အောက်တိုဘာ-၂၅၊၂၀၂၆။မိထက်/People’s Spring
ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမအောင်တဲ့အတွက်ရေဘေးသင့်တောင်သူတွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လကုန်ကလေးမျက်နှာမြို့နယ် ရေကာတာကျိုးပြီး လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်းမြို့နယ်တွေမှာ ရေကြီးခဲ့ပါတယ်။ရက်ပေါင်းများစွာရေနစ်မြုပ်ခဲ့တာကြောင့် စပါးစိုက်ခင်းအများအပြားပျက်စီးခဲ့ပါတယ်။
ပျက်စီးသွားတဲ့စပါးစိုက်ခင်းတွေအတွက် စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေက စာရင်းကောက်ယူနေဆဲဖြစ်သလို ၊ လတ်တလောမှာတော့ ၁ ဧကအတွက် ပျိုးစပါး၁ တင်းနဲ့ လယ်မြေကိုထွန်ယက် ပေးတယ်လို့ တောင်သူတချို့ကပြောပါတယ်။

Public Service Announcement
ဒါပေမယ့် စစ်အုပ်စုထုတ်ပေးတဲ့ ပျိုးစပါးတွေက အပင်မပေါက်တဲ့အတွက် ထပ်ဝယ်ပြီး ထပ်စိုက်ရတယ်လို့ လေးမျက်နှာမြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။
“G11 လို့ ခေါ်တဲ့ စပါးပေးတယ်။ မပေါက်တဲ့အတွက် တခြားမျိုးကို ၁ တင်း ၄ သောင်းပေးပြီးဝယ်ရတယ်။ စိုက်ပျိုးစရိတ်တွေပိုကုန်တာ။ ကျွန်တော်ဆို ရေမြုပ်သွားတဲ့စပါးတွေအကုန်ပျက်တယ်။ခြုံပြောရရင်တော့ တောင်သူလယ်သမားကအရှုံးချည်းပဲ”လို့ အဆိုပါလယ်သမားကပြောပါတယ်။
အလားတူ ရေကြည်၊ကျုံပျော်၊ငါးသိုင်းချောင်းမြို့နယ်တွေက လယ်သမားအချို့လည်းစစ်ကောင်စီပေးတဲ့မျိုးစပါးတွေ မပေါက်တဲ့အတွက် အသစ်ထပ်ဝယ်ပြီးပျိုးနေရတယ်လို့ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာရေဘေးကြောင့်လယ်တွေပျက်စီးသွားတဲ့အပေါ် ကူညီထောက်ပံ့မှုတွေ စနစ်တကျလုပ်ဆောင်ခြင်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြန်လည်ထွန်ယက်ဖို့အတွက် စက်သုံးဆီဝယ်ဖို့ ခက်ခဲသလို ပျက်စီးတဲ့လယ်ဧကအရေအတွက်ကိုလည်းစနစ်တကျစာရင်း ကောက်ယူခြင်းမရှိဘူးလို့ ပြောပါတယ်။
“တာကျိုးလို့ရေကြီးတုန်းကလည်းကယ်ဆယ်ရေးကိုသေသေချာချာမလုပ်ခဲ့ဘူး။အခုပြန်လည်ထူထောင်ရေးကာလမှာလည်း အဆင်မပြေဘူးဗျ။ဌာနဆိုင်ရာတွေနဲ့ ပေါင်းစားနေတဲ့သူတွေပဲ နည်းနည်းအဆင်ပြေကြတယ်”လို့ ရေကြည်မြို့နယ်ကဒေသခံတစ်ဦးကပြောပါတယ်။
ငဝန်မြစ်ရေကာတာကျိုးကျတာဟာသာမာန်ရေကြီးတာမဟုတ်ဘဲ တာကျိုးပေါက်ကနေ ရေတွေ ဒလဟော ဝင်လာတာမို့ ရေဝပ်ကာလ အနည်းဆုံး နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေနဲ့ ကျွမ်းကျင်သူတွေကသတိပေးနေချိန်မှာပဲ ၁၄ ရက်အတွင်းရေပြန်ကျရင် စပါးခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်ကောင်စီက သြဂုတ်လ၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရေက ၂လနီးပါအထိရေနစ်မြုပ်ခဲ့ပြီး စပါးခင်းတွေလည်းပျက်စီးခဲ့တာဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးကာလမှာလည်းစီမံခန့်ခွဲမှုအမှားတွေလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတိုင်းရေဘေးကိုအာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိချိန်မှာ ခရိုနီတွေက အလှူငွေ စုစုပေါင်းငွေကျပ် ၂၃ဘီလီယံကျော်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီငွေတွေကိုဘယ်လိုသုံးစွဲနေတယ်ဆိုတာကိုတော့ စစ်ကောင်စီကထုတ်ပြန်ထားခြင်းမရှိပါဘူး။



















































