ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ် စက်ရုံ အလုပ်သမားတွေ ဆန္ဒပြကြလို့ စက်ရုံပေါင်း ရာနဲ့ချီ ပိတ်ထားရကြောင်း သိရပါတယ်။
အလုပ်သမားတွေက အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို မြှင့်တင်ပေးဖို့အတွက် ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အထည်ချုပ်လုပ်ငန်း အဓိက ဇုန်တွေဖြစ်တဲ့ ဆာဗာ၊ အရှူလီရာ၊ ဂါဇီပူရတို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စက်ရုံပေါင်း ၁၅၀ နီးပါးလောက် ပိတ်ထားလိုက်ရပါတယ်။
အထည်ချုပ် လုပ်ငန်းဟာ ဘင်္ဂလားဒေ့ရှ်အတွက် နိုင်ငံခြားဝင်ငွေ အဓိက ရင်းမြစ် တစ်ခုလည်း ဖြစ်ပါတယ်။ နှစ်စဉ် ဒေါ်လာ ၄၀ ဘီလီယံဖိုးလောက် အဝတ်အထည်တွေကို ပြည်ပကို တင်ပို့ရောင်းချနေပြီး နိုင်ငံ GDP စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက် ခွဲတမ်းကို အထည်ချုပ် လုပ်ငန်းက ရယူထားပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အခြေခံ လုပ်ခဟာ တစ်လကို ၁၂၅၀၀ တာကာငွေဖြစ်ပါတယ်။ အထည်ချုပ် လုပ်သားတွေကတော့ လူနေမှု စရိတ်တွေ အရမ်းတိုးလာတာကြောင့် အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို တာကာ ၃၀၀၀၀ ထိ ပြင်ဆင် မြှင့်တင်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ တာကာ ၃၀၀၀၀ ဆိုတာက အမေရိကန် ဒေါ်လာ ၂၄၀ လောက်နဲ့ ညီမျှပါတယ်။

Public Service Announcement
နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ အထည်ချုပ် စက်ရုံ အလုပ်သမားတွေဟာ ဂါဇီပူရမှာ စုဝေးပြီး ဒါကာမြို့တော်နဲ့ တန်ဂေးလ်မြို့တို့ကြား ဆက်သွယ်ထားရာ အဝေးပြေးလမ်းကို ပိတ်ထားခဲ့ပါတယ်။ ရဲတွေက ကြားဝင်ပြီး ညှိနှိုင်းမပေးခင် အတောအတွင်း အဲဒီလမ်းဟာ တစ်နာရီလောက် အပိတ်ခံထားခဲ့ရပါတယ်။
တစ်ဖက်မှာလည်း အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ စက်ရုံဝန်ထမ်းတွေကို လစာမပေးဘဲ နေမယ်လို့ အထည်ချုပ် စက်ရုံတွေဖက်က သတိပေးတာတွေ ရှိနေပါတယ်။ အာရှတောင်ပိုင်း နိုင်ငံရဲ့ အလုပ်သမားရေးရာ ဥပဒေတွေမှာတော့ အလုပ်ရှင်တွေ အနေနဲ့ ထုတ်လုပ်မှု ကဏ္ဍမှာ ထိခိုက်နှောင့်ယှက်မှုတွေ ကြုံလာရင် လုပ်ငန်း လည်ပတ်မှုနဲ့ လုပ်ခလစာ ပေးချေမှုတွေကို ဆိုင်းငံ့ထားခွင့် ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ အသင့်ဝတ်ဆင်ရုံ ချုပ်လုပ်ပြီးသား အဝတ်အထည်တွေ တင်ပို့မှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သား ၄ သန်းလောက် ရှိနေပြီး H&M၊ Primarkနဲ့ Zaraတို့လို ကမ္ဘာကျော် အမှတ်တံဆိပ်တွေကိုလည်း ပြည်တွင်းကုမ္ပဏီတွေက တာဝန်ယူ ချုပ်လုပ်ပေးနေပါတယ်။
ဘင်္ဂလားဒေ့ရှ် အဝတ်အထည် ထုတ်လုပ်သူများနဲ့ တင်ပို့ရောင်းချသူများ အသင်း (BGMEA)နဲ့ ဘင်္ဂလားဒေ့ရှ် ဇာထိုးအထည် ထုတ်လုပ်သူများနဲ့ တင်ပို့ရောင်းချသူများအသင်း (BKMEA)တို့က စက်ရုံတွေကို ထိခိုက်နစ်နာမှု မရှိအောင် ကာကွယ်ပေးဖို့ အစိုးရကို တောင်းဆိုနေပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်နဲ့ ပေးချေမှု ပုံစံတွေကို ပြန်လည် ဆန်းစစ်ပြီး အကြံပြုပေးဖို့ ဘုတ်အဖွဲ့တစ်ခုကို ခန့်အပ်ခဲ့ပါတယ်။ အဲဒီ ဘုတ်အဖွဲ့မှာ အကြီးတန်း ခရိုင်တရားသူကြီးဟောင်း တစ်ဦးက ကြီးမှူးပြီး နိုဝင်ဘာ လကုန်ကျရင် နောက်ဆုံးအဆင့် အပြီးသတ် အကြံပြုချက်တွေကို အစိုးရဆီ တင်ပြဖို့ ရှိနေပါတယ်။ အစိုးရကလည်း အသိအမှတ်ပြု ပြဋ္ဌာန်းပေးမယ် ဆိုရင်တော့ ပြင်ဆင်ထားတဲ့ အနိမ့်ဆုံး လုပ်ခ အသစ်ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင် သတ်မှတ်ဖွယ် ရှိကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC






















































