— သီဟံ ရေးသားသည်။
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သလားဆိုတာကို ကမ္ဘာ့ အမြင့်ဆုံး တရားရုံးက အခု လာမယ့် ကြာသပတေးနေ့မှာ အဆုံးအဖြတ် ပေးတော့မှာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ သမိုင်းမှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်ပိုင်း နိုင်ငံတစ်နိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ဖူးတာ မရှိသေးပါဘူး။ ဒါကြောင့် အခု ချမှတ်မယ့် ဆုံးဖြတ်ချက်ဟာ အစ္စရေးနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ အမှုတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပြီး နိုင်ငံတကာ ဥပဒေအတွက် သမိုင်းဝင် အခိုက်အတန့်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် လူသိန်းပေါင်း များစွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာ အခုဆိုရင် ဆယ်နှစ်နီးပါး ရှိလာပါပြီ။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးက နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်း (မြန်မာအချိန် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်း) မှာ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ ၁၉၄၈ ခုနှစ် သဘောတူညီချက် ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာပါ။ အဲဒီအမှုကို တရားသူကြီးတွေက ခုနစ်နှစ်ကြာ စိစစ် သုံးသပ်ခဲ့ကြပါတယ်။
ဒီအမှုမှာ အဓိက အရေးကြီးတဲ့ အချက်က လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့သလားဆိုတာကို သက်သေပြနိုင်ဖို့ ဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ လူမျိုး၊ ဘာသာ၊ လူမျိုးစု တစ်စုကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ လုပ်ရပ်တွေကို ဆိုလိုတာပါ။
မြန်မာနိုင်ငံ အရေးကို စုံစမ်းခဲ့ဖူးတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူးဟောင်း ယန်ဟီးလီကတော့ ဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာ အသက်ရှင် ကျန်ရစ်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် သမိုင်းဝင် အရေးပါတဲ့ ဆုံးဖြတ်ချက် ဖြစ်လာမယ်လို့ ပြောပါတယ်။
သူက “လွန်ခဲ့တဲ့ ကိုးနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးနိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိစေဖို့နဲ့ အရင်က ပျက်ကွက်ခဲ့မှုတွေကို ပြန်လည် သုံးသပ်ဖို့ ဒီအခွင့်အရေးကို အသုံးချရပါမယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကိုယ်စားပြုပြီး အမှုလိုက်ပေးနေတဲ့ Legal Action Worldwide အဖွဲ့ကို တည်ထောင်သူ အန်တိုနီယာ မူလ်ဗေးကလည်း မြန်မာနိုင်ငံအပေါ် တရားရုံးက တာဝန်ရှိကြောင်း အပြည့်အဝ ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ထားပေမဲ့ သတိနဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
သူ့အဆိုအရ ရိုဟင်ဂျာ ကျေးရွာတွေကို တိုက်ခိုက်ခဲ့တဲ့ ပုံစံတွေဟာ တစ်ရွာနဲ့တစ်ရွာ ဆင်တူနေပြီး စနစ်တကျ လုပ်ဆောင်ခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ စစ်သားတွေက အရပ်သားတွေကို တိုက်ခိုက်တယ်၊ ရွာတွေကို မီးရှို့တယ်၊ အမျိုးသားနဲ့ အမျိုးသမီးတွေကို ခွဲထုတ်တယ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်တယ်။ ထွက်ပြေးနေသူတွေကိုလည်း ဆက်လက် သတ်ဖြတ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။
ဒီတစ်ကြိမ် တရားရုံး ဆုံးဖြတ်ချက်မှာ အထူး အရေးကြီးလာနိုင်တဲ့ အချက်တစ်ခုကတော့ အမျိုးသမီးတွေအပေါ် မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လူမျိုးတုံး သတ်ဖြတ်မှုရဲ့ သက်သေအဖြစ် ဘယ်လို သတ်မှတ်မလဲဆိုတာ ဖြစ်ပါတယ်။
သူ့အဖွဲ့က စုဆောင်းထားတဲ့ သက်သေခံချက်တွေထဲမှာ စစ်သားတွေက အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေကို ထိခိုက်အောင် လုပ်တာ၊ မျက်နှာတွေကို လှီးဖြတ်တာမျိုးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီလို လုပ်တာဟာ လူတွေကို အမှတ်အသားပြုတာ၊ အရှက်ခွဲတာသာမက မျိုးဆက် မပြန့်ပွားနိုင်အောင် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်လည်း ပါဝင်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။
“လူမျိုးတစ်စုကို ဖျက်ဆီးဖို့ဆိုတာ လူတွေကို အုပ်စုလိုက် မုဒိမ်းကျင့်ဖို့ မလိုပါဘူး။ ကလေးတွေကို မိဘရှေ့မှာ သတ်ပြဖို့လည်း မလိုပါဘူး။ ခန္ဓာကိုယ်တွေကို ရက်စက်စွာ ဖျက်ဆီးဖို့လည်း မလိုပါဘူး။ အဲဒီလို လုပ်ရပ်တွေရဲ့ ရည်ရွယ်ချက်က အုပ်စုတစ်စုလုံးကို ဖျက်ဆီးဖို့ပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒီနှစ် ဇန်နဝါရီလမှာ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ လာရောက်တဲ့ ရိုဟင်ဂျာ အသက်ရှင် ကျန်ရစ်သူတွေကို တံခါးပိတ် အစည်းအဝေးတွေနဲ့ တိုက်ရိုက် ကြားနာခဲ့ပါတယ်။
Legal Action Worldwide အဖွဲ့ရဲ့ အဆိုအရ သက်သေတစ်ဦးက သူ့ရင်ခွင်ထဲက ကလေးကို ဆွဲယူသွားပြီး ဓားနဲ့ ထိုးကာ မီးထဲ ပစ်ချခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ နောက်ထပ် သက်သေတစ်ဦးကလည်း အလောင်းတွေ အစုလိုက်အပြုံလိုက် စုပုံနေတဲ့ မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီး ဒေါဒါ ဂျော်လိုကလည်း ကြားနာမှုအတွင်း ဒီအမှုဟာ နိုင်ငံတကာ ဥပဒေကြောင်းအရ ဆွေးနွေးနေတဲ့ သီအိုရီဆန်တဲ့ ကိစ္စတစ်ခုသာ မဟုတ်ကြောင်း တရားရုံးကို ပြောခဲ့ပါတယ်။
“ဒီအမှုဟာ တကယ့်လူတွေ၊ တကယ့်ဖြစ်ရပ်တွေ၊ တကယ့် လူသား အုပ်စုတစ်စုရဲ့ အသက်ရှင် နေထိုင်မှုနဲ့ ပတ်သက်တဲ့ အမှုပါ။ မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတွေဟာ ဖျက်ဆီးခံရဖို့ ပစ်မှတ်ထား ခံခဲ့ရတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ပုန်ကန်မှုကို တုံ့ပြန် နှိမ်နင်းတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်ပေါင်း များစွာ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး ခွဲခြား ဆက်ဆံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာလည်း ဗုဒ္ဓဘာသာဝင်တွေနဲ့ အကြား လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ် နွေရာသီမှာ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပြောက်ကျား ပုံစံ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အခြေအနေဟာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။ အဲဒီနောက် မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးကြီးတွေကို လုပ်ဆောင်ခဲ့ပါတယ်။ စတင် တိုက်ခိုက်တယ်ဆိုတဲ့ အဖွဲ့ဟာ ARSA ဖြစ်ပြီး စစ်တပ်က အဲဒီလို တိုက်ခိုက်မှာကို ကြိုသိခဲ့ပါတယ်။ သာမာန် အရပ်သားတွေတောင် ARSA က စစ်တပ်လက်အောက်ခံ စခန်းတွေကို တိုက်ခိုက်တော့မယ်ဆိုတာ ကြိုပြီး သိခဲ့ကြတာပါ။ ထူးခြားတာက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်ချိန်မှာ စစ်တပ်နဲ့ ARSA တို့ဟာ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေပြီး ARSA စခန်း အချို့မှာ စစ်တပ်က ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ခဲ့ရတာပါ။
၂၀၁၇ ဩဂုတ်လမှာ စစ်တပ် အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေက တူလာတိုလီ ကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း The Guardian ကို ပြောပြခဲ့ကြပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေက အရပ်သားတွေကို စနစ်တကျ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ကလေးငယ်တွေကို မြစ်ထဲမှာ ရေနစ် သတ်ဖြတ်ခဲ့ကြောင်း ပြောပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဂြိုဟ်တု ဓာတ်ပုံတွေကလည်း အဲဒီ ကျေးရွာ မီးရှို့ ဖျက်ဆီးခံခဲ့ရတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီလို သက်သေခံချက်တွေ အပါအဝင် ရာနဲ့ချီတဲ့ မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို စုဆောင်းပြီး လူမျိုးတုံး သတ်ဖြတ်မှု အမှုအတွက် သက်သေ အထောက်အထားအဖြစ် တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
တရားရုံးက မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မြန်မာခေါင်းဆောင် မင်းအောင်လှိုင် အပေါ် နိုင်ငံတကာ ဖိအားတွေ ပိုမို မြင့်တက်လာနိုင်ပါတယ်။
မင်းအောင်လှိုင်ဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တဲ့အချိန်မှာ စစ်တပ်ကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာကြောင့် ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့ပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။
အခုအခါ သူဟာ ရခိုင်ပြည်နယ် အနောက်ပိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုမှာ ဈေးတစ်ခုနဲ့ တံတားအနီးကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်လိုမျိုး လက်ရှိ စစ်ပွဲတွေနဲ့လည်း ဆက်စပ်နေပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ စုံစမ်း စစ်ဆေးမှုကိုလည်း သီးခြား ရင်ဆိုင်နေရပါတယ်။
သတိပြုရမယ့် အချက်က ICJ နဲ့ ICC ဟာ မတူညီတဲ့ တရားရုံး နှစ်ခု ဖြစ်ပါတယ်။ ICJ က နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံတကာ ဥပဒေအရ တာဝန်ရှိမှုကို ဆုံးဖြတ်တာ ဖြစ်ပြီး ICC ကတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ ရာဇဝတ်မှု တာဝန်ရှိမှုကို စစ်ဆေးတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်တပ် စိတ်တိုင်းကျ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ စစ်တပ်လွှတ်တော်ကနေ ယူနီဖောင်း ပြောင်းဝတ်ပြီး သမ္မတ လုပ်နေပါတယ်။ နိုင်ငံတကာနဲ့ သံတမန် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေဖို့ ကြိုးစားနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် စစ်တပ် ရွေးကောက်ပွဲကိုတော့ အတုအယောင် ရွေးကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထားကြပါတယ်။
ဒီ ICJ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ တစ်ခုတည်းအတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံအပေါ် ဂါဇာ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တင်သွင်းထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု အမှုအပေါ်လည်း သက်ရောက်မှု ရှိနိုင်ပါတယ်။
အမှု နှစ်ခုစလုံးမှာ အင်အားကြီးတဲ့ စစ်တပ်တစ်ခုက လူမျိုးစုတစ်စုအပေါ် စစ်ရေးအရ အင်အားသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အစ္စရေးနိုင်ငံမှာတော့ အမေရိကန်ရဲ့ သံတမန်ရေးအရ ထောက်ခံမှု ပိုမို အားကောင်းနေပါတယ်။
အမေရိကန်အစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအပေါ် ဖိအားပေးမှုတွေ ပြုလုပ်နေတဲ့အချိန်မှာ အခု ဆုံးဖြတ်ချက် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကိုလည်း ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။
ဒါပေမဲ့ ဘိုင်ဒင်အစိုးရလက်ထက်မှာတော့ အမေရိကန်က ရိုဟင်ဂျာ အရေးကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် မိုက်ဝေါ့ဇ်ကတော့ ICJ အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို အမေရိကန်ရဲ့ မဟာမိတ် တပ်ဖွဲ့ဝင် စစ်သားတွေအပေါ်ပါ အသုံးချနိုင်မယ့် စံနှုန်းတစ်ခုအဖြစ် မသတ်မှတ်သင့်ဘူးလို့ သတိပေးထားပါတယ်။ ဒီ ပြောဆိုချက်ဟာ အစ္စရေး စစ်သားတွေနဲ့ ပတ်သက်တဲ့ အမှုအတွက်လည်း အရေးပါလာနိုင်ပါတယ်။
မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာစစ်တပ်ဆီ လက်နက် ရောင်းချမှုနဲ့ လေယာဉ်ဆီ ထောက်ပံ့မှုတွေကို ရပ်တန့်ဖို့ ဖိအားပေးသင့်တယ်လို့ အမှုကို ထောက်ခံသူတွေက ပြောဆိုနေကြပါတယ်။
ICJ မှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင် အတင်းအကျပ် အကောင်အထည်ဖော်နိုင်တဲ့ အင်အား မရှိပေမဲ့ အရင်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို နိုင်ငံတွေက လိုက်နာခဲ့ကြတာ ရှိပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အဲဒီ ဆုံးဖြတ်ချက်တွေကို ပိုမို အားကောင်းလာစေနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား သဘောထား ကွဲလွဲမှုတွေကြောင့် အဲဒီလို ဖြစ်လာဖို့ ခက်ခဲနိုင်ပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆက်လက် နေထိုင်နေရပြီး ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည် စခန်းအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာမှာ နေထိုင်နေကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ ရိုဟင်ဂျာ ခြောက်သိန်းအောက်သာ ကျန်ရှိတော့တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာပဲ နေရပ်စွန့်ခွာ နေရတဲ့ ရိုဟင်ဂျာတစ်ဦးကတော့ ဒီ တရားရုံး ဆုံးဖြတ်ချက်ကြောင့် နှစ်ပေါင်း များစွာ ကြုံတွေ့ခဲ့ရတဲ့ ဖိနှိပ်မှုနဲ့ ခွဲခြား ဆက်ဆံမှုတွေ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ဟာ သနားကြင်နာမှုကိုပဲ တောင်းဆိုနေတာ မဟုတ်ပါဘူး။ တရားမျှတမှု၊ အသိအမှတ်ပြုမှု၊ တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေနဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေ မိမိတို့ရဲ့ ဇာတိမြေမှာ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မယ့် အနာဂတ်တစ်ခုကို တောင်းဆိုနေတာ ဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
ကိုးကား — The Guardian






















































