နိုဝင်ဘာ – ၁၉ ၊၂၀၂၆
သုံးနိုင်ငံ ခေါင်းဆောင်တွေရဲ့ သမိုင်းဝင် တွေ့ဆုံမှုအပြီး တရုတ်၊ ရုရှားနဲ့ အမေရိကန် အစိုးရတွေက ငြိမ်းချမ်းရေးအတွက် ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ဟာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့က တွေ့ဆုံပွဲမှာ မဟာဗျူဟာ တည်ငြိမ်မှုနဲ့ နိုင်ငံတကာ လုံခြုံရေး ကဏ္ဍတွေအတွက် အလေးထား ဆောင်ရွက်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ဆွေးနွေးပွဲမှာတော့ စွမ်းအင် ဖူလုံရေးကိစ္စလည်း ပါဝင်ခဲ့ပြီး ရေနံထွက် ပစ္စည်းတွေ ထုတ်လုပ်မှု၊ သန့်စင်မှု၊ ဖြန့်ဝေမှုတွေကို မြှင့်တင်ဖို့လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
ဒါ့အပြင် အစည်းအဝေးမှာ ထရမ့်က ဝေဖန် ထိုးနှက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)နဲ့ ပတ်သက်တဲ့ သုံးနိုင်ငံ ဘုံသဘောထား တစ်ခုလည်း ထုတ်ပြန်ချက်မှာ ပါဝင်လာပါတယ်။ ICCရော၊ အလားတူ အဖွဲ့အစည်းတွေပါ တရားစီရင်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစား မလုပ်သင့်ဘူးလို့ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က ဆိုပါတယ်။
နျူကလီးယား လက်နက်တွေ ထိန်းချုပ် လျှော့ချရေးနဲ့ ပတ်သက်လို့တော့ ခေါင်းဆောင်သုံးဦးစလုံးက နျူကလီးယား စစ်ပွဲဆိုတာ ဘယ်သူမှ အနိုင်မရနိုင်သလို ဘယ်တော့မှ လက်တွေ့ ဖြစ်မလာသင့်ဘူးလို့ သဘောတူခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေး အပြီးမှာတော့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ထိပ်သီးအစည်းအဝေးရဲ့ အခြေအနေက နွေးထွေး ကောင်းမွန်ခဲ့တယ်လို့ မှတ်ချက်ပေးသွားပါတယ်။
တရုတ် အစိုးရပိုင် CCTV သတင်းဌာနကတော့ သူနဲ့ ထရမ့်၊ ပူတင်တို့ တွေ့ဆုံမှုဟာ အပေါင်းလက္ခဏာဆန်ပြီး အပြုသဘော ဆောင်ခဲ့တယ်လို့ ရှီက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ရုရှားရဲ့ Tass သတင်းဌာနကတော့ အစည်းအဝေးမှာ ရှီဟာ ပူတင်ကို အမြင့်ဆုံး ဂုဏ်ပြုမှုအဖြစ် သူ့ရဲ့ ညာဖက်မှာ နေရာချပေးခဲ့ကြောင်း ရေးသားထားပါတယ်။ အဲဒီ နေရာအခင်းအကျင်းဟာ သံတမန်ရေးအရ အမြင့်ဆုံး အသိအမှတ်ပြုလို့ ဆိုနိုင်ပြီး ထရမ့်ကတော့ ရှီရဲ့ ဘယ်ဖက်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။
ပူတင်ကလည်း ရှီ၊ ထရမ့်တို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ရခြင်းဟာ သံတမန်ရေး သမိုင်းကြောင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်လာကြောင်း ဆွေးနွေးပွဲ အပြီးမှာ ပြောကြားခဲ့ပါတယ်။
တချို့ကိစ္စတွေမှာ သုံးနိုင်ငံ ခေါင်းဆောင်တွေဟာ သဘောတူညီမှုတွေ မရဘူးဆိုရင်တောင် အပြန်အလှန် နားလည်မှုတွေတော့ ရယူနိုင်ခဲ့ကြကြောင်းလည်း ပူတင်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား -BBC

























































