— သျှိသျှား ရေးသားသည်။
မောင်သျှားထမင်းစားတိုင်း ကြက်သွန်နီကို အလုံးလိုက်တကျွတ်ကျွတ်နဲ့ကိုက်စားလေ့ရှိတယ်။ နေ့စဉ်တမျှပဲ။ မစား ဖြစ်တစ်ခါတစ်ရံပေါ့။ အထူးသဖြင့် ညစာစားချိန်မှာ ထည့်စားလေ့ရှိတယ်။
ဒီလိုစားလာခဲ့တာလည်း နှစ်ပရိစ္ဆေဒတော်တော်လေးကြာပြီ။ ပြောရရင် မဒမ်သျှားနဲ့ အိမ်ထောင်မပြုမီ လူပျိုဘဝ ကတည်းကဆိုပါတော့။ ဒီလိုဆိုတော့ အကျင့်တစ်ခုလိုကိုဖြစ်နေပြီ။ မဒမ်သျှားနဲ့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ လည်း အဲဒီအလေ့အကျင့်အတိုင်း စားလာခဲ့တာ ဒီရက်ပိုင်းထဲမှာတော့ ဘာဖြစ်တယ်မသိ ထမင်းဝိုင်းမှာ ကြက်သွန် နီစားဖို့ တောင်းလိုက်တိုင်း မဒမ်သျှားဆီက မျက်စောင်းကြီး အရင်ရောက်ရောက်လာပြီး ကုန်နေတယ်ပဲပြောနေ တော့တယ်။
မောင်သျှားကမုန့်ဟင်းခါးလည်းကြိုက်တယ်။ တစ်ပတ်မှာအနည်းဆုံး သုံး၊ လေးရက်တော့ မုန့်ဟင်းခါး စားဖြစ် တယ်။ မုန့်ဟင်းခါးစားတိုင်းလည်း မောင်သျှားအကြိုက် ကြက်သွန်နီဥကို ထည့်ပေးဖို့ ပြောတယ်။ မုန့်ဟင်းခါးဟင်း ရည်ထဲက ကြက်သွန်နီဥက အရသာအလွန်ကောင်း။ချိုစိမ့်နေတာကိုး။ဒီလိုတောင်းစားလာတာ တောက်လျှောက် အဆင်ပြေလာခဲ့ပေမယ့် ဒီနေ့တော့ ထုံးစံအတိုင်း ကြက်သွန်နီဥတောင်းမိတာ မုန့်ဟင်းခါးသည်လည်း မဒမ်သျှား နည်းတူ မျက်စောင်းက ဦးအောင်ရောက်လာတယ်။ ပြီးတော့ သူကမ်းပေးတဲ့ မုန့်ဟင်းခါးပန်းကန်ထဲပါလာတာက ကြက်သွန်နီမဟုတ်ဘဲ ကြက်သွန်ဖြူကြီးဖြစ်နေတယ်။

Public Service Announcement
အဲဒီကြက်သွန်ဖြူကိုမြင်ပြီး လမ်းတစ်ဝက်မှာသာရှိနေသေးတဲ့ မုန့်ဟင်းခါးပန်းကန်ကိုတစ်လှည့် သူ့ကိုတစ်လှည့် ကြည့်မိနေတဲ့ မောင်သျှားကို မုန့်ဟင်းခါးသည်က “ကြက်သွန်နီစျေးကြီးလို့ ဟင်းရည်ချက်တာတောင် ကြက်သွန်ဖြူ နဲ့ပဲ ချက်နေရတယ် အစ်ကိုရေ့။ ကြက်သွန်နီစားချင်ရင်တော့ လပြည့်နေ့ကျ ဘုရားမှာဆုတောင်း”ဆိုပြီး ခပ်ငေါ့ ငေါ့ပြောလာတယ်။
ဒီလိုနဲ့ အတိုချုပ်ပြောရရင် ဒီနေ့ပဲ စျေးထဲက အသိကုန်ခြောက်ဆိုင်ရောက်တယ်ပေါ့။ အဲဒီအသိဆိုင်ရဲ့ မျက်နှာစာ နေရာ အများစုမှာ အရင်ကနေရာယူထားကြတဲ့ ကြက်သွန်နီ ဗန်းကြီးတွေမတွေ့လို့ မေးမိတော့မှ စျေးခေါင်ခိုက်နေ လို့ မရောင်းသေးဘဲ စောင့်ကြည့်နေကြောင်း။ စျေးက နှစ်သောင်းကျော်သုံးသောင်းဆိုတာကိုပါ သိလိုက်ရလို့ အဲဒီ တော့မှ မောင်သျှားလည်း ဘုရားတမိတော့တယ်။ တစ်ပြိုင်တည်းမှာပဲ Playback နဲ့နောက်ပြန်ရစ်။ မုန့်ဟင်းခါး သည်ရဲ့ မျက်စောင်း။ မဒမ်သျှားရဲ့မျက်စောင်းတွေဆီမှာရပ်။ အခုတော့ မောင်သျှားသိပြီဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ အကြည့်နဲ့ပြန်ကြည့်။ အဲဒီမှာ အလိုက်မသိတဲ့မောင်သျှားနဲ့ ကြက်သွန်နီမျက်စောင်းတို့ ဇာတ်သိမ်း။ နောက်ရက်တွေ တောင်းမစားတော့ပါဘူးပေါ့။ စိတ်ထဲက ကတိပေး။
ရပ်ကွက်ထဲက အကြော်ဆိုင်မှာ ဒီရက်ထဲကြက်သွန်ကြော် မတွေ့မိတာ။ မြို့ထဲက စားနေကျ ထမင်းပေါင်းဆိုင်မှာ အချဉ်တည်ထားတဲ့ကြက်သွန်နီအလုံးလိုက်ဘူးတွေ မတွေ့မိတော့တာ ဒါကြောင့်ကိုးဆိုပြီးလည်း ထပ်ဆင့် သဘော ပေါက်။ ဆရာမင်းသိင်္ခသာသက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် “ဆားပုလင်းနှင်းမောင်နှင့် ပြည်သူ့ကြက်သွန်နီပျောက် ဆုံးမှုကြီး”ဆိုတဲ့ စုံထောက်ဝတ္တုတစ်အုပ်ထွက်လာဖို့ရှိနိုင်သလို ဆရာညိုမြသာရှိနေသေးရင်လည်း ကြက်သွန်နီ ရှာပုံတော်ဆိုတဲ့စာအုပ်လည်း ရှိလာနိုင်သေးတယ်။
ဒီလိုကြက်သွန်နီပျောက်ဆုံးရတဲ့ဇစ်မြစ်ကို မြေလှန်ကြည့်လိုက်တော့ တွေ့ပါပြီ ဟိုငနဲလက်ချက်။ အခုနောက်ပိုင်း အဲဒီဂွတိုနာမည်ကိုတောင် ထုတ်မပြောချင်တော့ဘူး။ ထုတ်ပြောရတာ ပါးစပ်သနသလို ကိုယ်တွေပါ လာလာပြီး လာဘ်တိတ်တယ် ယူဆလို့။ ဒင်းအာဏာမသိမ်းခင်အထိ ကြက်သွန်နီစျေးက ၈၀၀၊ ၁၀၀၀ ပဲရှိတယ်။ အဲဒါ ကျပ် စျေးနဲ့ပြောတာနော်။ တော်ကြာ ဘတ်စျေးနဲ့တွက်ပြောတယ်ထင်မှာစိုးလို့။ ဒင်းအာဏာသိမ်းပြီးတစ်နှစ်အကြာမှာ ၅၀၀၀ စျေး ပေါက်လာတယ်။ အကြောင်းရင်းက ဗုံးကြဲလေယာဉ်တွေအတွက် လေယာဉ်ဆီဝယ်ဖို့၊ လက်နက်ခဲ ယမ်းဝယ်ဖို့ ဒေါ်လာလိုတာကြောင့် ကြက်
သွန်နီကို ပြည်ပအလွန်အကျွံပို့ရာကနေ စျေးက မြောက်လာတာ။ပြီးခဲ့တဲ့သုံးလေးလလောက်က ၁၀၀၀၀ စျေးရောက်လာပြီး အခုဆိုခေါင်ခိုက်တဲ့အဆင့်အထိဖြစ်လာတော့တာပဲ။
ပြည်ပပို့တာချည်းကြောင့် စျေးတက်တာ မဟုတ်ပါဘူး။စက်သုံးဆီစျေးမြင့်လို့ ကုန်သွယ်မှုစရိတ်မြင့်လာတာ။ စိုက်ပျိုးထုတ်လုပ်မှုနည်းလာတာ၊ မီးရှို့ခံရတာတွေကြောင့်လည်းပါတယ်လို့ တချို့ကွန်ပလိန်းတက်ကြမယ်။ အဲဒါ တွေကရော ဘယ်သူ့ကြောင့်လဲလို့ လက်ညှိုးရှာထိုးကြည့်ရင် အဲဒီငနဲဆီမှာ ဂိတ်ဆုံးတာပဲမဟုတ်လား။
ကျုပ်တို့ပြည်သူတွေကို ဘက်ပေါင်းစုံကနေ အငြိမ်မနေရ၊ စိတ်ထောင်းကိုယ်ကြေဖြစ်ရအောင် အလုပ်အပေးနိုင်ဆုံး ငနဲ။ ဒင်းရဲ့ ကျောရိုးကင်ဆာဆိုတာ အမှန်ဖြစ်ပါစေ။ အပါယ်ခရီး ခပ်မြန်မြန်လားပါစေလို့ ဆဲနေကျစကားလုံးလေး နဲ့တွဲရင်း ထပ်ဆင့်ဆုတောင်းပေးလိုက်တယ်ပေါ့။
ဒီတော့ သူ့အတွက် လေယာဉ်ဆီဖိုး၊ လက်နက်ခဲယမ်းဖိုးရနေတဲ့ ကြက်သွန်နီကို ကျွန်တော်တို့ မစိုက်၊ မရောင်း၊ မစားဆိုတဲ့ Boycott လုပ်လိုက်ကြရင် မကောင်းဘူးလား။ SCEF ကလည်း စစ်ရေးဖော်ဆောင်ဖို့လိုအပ်တဲ့ ဒေါ်လာ သန်း ၃၀၀ ကို တစ်နှစ်ခွဲအတွင်းရအောင်ရှာမယ်လို့ ဒီရက်ပိုင်းထဲပြောထားတယ်ဆိုတော့ မောင်သျှားတို့ အဲဒီ ကြက်သွန်နီဝယ်စားမယ့်ပိုက်ဆံတွေကို SCEF အလှူခံပုံးထဲထည့်ဝင်လိုက်ရင် တော်လှန်ရေးခရီးလည်း ရှေ့ပို ရောက်သွားမယ် မဟုတ်လား။ဒီကနေ့ကနေနောက်နှစ်နှစ်ကြာမှ ကြက်သွန်နီကို အတိုးချစားကြပေါ့။ ဦးဆောင်မှုမှန်ပြီးလူထုညီညွတ်ရင်နွေဦးတော်လှန်ရေး ၂ နှစ်အတွင်းအောင်မြင်မယ်လို့လည်း SCEF က ပြောထား တယ်မဟုတ်လား။ ဒါဆို တစ်ချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ်မယ့်ကိန်းပဲ။ ဟောဒီကမောင်သျှား အကြံပြုသလို လုပ်လိုက်ကြရင် မကောင်းဘူးလား။
ဟော…ပြောရင်းဆိုရင်း ကြက်သွန်နီအရေးပေါ်အစည်းအဝေးခေါ်လိုက်ပြီတဲ့။ တက်နေတဲ့ဈေးကျအောင်လုပ်ဖို့ မဟုတ်ဘူးဆိုတာ ရှေ့ကစက်သုံးဆီ၊ စားအုန်းဆီတို့ရဲ့ အတွေ့အကြုံအရ အလိုလိုသိတယ်။ ဒါဟာ အဲဒီစက်သုံးဆီ၊ စားအုန်းဆီတွေလိုပဲ ကြက်သွန်နီလည်း တန်းစီတိုးစာရင်းထဲပါတော့မယ်ဆိုတဲ့ အသိပေးချက်သာဖြစ်တယ်။
ပြီးတော့ ကြက်သွန်နီကို မှောင်ခိုဝယ်စားရတော့မယ်ဆိုတာရဲ့ရှေ့ပြေး သတိပေးခေါင်းလောင်းသံလည်း ဖြစ်တယ်။


























































