အောက်တိုဘာ-၃၀၊၂၀၂၆။ထားမြတ်၊အိမ်သွင်/People’s Spring
တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။
KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)ကညော်ဆီရွာ(ကညင်ချောင်းရွာ)ကို စစ်တပ်ကအောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ဖော်ပြပါတယ်။
တိုက်လေယာဉ်ကနေ ဗုံး ၂၅၀ ဗုံး ၂လုံး၊ ပေါင် ၃၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် အမြောက်ငယ်လို့ခေါ်တဲ့ 23mm cannon လက်နက်နဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

Public Service Announcement
အဲဒီလို တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၄ ဦးမှာ အသက် ၁၀နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနဲ့ အသက် ၉၃ နှစ်အရွယ် အဘွားအို ၁ဦးလည်း ပါဝင်ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အသက် ၁၀နှစ်နဲ့ ၁၅နှစ်အရွယ် ကလေး ၂ဦး အပါအဝင် ဒဏ်ရာရသူ ၃ဦးရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ နဲ့ စာသင်ကျောင်းထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း အသိပေးပါတယ်။
ကညင်ချောင်းရွာက နေအိမ်တစ်လုံးပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် အဲ့ဒီအိမ်က မိသားစုဝင် လေးဦးသေဆုံးတယ်လို့ မြို့ခံအချို့ကပြောပါတယ် ။
“သေဆုံးတာက လောလောဆယ် လေးဦး အတည်ပြုထားနိုင်ပါတယ်။ ဒဏ်ရာရတာက သုံးဦးဖြစ်ပါတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
အခုစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကညင်ချောင်းရွာဟာ စက်တင်ဘာလကုန်ပိုင်းက ရေဘေးကြုံခဲ့ရတဲ့ ဒေသက ရွာဖြစ်ပါတယ်။ စက်တင်ဘာ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့အတွက် ရွာသူ၊ ရွာသား ၂ ဦး သေဆုံးပျောက်ဆုံးခဲ့ပြီး အိမ်ခြေ (၃၇၆) လုံး ထိခိုက်ပျက်စီးခဲ့ရတဲ့ရွာဖြစ်တယ်လို့ဆိုပါတယ်။
ရေဘေးကြောင့် ရွာခံပြည်သူ ၁၆၀၀ ကျော် စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲများ ကြုံနေရချိန် စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေဘေးသင့်ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်းက ကျေးရွာတွေကိုလေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့အပြင် သရက်ချောင်းနဲ့ ပုလောမြို့နယ်တွေမှာမြေပြင်စစ်ကြောင်းထိုးတာတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။




















































