သြဂုတ် – ၂၆ ၊၂၀၂၆
ရေဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရေကြီးချိန်ကနေရာရွေ့ပြီး မျောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကသတိပေးပါတယ်။
စစ်ကိုင်းတိုင်းမှာမိုးကြီးတာနဲ့အတူကန့်ဘလူခရိုင် ၊ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည် က ရေလွှတ်ချတာတွေကြောင့် ရေဘေးကြုံခဲ့ရတဲ့တန့်ဆည်မြို့နယ်အရှေ့ခြမ်း၊ ရေဦး–တန့်ဆည်အစပ်၊ရေဦးမြို့နယ်အရှေခြမ်း၊ကန့်ဘလူနယ်မြို့နယ်အနောက်တောင်ခြမ်းနဲ့ခင်ဦးမြို့နယ်အစပ်ကမူးမြစ် ကမ်းဘေးရွာတွေအနေနဲ့ မိုင်းအန္တရာယ်အထူးသတိပြုကြဖို့ သတိပေးတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းသြဂုတ်လ ၁၈ ရက်ကဆိုရင်တန့်ဆည်မြို့နယ်အရှေ့ခြမ်း တပ်သစ်ရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ယာထဲဆင်းချိန် မြေမြှုပ်မိုင်းနင်းမိပြီးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးပါတယ်။

Public Service Announcement
ရေကြီးချိန်မှာ စခန်းစွန့်သွားတဲ့ စစ်တပ်ရဲ့စခန်းပတ်လည်မှာ ထောင်ထားတဲ့မိုင်းတွေ ရေစီးနဲ့ မျောလာတာတွေရှိနေတယ်လို့ အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။
ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Infinity Group ကလည်း မူးမြစ်ဘေးမှာရှိတဲ့ ကန့်ဘလူအ နောက်ခြမ်းက စိန်နား၊ကမ်းဖြူ၊ မြေထူးအုပ်စု၊ဘု တ္တော ၊ဆားကုန်း၊ဆားကိုင်း၊ကံရိုးနဲ့တန့်ဆည်အ ရှေ့ခြမ်းက မူးတိမ်၊မူးခွ၊ကဘဲ၊ ဘေရင်း၊ကျွန်းလည်၊နား ဋောင်းကျ၊အက် တော၊ ရွေလမ်းဆုံ စတဲ့ နေရာ တွေက စစ်တပ် စခန်း တွေမှာ ထောင်ထားတဲ့မိုင်းတွေ ရေနဲ့မျောသွားတယ်လို့ အသိပေးဖော်ပြထားတာရှိပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ အထူးသတိပြုကြဖို့ သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့တပ်စခန်းတွေနဲ့ အခြေစိုက်ရာဝန်းကျင်မှာ လုံခြုံရေးအတွက်မိုင်းထောင်ထားတာတွေရှိပြီး အဲဒီလိုထောင်ထားတဲ့မိုင်းအရေအတွက်၊ မြေပုံ ကို ပြုစုထားပြီး စနစ်တကျ ပြန်လည်ဖြုတ်သိမ်းကြတယ်လို့ မီဒီယာကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း တုံ့ပြန်ထားပါတယ်။
စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်၊သေဆုံးသူအများဆုံး နိုင်ငံဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မှာတင် သေဆုံးသူနဲ့ ဒဏ်ရာရ ၁,၀၀၃ ဦးရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအများဆုံး နိုင်ငံဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံဟာအခြားသောနိုင်ငံတွေလိုမြေမြှုပ်မိုင်းတားမြစ်ရေးစာချုပ် မှာ ပါဝင်လက်မှတ်ရေးထိုးထားတာမရှိပါဘူး။


















































