Connect with us

Hi, what are you looking for?

မြေရှား I Rare Earth Watch

ဒီမိုကရေစီနှင့် တရားမျှတမှုကို နောက်တန်းပို့လိုက်သည့် ထရမ့်၏ မြေရှားမဟာဗျူဟာ

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် တရားစီရင်ချက် ချဖို့ နီးကပ်လာနေတဲ့အချိန်မှာပဲ အမေရိကန်ကတော့ တရားရုံးရှေ့မှာ တာဝန်ယူရမယ့် စစ်အုပ်စုကို တရားမျှတမှု လမ်းကြောင်းပေါ် တွန်းပို့မယ့်အစား မြန်မာ့မြေထဲက မြေရှား သတ္တုတွေကို ဘယ်လို ဝင်ရောက် ရယူမလဲဆိုတာ စတင် တွက်ချက်နေပြီ ဖြစ်ပါတယ်။

— မဲခေါင် ရေးသားသည်။

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် တရားစီရင်ချက် ချဖို့ နီးကပ်လာနေတဲ့အချိန်မှာပဲ အမေရိကန်ကတော့ တရားရုံးရှေ့မှာ တာဝန်ယူရမယ့် စစ်အုပ်စုကို တရားမျှတမှု လမ်းကြောင်းပေါ် တွန်းပို့မယ့်အစား မြန်မာ့မြေထဲက မြေရှား သတ္တုတွေကို ဘယ်လို ဝင်ရောက် ရယူမလဲဆိုတာ စတင် တွက်ချက်နေပြီ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြားမှာ တစ်ချိန်က မရှိသလောက် ဖြစ်ခဲ့တဲ့ ဆက်ဆံရေး တံခါးဟာ အခုတော့ မြေရှား ပါးသတ္တု ဆိုတဲ့ သော့တစ်ချောင်းကြောင့် ပြန်ပွင့်လာနေပါတယ်။ မြန်မာ စစ်အုပ်စု ကိုယ်တိုင်ကလည်း ဝါရှင်တန်ကို လော်ဘီတွေ ဌားရမ်း ချဉ်းကပ်ပြီး သူတို့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ တိုင်းရင်းသား ဒေသများမှ သယံဇာတ အခွင့်အလမ်းတွေကို အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေအတွက် ဖွင့်ပေးချင်နေပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ထုတ် Reuters သတင်းတစ်ပုဒ်က ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ မြန်မာစစ်အုပ်စုဟာ အမေရိကန်ကို မြန်မာ့ မြေရှား သတ္တုကဏ္ဍထဲ ပိုမို ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းနေပြီး အမေရိကန်ဘက်ကလည်း မြန်မာနိုင်ငံအပေါ် သံတမန်ရေးအရ ပြန်လည် ထိတွေ့ ဆက်ဆံမှုကို တိုးမြှင့်လာနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြေရှား သတ္တုဟာ ခေတ်သစ် စက်မှု နည်းပညာနဲ့ စစ်ရေး နည်းပညာတွေရဲ့ အခြေခံ ကုန်ကြမ်း ဖြစ်ပြီး လျှပ်စစ်ကားတွေမှာ သုံးတဲ့ အမြဲတမ်း သံလိုက်တွေ၊ လေအား လျှပ်စစ် တာဘိုင်တွေ၊ အဆင့်မြင့် အီလက်ထရွန်နစ် ပစ္စည်းတွေ၊ ကာကွယ်ရေး နည်းပညာတွေအထိ မရှိမဖြစ် လိုအပ်တဲ့ မဟာဗျူဟာမြောက် သတ္တုပဲ ဖြစ်ပါတယ်။

အထူးသဖြင့် လေးလံတဲ့ မြေရှား သတ္တု (Heavy Rare Earths) တွေဟာ ပိုပြီး မဟာဗျူဟာမြောက်ပါတယ်။ ဒီသတ္တုတွေထဲက ဒစ်စပရိုစီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) တို့ဟာ အပူချိန် မြင့်မားတဲ့ အခြေအနေမှာတောင် သံလိုက်တွေရဲ့ စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ဖို့ အသုံးဝင်ပါတယ်။ ဒါကြောင့် လျှပ်စစ်ကား၊ လေအား လျှပ်စစ်နဲ့ အဆင့်မြင့် ကာကွယ်ရေး စနစ်တွေ ထုတ်လုပ်ရာမှာ အရေးပါတာ ဖြစ်ပါတယ်။

ပြဿနာက ဒီတန်ဖိုးကြီး ကုန်ကြမ်းတွေရဲ့ ကမ္ဘာ့ ထုတ်လုပ်ရေးနဲ့ ပြုပြင် သန့်စင်ရေး ကဏ္ဍမှာ တရုတ်နိုင်ငံက အလွန်ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေတာပါ။ Reuters ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ မြေရှား သတ္တု သံလိုက် (Rare Earth Magnets) ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်က ထုတ်လုပ်နေပါတယ်။ ဒီအခြေအနေဟာ အမေရိကန်အတွက် စီးပွားရေး ပြိုင်ဆိုင်မှု သက်သက် မဟုတ်ဘဲ အမျိုးသား လုံခြုံရေးနဲ့ပါ တိုက်ရိုက် ဆက်စပ်နေပါတယ်။

တရုတ်က မြေရှား သတ္တု ထောက်ပံ့ရေး ကွင်းဆက် (Supply Chain) ကို လွှမ်းမိုးထားနိုင်လေလေ အမေရိကန်ရဲ့ စက်မှု လုပ်ငန်းနဲ့ ကာကွယ်ရေး ကဏ္ဍဟာ တရုတ်အပေါ် မှီခိုရမှု ပိုများလာလေလေ ဖြစ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာ ပြန်ရလာပြီးနောက် မြေရှား သတ္တုကို အမျိုးသား လုံခြုံရေး ဦးစားပေး ကိစ္စတစ်ခုအဖြစ် သတ်မှတ်ကာ အမေရိကန် ကုမ္ပဏီတွေထဲ ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်သွင်းလာပြီး မြန်မာနိုင်ငံရဲ့ အရေးပါမှုကလည်း ဒီလို အချိန်မှာ ပေါ်လာပါတယ်။

မြန်မာနိုင်ငံက ထွက်တဲ့ မြေရှား သတ္တု ကုန်ကြမ်း အများစုဟာ တရုတ်နိုင်ငံကို တင်ပို့ပြီး အဲဒီမှာ သန့်စင် ပြုပြင်ကာ သံလိုက်နဲ့ အဆင့်မြင့် စက်မှု ကုန်ကြမ်းတွေ အဖြစ် ပြောင်းလဲကြပါတယ်။ တစ်နည်းအားဖြင့် တရုတ်ရဲ့ မြေရှား သတ္တု အင်အားနောက်ကွယ်မှာ မြန်မာ့ သယံဇာတကလည်း အရေးပါတဲ့ ထောက်ပံ့ရေး ကွင်းဆက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။

ဒါပေမဲ့ မြန်မာ့ မြေရှား သတ္တု လုပ်ငန်းကို ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာက အမေရိကန်အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ထဲက အဓိက မြေရှား သတ္တု ထုတ်လုပ်ရေး ဒေသတွေဟာ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ KIA ဟာ မြန်မာစစ်တပ်နဲ့ ကာလ ရှည်ကြာ တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်သလို တရုတ်နိုင်ငံနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေး ရှိတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒီအချက်က အမေရိကန်ရဲ့ မျှော်မှန်းချက်ကို ပိုပြီး ရှုပ်ထွေးစေပါတယ်။ အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ သဘောတူညီချက်တွေ ရရှိရုံနဲ့ ကချင်ပြည်နယ်က မြေရှား သတ္တု အရင်းအမြစ်တွေကို လက်လှမ်းမီသွားမှာ မဟုတ်ပါဘူး။ မြေပြင်မှာ ဘယ်သူက နယ်မြေကို ထိန်းချုပ်ထားသလဲ၊ ဘယ်သူက ထုတ်လုပ်မှုကို စီမံခန့်ခွဲနေသလဲ၊ ဘယ်သူက သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းထားသလဲဆိုတာတွေက အရေးကြီးနေပါတယ်။

အဲဒီအပြင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေထဲ နစ်မြုပ်နေဆဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စီးပွားရေး လုပ်ငန်းတွေ လုံခြုံစိတ်ချစွာ လည်ပတ်နိုင်မယ့် ပတ်ဝန်းကျင်လည်း လုံးဝ မရှိပါဘူး။

ဒါကြောင့် အမေရိကန် အနေနဲ့ မြန်မာ့ သယံဇာတကို စိတ်ဝင်စားတယ်ဆိုရုံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလွယ်တကူ ဝင်လာနိုင်မှာ မဟုတ်ပါဘူး။ တည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေ၊ ဥပဒေ စိုးမိုးရေး၊ ပိုင်ဆိုင်မှု အခွင့်အရေးနဲ့ လုံခြုံတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ လိုအပ်ပါတယ်။

သို့သော် ဒီအခြေအနေတွေကို ဖြေရှင်းဖို့ အမေရိကန်က ဘယ်လမ်းကြောင်းကို ရွေးချယ်နေသလဲဆိုတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဝါရှင်တန်ဟာ မြန်မာစစ်အုပ်စုအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့ပြီး နယူးယောက်ရှိ အမေရိကန် ဗဟိုဘဏ်မှာရှိတဲ့ မြန်မာနိုင်ငံပိုင် ပစ္စည်းတွေကိုလည်း ထိန်းချုပ်ထားခဲ့ပါတယ်။ စစ်အုပ်စုကို နိုင်ငံတကာမှာ သီးခြား ဖယ်ထုတ်ထားရေးဟာ အမေရိကန်ရဲ့ မူဝါဒတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်လက်ထက် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ဟာ မြန်မာ စစ်ဘက် အရာရှိတွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အရင်က ကျင့်သုံးခဲ့တဲ့ မြန်မာ အာဏာသိမ်း အစိုးရကို အထီးကျန် ထားရေး မူဝါဒကနေ ပြန်လည် ထိတွေ့ ဆက်ဆံရေးဘက်ကို ရွေ့လျားလာတဲ့ အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာလ အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ထဲမှာ အမေရိကန် ကုမ္ပဏီတွေအတွက် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ သန်းကျော်ရှိတဲ့ အဓိက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိရေး ဆိုတဲ့ ရည်မှန်းချက်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ မြန်မာစစ်အုပ်စုဘက်ကတော့ ဒီပမာဏဟာ မြန်မာ့ သယံဇာတနဲ့ အမေရိကန်ရဲ့ တရုတ်ကို ယှဉ်ပြိုင်လိုတဲ့ ရည်မှန်းချက်တွေနဲ့ နှိုင်းယှဉ်ရင် နည်းလွန်းတယ်လို့ မြင်နေပါတယ်။

မြန်မာစစ်အုပ်စုရဲ့ သတင်းအချက်အလက် ဝန်ကြီးဌာန ကိုယ်စား အမေရိကန် လော်ဘီ ကုမ္ပဏီ (DCI Group) က ထုတ်ပြန်တဲ့ သတင်းလွှာမှာလည်း မြန်မာနိုင်ငံကို သံတမန်ရေး ပြဿနာတစ်ခုအဖြစ်သာ မမြင်ဘဲ အရေးပါတဲ့ သတ္တု ကုန်ကြမ်း ဦးစားပေး နိုင်ငံတစ်ခုအဖြစ် အမေရိကန်က သဘောထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ဒီစကားရဲ့ နောက်ကွယ်မှာ ရှင်းလင်းတဲ့ အကျိုးစီးပွား တစ်ခု ရှိပါတယ်။ အမေရိကန်ဟာ တရုတ်ရဲ့ မြေရှား သတ္တု လွှမ်းမိုးမှုကို လျှော့ချချင်တယ်။ မြန်မာစစ်အုပ်စုကလည်း နိုင်ငံက အသိအမှတ်ပြုမှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပြန်ရချင်တယ်။ ဒီအကျိုးစီးပွား နှစ်ခု ဆုံစည်းတဲ့နေရာမှာ မြန်မာ့ မြေရှား သတ္တုက ရှိနေပါတယ်။

တစ်ဖက်မှာလည်း တရုတ်က သူ့ရဲ့ လွှမ်းမိုးမှုကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ပါဘူး။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနဲ့ တရုတ်ဟာ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းနဲ့ အရေးပါတဲ့ မိတ်ဖက် နိုင်ငံတွေ ဖြစ်ကြောင်း၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို နိုင်ငံရေးအရ အသုံးချတာကို ဆန့်ကျင်ကြောင်း ပြောထားပါတယ်။

တရုတ်ဟာ မြန်မာ့ မြေရှား သတ္တု ကဏ္ဍမှာ နှစ်ပေါင်း များစွာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး ကွန်ရက်တွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ အမေရိကန်က အခုမှ ဝင်ရောက်ဖို့ ကြိုးစားနေချိန်မှာ တရုတ်ဘက်မှာတော့ လုပ်ငန်း အတွေ့အကြုံ၊ ကုန်သွယ်ရေး ချိတ်ဆက်မှုနဲ့ ပြုပြင် သန့်စင်ရေး စွမ်းရည်တွေ ရှိနေပြီးသားပါ။

ဒီတော့ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်ကြား မြေရှား သတ္တုအတွက် မဟာဗျူဟာ ပြိုင်ဆိုင်မှုရဲ့ နောက်ထပ် စစ်တလင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ဆိုင်မှုထဲမှာ အရေးကြီးဆုံး မေးခွန်းတစ်ခုကိုတော့ မေ့ထားလို့ မရပါဘူး။

အဲဒီ သယံဇာတတွေဟာ ဘယ်သူ့ ပိုင်ဆိုင်မှုလဲ။ ဘယ်သူ့ အကျိုးစီးပွားအတွက် ထုတ်ယူနေကြတာလဲ။ သတ္တု တူးဖော်မှုကြောင့် ပတ်ဝန်းကျင် ပျက်စီးမှု၊ မြေယာ ဆုံးရှုံးမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို ခံစားနေရတဲ့ ဒေသခံ ပြည်သူတွေအတွက် ဘာ အကျိုးရှိမှာလဲ ဆိုတာပါပဲ။

လက်ရှိမှာတော့ ဒီမေးခွန်းတွေကို ချန်ထားပြီး သယံဇာတ တန်ဖိုးတစ်ခုတည်းကိုသာ ကြည့်ကြတဲ့အတွက် မြန်မာနိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေဟာ ပြည်သူတွေအတွက် ဖွံ့ဖြိုးရေး အခွင့်အလမ်း ဖြစ်လာမယ့်အစား စစ်အာဏာရှင်အတွက် နိုင်ငံတကာ အပေးအယူ လုပ်စရာ ကုန်ပစ္စည်းတစ်ခုသာ ဖြစ်သွားနိုင်ပါတယ်။

အထူးသဖြင့် အခုအချိန်ဟာ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆုံးဖြတ်ချက် ချတော့မဲ့ အရေးကြီးတဲ့ ကာလ ဖြစ်ပါတယ်။

ဒီလို အချိန်မျိုးမှာ အမေရိကန် အနေနဲ့ ဘယ်သူတွေနဲ့ ဆက်ဆံနေသလဲ၊ ဘယ်သူတွေရဲ့ အကျိုးစီးပွားကို အားကောင်းစေမလဲ၊ မြန်မာပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာကို ပိုပြီး သတိထားသင့်ပါတယ်။ စစ်အုပ်စုနဲ့ ဆက်ဆံရေး ပြန်ဖွင့်တာဟာ သာမန် သံတမန်ရေးရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ စစ်အုပ်စုအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပြန်ရလာစေနိုင်တဲ့ နိုင်ငံရေး အကျိုးဆက်တွေ ရှိနေပါတယ်။

အမေရိကန် အနေနဲ့ တရုတ်ရဲ့ မြေရှား သတ္တု လွှမ်းမိုးမှု လျှော့ချချင်တာကို မှားတယ်လို့ ပြောနေခြင်း မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးနဲ့ အမျိုးသား လုံခြုံရေးအတွက် ကုန်ကြမ်း ရင်းမြစ်တွေ ရှာဖွေတာလည်း နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်တွင်းစစ်နဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေကြားမှာ ရှိနေတဲ့ စစ်အုပ်စုကို အဓိက မိတ်ဖက်အဖြစ် ပြန်လည် ဆက်ဆံဖို့ ကြိုးစားတာကတော့ အလွန် အန္တရာယ်များတဲ့ ရွေးချယ်မှုပါ။

နောက်ဆုံး ပြောရရင် မြန်မာ့ မြေရှား ပါးသတ္တုတွေဟာ တရုတ်ရဲ့ လက်ဝါးကြီး အုပ်မှုကို ချိုးဖျက်ဖို့ အမေရိကန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အလမ်းကို အကြောင်းပြုပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု အရေးကို နောက်တန်းပို့လိုက်မယ်ဆိုရင်တော့ အမေရိကန်ဟာ တရုတ်ကို ယှဉ်ပြိုင်ဖို့ ကြိုးစားရင်း ကိုယ်တိုင် ပြောနေကျ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတွေကို ပြန်လည် စွန့်ပစ်ရာ ရောက်သွားပါလိမ့်မယ်။ အမေရိကန်ဟာ မြန်မာ့ သယံဇာတကို စိတ်ဝင်စားပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ သယံဇာတ အကျိုးအမြတ်အတွက် တရားမျှတမှုကို ဘေးဖယ်ပြီး စစ်အုပ်စုနဲ့ လက်တွဲဖို့ ကြိုးစားတာကတော့ မလုပ်သင့်တဲ့ အလုပ်ကို လုပ်နေခြင်းပဲ ဖြစ်ပါတယ်။

ကိုးကား — Reuters, The Guardian

ဆက်စပ်သတင်းများ