ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။
အဲဒီ သံသယ တရားခံတွေဟာ ဘန်ကောက်ဟိုတယ် တစ်ခုကနေ အသက် ၂၉ နှစ်အရွယ် တရုတ် အမျိုးသမီးကို မြန်မာနဲ့ နယ်စပ်နားက မဲဆောက်မြို့ဆီ ဖမ်းဆီးခေါ်ဆောင်သွားဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးဟာ စင်ကာပူမှာ မဟာဘွဲ့ သွားတက်မယ့်သူဖြစ်ပြီး စင်ကာပူမှာရှိတဲ့ တရုတ်မိတ်ဆွေ တစ်ဦးရဲ့ တိုက်တွန်းမှုကြောင့် ထိုင်းကို သွားရောက် လည်ပတ်ခဲ့တာပါ။
ဩဂုတ် ၂၃ ရက် ညနေပိုင်းမှာ သူ့ကို ဟိုတယ်ကနေ ကားတစ်စီးက လာခေါ်ခဲ့ပြီး အဲဒီနောက် တခြားအမျိုးသား ၃ ယောက်က တစ်နေရာမှာ ကားပေါ်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ထိုင်း ၄ ဦးက အမျိုးသမီးရဲ့ ဖုန်းကို သိမ်းယူခဲ့ပြီး သူ့လက်တွေကို ကြိုးတုပ်ထားခဲ့သလို ကိုယ်ထိလက်ရောက် ရန်ပြုခဲ့ပါတယ်။

Public Service Announcement
မဲဆောက်ဆီ ဦးတည်နေတဲ့ ကားဟာ လုံခြုံရေးဂိတ် ၄ ခုကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ကမ်ဖန်ဖက်မှာတော့ အရာရှိတွေက အမျိုးသမီး အကူအညီ တောင်းခံနေတဲ့ အသံကို သတိပြုမိသွားပါတယ်။ အဲဒီအခါ ယာဉ်မောင်းက ကားကို အရှိန်တင် မောင်းပြေးသွားပေမယ့် အမျိုးသမီးကတော့ ရွေ့နေတဲ့ ကားပေါ်ကနေ ခုန်ချပြီး လွတ်မြောက်ခဲ့ပါတယ်။ ပြီးတော့ နီးစပ်ရာ အလှပြင်ဆိုင် တစ်ခုထဲကို ပြေးဝင်ပြီး အကူအညီ တောင်းခဲ့ပါတယ်။
ရဲတွေက ကားဘီးတစ်လုံးကို သေနတ်နဲ့ ပစ်ခွဲပြီး ထိုင်း ၂ ဦးကို နေရာမှာတင် ဖမ်းမိခဲ့ပါတယ်။ ကျန်တဲ့ ၂ ဦးကိုလည်း အနီးမှာရှိတဲ့ ဘုရားကျောင်း တစ်ခုထဲမှာ ပုန်းအောင်းနေတာကို ရှာတွေ့ခဲ့ပါတယ်။ အဖမ်းခံရသူတွေက အသက် ၄၁ နှစ်အရွယ် ဆွမ်ကစ်၊ အသက် ၂၄ နှစ်အရွယ် ကစ်တီပေါင်၊ အသက် ၄၁ နှစ်အရွယ် ဆူချတ်နဲ့ အသက် ၂၂ နှစ်အရွယ် ကစ်တီဆတ်တို့ ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကစ်တီပေါင်က အမျိုးသမီးကို ဘန်ကောက်ကနေ မဲဆောက်ထိ ကားမောင်းပို့ပေးဖို့ သူ့ကို ဆွမ်ကစ်က ဘတ် ၁၀၀၀၀ နဲ့ ငှားရမ်းခဲ့တာလို့ ထွက်ဆိုပါတယ်။
ကမ်ဖန်ဖက် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ဆွမ်ကာဆမ် ချာရက်က အခုကိစ္စဟာ လူမှောင်ခို ကွန်ရက်တစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ယူဆရကြောင်း ပြောပါတယ်။ အမျိုးသမီးကို ထိုင်းနိုင်ငံ သွားရောက်ဖို့ တိုက်တွန်းသူ၊ ချိတ်ဆက်ပြီး လာခေါ်သူ၊ အိမ်နီးချင်း နိုင်ငံဖက် ဖမ်းဆီးခေါ်ဆောင်သွားဖို့ အားထုတ်သူတွေကြားမှာ ဆက်စပ်မှု ရှိမယ်လို့ ဆွမ်ကာဆမ်က ယူဆနေပါတယ်။
အမျိုးသမီးက အနက်ရောင် Teana မော်တော်ကားဟာ အလည်အပတ် ခရီးစဉ်အတွက် သူကြိုတင် မှာယူထားတဲ့ ယာဉ်လို့ ယုံကြည်တဲ့အတွက် လိုက်လာခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ သူ့ကို ကမ်ဖန်ဖက်က ဆေးရုံတစ်ခုဆီ တင်ပို့ပေးထားပါတယ်။
ထိုင်းအရာရှိတွေက အမျိုးသမီးကို ဘန်ကောက်ဆီ သွားရောက်ဖို့ တိုက်တွန်းခဲ့သူကိုလည်း သံသယရှိသူအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနိုင်ဖို့ ကြိုးစားနေပါတယ်။ သံသယ ရှိသူတွေဟာ အမျိုးသမီးကို မြန်မာဖက်ခြမ်းက ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေဆီ ခေါ်ယူသွားဖို့ ရည်ရွယ်ခဲ့တာလား ဆိုတာကိုတော့ ရဲတွေက တိတိကျကျ မပြောသေးပါဘူး။
ကိုးကား: Thai Enquirer


















































