— သီဟံရေးသားသည်။
တစ်ချိန်က ဒေါ်နယ်ထရမ့်ကို အမေရိကန်ရဲ့ အားအကောင်းဆုံး၊ ယောက်ျားအဆန်ဆုံး ခေါင်းဆောင်တစ်ယောက်အဖြစ်ပုံဖော်ပေးခဲ့ကြတဲ့ အသံလွှင့်အစီအစဉ်တင်ဆက်သူတွေ၊ အွန်လိုင်းကျော်ကြားသူတွေဟာအခုတော့ ထရမ့်ကို ပြန်လည်လှောင်ပြောင်ဝေဖန်နေကြပါပြီ။
အရင်ကထရမ့်ကိုထောက်ခံဖို့လူငယ်အမျိုးသားတွေကို စည်းရုံးခဲ့ကြသူတွေက အခုတော့ သူ့နာမည်ကိုတောင် ထုတ်မပြောချင်ကြတော့ဘူး။တချို့ကဆို MAGA လှုပ်ရှားမှုကြီးဟာ သေသွားပြီ၊ မိန်းမဆန်သွားပြီလို့တောင် ကြွေးကြော်နေကြပါတယ်။
MAGA ရဲ့ အရှည်က Make America Great Again ဖြစ်ပါတယ်။မြန်မာလိုဆိုရင် “အမေရိကန်ကို တစ်ဖန် ကြီးကျယ်ခမ်းနားတဲ့နိုင်ငံဖြစ်အောင် ပြန်လုပ်မယ်”လို့အဓိပ္ပာယ်ရပါတယ်။ထရမ့်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောက်ခံသူတွေကို ရည်ညွှန်းတဲ့ အသုံးအနှုန်းပါ။

Public Service Announcement
ဒီလိုအပြောင်းအလဲဟာသာမန်နိုင်ငံရေးသဘောထား ပြောင်းလဲမှုတစ်ခုလို့ပဲ မြင်လို့မရပါဘူး။ ထရမ့်ရဲ့ နိုင်ငံရေးအောင်မြင်မှုမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ အမျိုးသားဝါဒီ အွန်လိုင်း အသိုင်းအဝိုင်းကြီးနဲ့ သူ့ကြားက ဆက်ဆံရေး ပျက်စီးလာတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ အမျိုးသားဝါဒီ အွန်လိုင်းအသိုင်းအဝိုင်းဆိုတာ ဘာလဲဆိုတာ အရင်နားလည်ဖို့ လိုပါတယ်။အဲဒီအသိုင်းအဝိုင်းဆိုတာ အမျိုးသားတွေရဲ့ အခွင့်အရေး၊ ယောက်ျားဆန်မှု၊ အမျိုးသမီးတွေအပေါ် သဘောထားနဲ့ လူမှုနိုင်ငံရေးအမြင်တွေကို အဓိကထား ဆွေးနွေးကြတဲ့ အွန်လိုင်းလောကကြီးကို ဆိုလိုတာပါ။ ဂျိုးရိုဂန်၊ သီယိုဗွန်၊ တက်ကာကားလ်ဆန်၊ အေဒင်ရော့စ်နဲ့ နယ်လ်ခ်ဘွိုင်းစ်တို့လို အသံလွှင့်အစီအစဉ်တင်ဆက်သူတွေနဲ့ အွန်လိုင်းကျော်ကြားသူတွေဟာ ဒီအသိုင်းအဝိုင်းရဲ့ သြဇာအရှိဆုံး အသံတွေထဲမှာ ပါဝင်ကြပါတယ်။
၂၀၂၄ ရွေးကောက်ပွဲတုန်းက ဒီအုပ်စုတွေရဲ့ ထရမ့်အပေါ် ထောက်ခံမှုဟာ တကယ့်ကို အားကောင်းခဲ့ပါတယ်။အစဉ်အလာနိုင်ငံရေးသမားတွေရဲ့ မဲဆွယ်စည်းရုံးမှုထက် အသံလွှင့် အစီအစဉ်တွေ၊ အင်တာနက်ဗီဒီယိုတွေနဲ့ လူမှုကွန်ရက်တွေကနေ လူငယ်တွေဆီ တိုက်ရိုက်ရောက်အောင် စည်းရုံးနိုင်ခဲ့ကြတာပါ။ အဲဒီရွေးကောက်ပွဲညမှာ အမေရိကန်နပန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒါနာဝှိုက်က ထရမ့်အောင်ပွဲခံစင်မြင့်ပေါ်ကနေ ဂျိုးရိုဂန်၊ သီယိုဗွန်၊ အေဒင်ရော့စ်နဲ့ နယ်လ်ခ်ဘွိုင်းစ်တို့ကို ကျေးဇူးတင်စကား ပြောခဲ့တာကလည်း ဒီအင်အားစုရဲ့ အရေးပါမှုကို ပြသနေပါတယ်။ အဲဒီနှစ်မှာထရမ့်ဟာ လူဖြူလူငယ်အမျိုးသားမဲဆန္ဒရှင်တွေရဲ့ ၆၃ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကတော့အခြေအနေတစ်ခုလုံးကို ပြောင်းပြန် လှန်ပစ်လိုက်ပါတယ်။လူဖြူလူငယ်အမျိုးသားတွေထဲမှာ ရီပတ်ဘလစ်ကန်ပါတီကို မဲပေးသူဟာ ၄၃ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ အရင်က ထရမ့်ကို အားပေးခဲ့ကြတဲ့ လူငယ်တွေ ဘာကြောင့်စိတ်ပြောင်းသွားကြတာလဲ။
အဓိကအကြောင်းရင်းတွေထဲမှာ အီရန်စစ်ပွဲနဲ့ အစ္စရေး-ဂါဇာစစ်ပွဲအပေါ် သဘောထားတွေ ပါဝင်ပါတယ်။ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို တက်ကာကားလ်ဆန်နဲ့ နစ်ခ်ဖွန့်တက်စ်တို့က ပွင့်ပွင့်လင်းလင်း ဝေဖန်လာကြသလို သီယိုဗွန်ကလည်း အီရန်နဲ့ပတ်သက်တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေဟာနားလည်ရခက်တယ်လို့ ပြောဆိုခဲ့ပါတယ်။စစ်ပွဲကြောင့် အမျိုးသားတွေကို စစ်မှုထမ်းခေါ်ယူနိုင်ခြေဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်လာတာကလည်း ဒီအသိုင်းအဝိုင်းအတွက် ထိလွယ်ရှလွယ်ကိစ္စတစ်ခု ဖြစ်လာပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက အသံလွှင့်အစီအစဉ်တွေမှာ ထရမ့်အကြောင်း ပြောဆိုမှု သိသိသာသာ လျော့ကျလာတာပါ။ အမေရိကန်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ရဲ့ လေ့လာချက်အရ ထရမ့်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ကို အရင်က ဖိတ်ကြားခဲ့ဖူးတဲ့ နိုင်ငံရေးအသံလွှင့်အစီအစဉ် ကိုးခုမှာ ၂၀၂၆ အစောပိုင်းက အစီအစဉ်တစ်ခုလျှင် ထရမ့်အကြောင်း ပျမ်းမျှ ၃၅ ကြိမ် ပြောဆိုခဲ့ရာက ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ငါးကြိမ်အထိ ကျဆင်းသွားခဲ့ပါတယ်။ တချို့က နိုင်ငံရေးအကြောင်း မပြောတော့ဘဲ အားကစားနဲ့ ဖျော်ဖြေရေးအကြောင်းတွေကိုပဲ ပြန်လည်အာရုံစိုက်လာကြပါတယ်။
ဒီအပြောင်းအလဲရဲ့ နောက်ကွယ်မှာ နိုင်ငံရေးထက် ပိုပြီးထူးခြားတဲ့အချက်တစ်ခု ရှိနေပါတယ်။အဲဒါကတော့ ထရမ့်ရဲ့ယောက်ျားဆန်မှုအပေါ် သူတို့ရဲ့အမြင် ပြောင်းလဲသွားတာပါ။ တစ်ချိန်က ထရမ့်ကို အင်အားပြည့်ဝပြီး ပြတ်သားတဲ့ စံပြအမျိုးသားခေါင်းဆောင်တစ်ယောက်အဖြစ် ပုံဖော်ခဲ့ကြပေမဲ့ အခုတော့ အတ္တကြီးတယ်၊ ကိုယ်ကျိုးကြည့်တယ်၊ ဆုံးဖြတ်ချက်မပြတ်သားဘူး ဆိုပြီး ပြန်လည်ဝေဖန်လာကြပါတယ်။ တက်ကာကားလ်ဆန်ကိုယ်တိုင်ကလည်း ထရမ့်ဟာ အရင်က လူငယ်အမျိုးသားတွေမျှော်လင့်ခဲ့တဲ့ ယောက်ျားဆန်တဲ့ ခေါင်းဆောင်မျိုး မဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ ထရမ့်ကို စိတ်ပျက်သွားတာဟာ သူတို့ရဲ့ လက်ယာယိမ်းနိုင်ငံရေးအယူအဆတွေကို စွန့်လွှတ်လိုက်တာ မဟုတ်ပါဘူး။ဟာသနဲ့ နိုင်ငံရေးကို လေ့လာသူ ဆက်သ်ဆိုင်မွန်စ်ကလည်း သူတို့ဟာ ထရမ့်အကြောင်း ပြောဆိုတာ လျှော့လိုက်ပေမဲ့ ထရမ့်ကို ထောက်ခံစေခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ် တွေကိုတော့ စွန့်လွှတ်ထားခြင်း မရှိဘူးလို့ သုံးသပ်ပါတယ်။
တကယ်တော့ထရမ့်ရဲ့အားနည်းချက်တွေ မပါဝင်တဲ့ ရီပတ်ဘလစ်ကန်ခေါင်းဆောင်အသစ်တစ်ယောက်ကို ရှာဖွေနေကြတာ ဖြစ်နိုင်ပါတယ်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်ကို ချီးကျူးလာကြတာကလည်း ဒီအချက်ကို ပြသနေပါတယ်။
ဒါဆို ဒီအမျိုးသားဝါဒီ အွန်လိုင်းအသိုင်းအဝိုင်းကိုယ်တိုင်ကရော အင်အားကျဆင်းနေပြီလား။ သုတေသနတစ်ခုအရ ဂျိုးရိုဂန်ရဲ့ လူကြိုက်များမှု ၁၁ မှတ်၊ တက်ကာကားလ်ဆန်ရဲ့ ၁၂ မှတ်နဲ့ အန်ဒရူးတိတ်ရဲ့ ၃၀ မှတ်အထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါပေမဲ့ သုတေသီ မာရီယယ်ဘန်းစ်ကတော့ ဒီအသိုင်းအဝိုင်းဟာ ထရမ့်ကြောင့် စတင်ပေါ်ပေါက်လာတာ မဟုတ်တဲ့အတွက် ထရမ့်မရှိတော့လည်း ဆက်လက်ရှင်သန်နေဦးမယ်လို့ သုံးသပ်ထားပါတယ်။
နောက်ဆုံးမှာ ထရမ့်ရဲ့ အကြံပေးဟောင်း ဒေးဗစ်ဆက်ခ်စ်က ရီပတ်ဘလစ်ကန်တွေဟာ အသံလွှင့်အစီအစဉ်လောက ရဲ့ အင်အားကို လျှော့တွက်ခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့စကားအရ အသံလွှင့်အစီအစဉ်တင်ဆက်သူတွေမရှိရင် ရီပတ်ဘလစ်ကန်တွေမှာလူထုဆီရောက်နိုင်တဲ့ မီဒီယာအင်အားတောင် မရှိနိုင်ပါဘူး။
တကယ်တော့ဒီဖြစ်ရပ်ဟာထရမ့်တစ်ယောက်ရဲ့ လူကြိုက်များမှု ကျဆင်းသွားတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုထက် အများကြီး ပိုနက်ရှိုင်းပါတယ်။ နိုင်ငံရေးသမားတစ်ယောက်ကို လူထုဆီ မြှင့်တင်ပေးနိုင်ခဲ့တဲ့ အွန်လိုင်းသြဇာရှင်တွေက တစ်ချိန်မှာ အဲဒီနိုင်ငံရေးသမားကိုပဲ ပြန်လည်စွန့်ခွာနိုင်ကြောင်းပြသနေတဲ့ ဖြစ်ရပ်ပါ။ ထရမ့်က သမ္မတရာထူးကို ဆက်ကိုင်ထားနိုင်ပေမဲ့ သူ့ကိုအောင်မြင်စေခဲ့တဲ့ လူငယ်အမျိုးသားတွေရဲ့ ယုံကြည်မှုကိုတော့ ပြန်ရဖို့ လွယ်တော့မှာ မဟုတ်ပါဘူး။
နိုင်ငံရေးမှာခေါင်းဆောင်တစ်ယောက်က လူထုရဲ့ သြဇာကို အသုံးချနိုင်သလို လူထုရဲ့ သြဇာကိုကိုင်ထားသူတွေကလည်း ခေါင်းဆောင်တစ်ယောက်ကို အသုံးချနိုင်ပါတယ်။ ထရမ့်နဲ့ သူ့ကို တစ်ချိန်က အားပေးခဲ့တဲ့ အွန်လိုင်းအသိုင်းအဝိုင်းတို့ရဲ့ လမ်းခွဲမှုက သက်သေပြလိုက်တာကတော့အာဏာဆိုတာ ရွေးကောက်ပွဲအနိုင်ရခဲ့သူတစ်ဦးတည်းရဲ့ လက်ထဲမှာပဲ ရှိနေတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။
ကိုးကား-The Guardian


























































