နိုဝင်ဘာ ၁၉၊ ၂၀၂၆။ထားမြတ်/People’s Spring
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ဆိုင်ရာတရားရုံး(ICJ)က ဒီကနေ့ နိုဝင်ဘာ ၁၉ရက်မှာ စီရင်ချက်ချမှတ်ပြီး ဖြစ်လို့ နိုင်ငံတကာ အပါအဝင် သက်ဆိုင်သူတွေအနေနဲ့ လက်တွေ့ အရေးယူ ဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာပါတယ်။
ICJ စီရင်ချက်အပေါ် NUG ရဲ့ သဘောထား ထုတ်ပြန်ခဲ့ရာ ဒီကနေ့ဟာ ရိုဟင်ဂျာပြည်သူများနဲ့ မြန်မာနိုင်ငံတွင် တရားမျှတမှုရရှိရေး ကြိုးပမ်းချက်များ အတွက် အရေးပါသော သမိုင်းမှတ်တိုင် နေ့တစ်ခုဖြစ်ပြီး NUG အနေနဲ့ ICJ ရဲ့ တရားစီရင်ပိုင်ခွင့်အာဏာနဲ့ စီရင်ချက်ကို လေးစား အသိအမှတ်ပြုကြောင်း ဖော်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စီရင်ချက်ဟာ တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့ ယင်းစီရင်ချက်ဟာ ကြိုးပမ်းမှုများရဲ့ အဆုံးသတ် မဟုတ်ဟုဆိုပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိဖို့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး၊ လူမှုအသိုက် အဝန်း အားလုံးကို အကာအကွယ်ပေးရေးနဲ့ ဖိနှိပ်ညှဉ်းပန်းမှုများ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုများကို ဖြစ်ပေါ်စေတဲ့ စနစ်နဲ့ ဖွဲ့စည်းပုံများကို အပြီးတိုင်ဖျက်သိမ်းရေးတို့ဟာ မရှိမဖြစ်လိုအပ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

Public Service Announcement
“နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာ မိမိတို့ရဲ့ ကတိကဝတ် များကို လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများအဖြစ် ပြောင်းလဲဖော်ဆောင်ရန် လိုအပ်ပါသည်။ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးကို အားဖြည့်ဆောင်ရွက်ခြင်း၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးခြင်းနှင့် စစ်အုပ်စုက ပြည်သူလူထု အပေါ် စစ်ပွဲဆင်နွဲခြင်းကို ဆက်လက် ထောက်ပံ့ပေးနေသည့် လက်နက်များ၊ လေယာဉ်ဆီနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ စီးဝင်မှုကို ရပ်တန့်စေရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ကြရမည် ဖြစ်သည်” လို့ NUGက ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ၂၀၂၁ တော်လှန်ရေးစတင်ချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရဟာ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့် အရေး၊ တရားမျှတမှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ဖို့နဲ့ ကျူးလွန်သူများကို အပြစ်ပေး အရေးယူဖို့ နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများ အပေါ် သက်ဆိုင်တဲ့ နိုင်ငံများအနေဖြင့် လိုက်နာရမည့် ကိစ္စများကို ဆောင်ရွက်ဖို့ အခိုင်အမာ ကတိကဝတ် ပြုထားပြီးဖြစ်ဟု အသိပေးပါတယ်။
“အပြည်ပြည် ဆိုင်ရာတရားရုံး၏ တွေ့ရှိချက်များနှင့် ချမှတ်သည့်အမိန့်များကို သေချာစွာ လေ့လာသုံးသပ်သွားမည် ဖြစ်ပြီး ထိရောက်စွာ တာဝန်ခံမှု၊ တာဝန်ယူမှု ဖော်ဆောင်ရေးနှင့် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ မဖြစ်ပွားစေရန် တားဆီး ကာကွယ်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်” လို့ NUGက ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုများနဲ့အတူ မြန်မာနိုင်ငံ တစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးအတွက်လည်း တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဖော်ပြပါတယ်။
ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနဲ့ အခြားဒေသများရှိ ပြည်သူလူထုတွေဟာ လေကြောင်းတိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနဲ့ အတင်းအကျပ် နေရပ်စွန့်ခွာထွက်ပြေးရမှုများကို ယနေ့တိုင် ဆက်လက်ကြုံတွေ့ခံစားနေရကြောင်း အသိပေးပါတယ်။
ဒါ့အပြင် ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနဲ့ ခရစ်ယာန်ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရကြောင်း ဖော်ပြပါတယ်။
အကြမ်းဖက်မှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု သံသရာကို အဆုံးသတ်ရမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်သူများအနေဖြင့် တရားဥပဒေအရ တာဝန်ခံကြရမည်ဖြစ်ကြောင်း NUGက ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရသည် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ရိုဟင်ဂျာပြည်သူများ အနေဖြင့် တရားမျှတမှု၊ နိုင်ငံသားဖြစ်ခွင့်၊ တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာတို့ကို အပြည့်အဝခံစားနိုင်ကာ နိုင်ငံရဲ့အနာဂတ်တွင် တန်းတူညီမျှစွာ ပါဝင်ခွင့်ရရှိမယ့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး အတွက် ဆက်လက်ကတိကဝတ်ပြုထားကြောင်းလည်း ဖော်ပြထားပါတယ်။

























































