်း​လောက်ရင်းနှီးမြှပ်နှံလိုက်မယ်လို့ သူတွက်ခဲ့ဟန်ရှိပါတယ်။

တအောင့်နေတော့ သူဖုန်းပြန်ဆက်လာတယ်။ သူက ဘာပြောသလဲဆိုတော့ “ခင်ဗျားအနေနဲ့ ဆယ်သိန်းလောက်တော့ မဖြစ်နိုင်ဘူး။ ဆယ့်ငါးသိန်းလောက် လှူပါ”လို့ ပြောတယ်။ ကိုနိုင်ဦးလည်း ထောင်ချီရမယ့်အရေး ခေါင်းငြိတ်လိုက်ရတော့တာပေါ့။ ဗိုလ်မှူးချုပ်ဆိုသူကလည်း ဖုန်းဆက်တဲ့အပြင် Viber ကနေလည်း ကိုနိုင်ဦးဆီ အုပ်ချုပ်ရေးမှူးရုံးက စာရွက်စာ

တမ်းတွေလည်း အကုန်ပို့တယ်။ အယုံံသွင်းနေတာပါ။

ည ၇ နာရီကျော်တော့ ဖုန်းပြန်ဆက်တယ်။ ကိုနိုင်ဦးတို့ ရပ်ကျေးဥက္ကဋ္ဌတွေနဲ့၊ ကျေးလက်ဦးစီးဌာနနဲ့ ပေါင်းပြီးလုပ်ရမယ်တဲ့။ ကျေးလက်ဦးစီးဌာနကိုတော့ သူသိန်းတစ်ရာ လှူခိုင်းထားတယ်တဲ့။ ကိုနိုင်ဦးအနေနဲ့ အဆင်မပြေတဲ့အတွက်ကြောင့်မို့ သိန်း ၂၀ လောက်တော့ ဖြစ်အောင် လှူပေးပါလို့ ပြောတယ်။

ကိုနိုင်ဦးကလည်း သူ့ရပ်ရွာအတွက်ပဲ ဒီလောက်တော့ ရင်းရမှာပေါ့ဆိုပြီး သူ့ထဲမရှိတာနဲ့ သူ့သူငယ်ချင်း မဲတူဆီကနေ သိန်း ၂၀ သွားချေးပြီး လွှဲပေးလိုက်တယ်။ မဲတူအိမ်ကနေလည်း အဲဒီဗိုလ်မှူးချုပ်ဆိုသူ ဆီ ဖုန်း ၂ ခါတောင် ဆက်တယ်။ ဆက်တော့ ဆက်မရဘူး။ သူ့မိန်းမဆက်တော့လည်းမကိုင်ဘူး။

ကိုနိုင်ဦးက သူ့မိန်းမကိုတောင် ပြောလိုက်သေးတယ်။ “ငါ့မိန်းမရာ။ လူကြီးတွေ အလုပ်ရှုပ်နေလို့ မကိုင်တာနေမှာပါ”ဆိုပြီး။ ည ၉ နာရီလောက်ဆိုရင်တော့ သူဖုန်းပြန်ခေါ်မယ်ပြောတယ်။ သူဖုန်းခေါ်တာကို စောင့်လိုက်ကြဦးစို့ဆိုပြီး စောင့်တယ်။ ည ၉ နာရီခွဲလောက်မှာ ဖုန်းလာပါတယ်။

“ကိုနိုင်ဦး။ခင်ဗျားလုပ်ငန်းကိစ္စအဝဝကတော့ အဆင်ပြေသွားပြီ”လို့ ပြောတယ်။ သူ့ကိုလည်း ဒီတခါ အုပ်ကြီးရွေးပွဲကျရင် အုပ်ကြီးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့သဘော ပြောလာတယ်။ မနက်ခင်း ခြောက်ခွဲ ခုနှစ်နာရီကျမှ ဖုန်းပြန်ဆက်မယ်လို့ ပြောတယ်။ ကိုနိုင်ဦးလည်း ပျော်ပြီး အိပ်သွားတာပေါ့။

နောက်တရက် မနက်မိုးလင်းတော့ အဲဒီဗိုလ်မှူးချုပ်ဆီကနေ ဖုန်းဝင်လာတယ်။ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနာမည်ပါပါလာတယ်။သူ့တော့ဘာမှကန်တော့စရာမလိုဘူး သူပြောပြီးသားတဲ့။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကိုတော့ ကန်တော့ရမယ်တဲ့။ ဒါဆို မြို့နယ်မှူးကန်တော့ရမယ်ဆိုရင် သူ့ဖုန်းတိုက်ရိုက်ကို လွှဲရမှာလားလို့ ကိုနိုင်ဦးက ပြန်မေးတယ်။ လွှဲရမယ်ဆို မြို့နယ်မှူးဖုန်းနံပါတ်ပေးပါလို့ မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်။ အဲဒီမှာ ဗိုလ်မှူးချုပ်က “ဟာဗျာ။ ခင်ဗျား ပိုက်ဆံ နှစ်သိန်း၊သုံးသိန်းကို မြို့နယ်မှူးဖုန်းတိုက်ရိုက်လွှဲဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရာထူးနဲ့ ဒီငွေကြေးလောက်နဲ့ ဘယ်လိုလုပ် အပြုတ်ခံမလဲ”လို့ ပြန်ပြောတယ်။

တိုတိုပြောရရင် သူက Kpay ဖုန်းနံပါတ်တစ်ခု ပေးတယ်။ သူပေးတဲ့ ဦးအေးကျော်ဆိုတဲ့ K Pay အကောင့်ကို တစ်သိန်းခွဲ မငယ်ကေပေးဆိုင်ကနေ သွားလွှဲပေးလိုက်တယ်။ လွှဲပေးပြီးပြီလို့ Viber ကနေပြောတော့ ဗိုလ်မှူးချုပ်က OK လို့ ပြန်ပြောတယ်။

နောက်တော့ ကိုနိုင်ဦးတို့ အဲဒီဗိုလ်မှူးချုပ်ဆီ ဖုန်းဆက်တယ်။ ဖုန်းမကိုင်ဘူး။ ကိုနိုင်ဦးတို့ကို CB ဘဏ်ကို သွားခိုင်းတယ်။ CB ဘဏ်မှာလည်း ဘာငွေလွှဲမှ ဝင်မလာဘူး။ မဝင်တော့လည်း ဘဏ်ထဲဆက်ထိုင်မနေတော့ဘဲ ပြန်လာရတော့တာပေါ့။ ၁၆ ရက်နေ့ မနက် ၉ နာရီကျ ဖုန်းပြန်လာတယ်။ ဘာထူးသေးလဲတဲ့။ ကိုနိုင်ဦး တင်းပြီပေါ့။ ဖုန်းထဲတင် စကားများကြတယ်။ အဲဒီဗိုလ်မှူးချုပ်ဆိုသူက ကိုနိုင်ဦးကို”မင်းကို ကိုတင်ထွန်းရဲ့လူတွေက ရိုက်ဖို့ စောင့်နေပြီ”လို့ ပြောတယ်။ ကိုတင်ထွန်းဆိုတာက သူ့ထက်မဲအသာရလို့ အုပ်ကြီးဖြစ်နေတဲ့သူ။

ကိုနိုင်ဦးလည်း ပိုတင်းပြီး ဘယ်သူ့မှ ေ-ာက်ဂရုမစိုက်ဘူးလို့ ပြောလိုက်တယ်။ နောက်ပြီး သူတို့စစ်တပ်ထောက်ခံသူတွေသုံးနေကျစကားဖြစ်တဲ့ “မင်းတို့က ထမီခြုံအဆင့်လောက်ရှိတာ။ကြိုက်တဲ့နေရာချိန်းလိုက်”ဆိုပြီး ပြောပစ်တယ်။ အဲဒီနောက်ပိုင်း ဘာအဆက်အသွယ်မှ မရတော့ဘူးတဲ့။

ကိုနိုင်ဦး စုစုပေါင်းလွှဲပေးလိုက်ရတာက ၃၆ သိန်းခွဲလို့ ပြောပါတယ်။ ကျန်​ငွေ​တွေကို သူဘယ်သူ့ကို ဘယ်လိုထပ်လွှဲရတယ်ဆိုတာ​တော့ သူအ​သေးစိပ်မ​ပြော​တော့ပါဘူး။

မိတ္ထီလာမှာ မိုးတွေညို့နေတယ်။ အရင်ရက်က မိုးတွေကောင်းထားတော့ လမ်းတွေပေါ်လည်း ရေတွေဝပ်လို့ဝပ်။ ပျက်တဲ့လမ်းက ပျက်လို့။ ကိုနိုင်ဦးတစ်ယောက် ပျက်နေတဲ့လမ်းတွေကိုကြည့်ရင်း ဗိုလ်မှူးချုပ်ကြီးကို သတိရနေမလားတော့ မပြောတတ်ပါ။

ဆက်စပ်သတင်းများ