နိုဝင်ဘာ-၁၅၊၂၀၂၆။အိမ်သွင်/People’s Spring
ကန့်ဘလူမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေပြီး ကောလင်း-ကန့်ဘလူဆက်စပ်နေတဲ့ ကိုးတောင်ဘို့ရွာပတ်ဝန်းကျင်ကို စစ်အုပ်စုကဗုံးကြဲနေတယ်လို့သတင်းရရှိပါတယ်။
စစ်တပ်စစ်ကြောင်းတွေကိုတော်လှန်ရေးတပ်တွေ က တိုက်ခိုက်နေကြောင်းကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ၁၅ရက်နေ့ညနေမှာအသိပေးထားပြီးစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ရေးသတင်းတွေ မထုတ်ပြန်ကြားဖို့မေတ္တာရပ်ခံထားပါတယ်။
ကောလင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကိုးတောင်ဘို့ရွာပတ်လည်ကို ဒီနေ့ည၇နာရီခန့်မှာ စစ်တပ်က Y12လေယာဥ်နဲ့ဗုံးကြဲနေပြီး မြို့ထဲကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတွေ ဖော်ပြပေးနေတဲ့ Kawlin info က ဖော်ပြထားပါတယ်။

Public Service Announcement
စစ်တပ်စစ်ကြောင်းတွေက အင်းတော်-ထီးချိုင့်လမ်းကနေတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာလ၃ရက်နေ့မှာ ဝင်ရောက်လာတာပါ။အင်းတော်၊ ကောလင်း၊ မော်လူးမြို့နယ်တွေထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အခုအခါ ကန့်ဘလူမြို့နယ်ထဲမှာပါ တိုက်ပွဲတွေဖြစ်နေတာလို့သိရပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း မော်လူးမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်သေဆုံးထိခိုက်မှုတွေများပြားခဲ့တဲ့အတွက် လေကြောင်းကနေဗုံးကြဲပစ်ကူပေးခဲ့တယ်လို့စစ်ရေးရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာနဲ့ မြေပြင်စစ်ကြောင်းတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဒေသခံပြည်သူသေဆုံးမှုတွေ လည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။
ကသာ-ထီးချိုင့် အမှတ်( ၃ )ကားလမ်း၊ ကသာ – မော်လူးကားလမ်းမှာ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင်အမှတ်(၁)တပ်ရင်းက သတိပေးထားပါတယ်။





















































