အမေရိကန် နိုင်ငံမှာ နည်းပညာပိုင်းဆိုင်ရာ ကွန်ရက် ချွတ်ယွင်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံနေတာဟာ တိုက်ခိုက်မှု တစ်ခုခု ကြုံတွေ့ရတာမျိုး မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်အတွင်း တွေ့ကြုံခဲ့တဲ့ အခြေအနေတွေအပေါ် လူတွေက စိုးရိမ်နေကြတာ သဘာဝကျကြောင်း၊ ဒါပေမဲ့ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ မရိုးမသား လုပ်ကြံတိုက်ခိုက်မှု တစ်ခုခု ပါဝင်နိုင်တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရကြောင်း ရူဘီရိုက ဆိုပါတယ်။
အမေရိကန်ဟာ စနစ်တကျ တိုက်ခိုက်မှု တစ်ခုခုနဲ့ ကြုံနေတာ မဟုတ်ကြောင်း၊ ဖြစ်ရပ်တွေကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်မှု မရှိကြကြောင်း သူက ပြောဆိုသွားပါတယ်။
ဆိုက်ဘာလုံခြုံရေး ပညာရှင်တွေကလည်း အမေရိကန်မှာ ကြုံတွေ့ခဲ့တဲ့ ကွန်ပျူတာစနစ်နဲ့ ကွန်ရက် ပြတ်တောက်မှုတွေဟာ တိုက်ခိုက်မှု တစ်ခုခုကြောင့် မဖြစ်နိုင်ဘူး ဆိုတာကို ထောက်ခံထားကြပါတယ်။ ပြဿနာ အများစုဟာ အိုဟောင်းနေတဲ့ အခြေခံ အဆောက်အအုံတွေကြောင့်၊ ဒါမှမဟုတ် စနစ်ကို updateလုပ်ချိန်မှာ ချွတ်ချော်မှု တစ်ခုခုကြောင့် ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ တစ်ပတ်လောက်အတွင်း Microsoft ကုမ္ပဏီရဲ့ ဝန်ဆောင်မှု စနစ်တွေ ပြတ်တောက်ခဲ့သလို လေကြောင်းကာကွယ်ရေး ထိန်းချုပ်စနစ်မှာ ပြဿနာပေါ်လို့ အမေရိကန် အနှံ့က လေဆိပ်တွေမှာ နာရီနဲ့ချီကြာအောင် လေယာဉ်တွေကို တက်ရောက်ခွင့် ဆိုင်းငံ့ထားခဲ့ရပါတယ်။ အလားတူ အမေရိကန်ရဲ့ အကြီးဆုံး ဘဏ်တွေနဲ့ Apple ကုမ္ပဏီမှာလည်းပဲ ကွန်ရက် ပြတ်တောက်မှုနဲ့ တခြားပြဿနာတွေ ကြုံခဲ့ပါတယ်။
အဲဒီအခြေအနေအပေါ် လူထုကြားမှာလည်း စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ဆိုက်ဘာလုံခြုံရေး ပညာရှင်တွေကလည်း Microsoft၊ လေကြောင်းထိန်းသိမ်းရေး၊ ဘဏ်နဲ့ Appleကွန်ရက်တွေ ပြတ်တောက်မှုကြားမှာ ပတ်သက် ဆက်နွှယ်မှု မရှိဘူးလို့ အတည်ပြုထားပါတယ်။
ကိုးကား: BBC

























































