တည်ကြည်/People’s Spring
မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးပေါ်မှာ ခံ့ညားထည်ဝါစွာ တည်ရှိခဲ့ဖူးတဲ့ တံတားတစ်စင်း ရှိခဲ့ဖူးပါတယ်။ အဲဒီတံတားကို အမည်နှစ်မျိုးနဲ့ ခေါ်ဝေါ်ကြတယ်။ စစ်ကိုင်းဘက်ကလူတွေက စစ်ကိုင်းတံတားတဲ့။ အင်းဝဘက်ကလူတွေကတော့ အင်းဝတံတားတဲ့။ ဘယ်လိုပဲခေါ်ခေါ် အဲဒီတံတားကြီးကတော့ မြန်မာ့သမိုင်းနဲ့ ဗိသုကာပညာရပ်မှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့တာ သေချာပါတယ်။
ဗြိတိသျှကိုလိုနီခေတ် ၁၉၂၇ ခုနှစ်မှာ တံတားကြီးကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီခေတ်အခါက အရှေ့တောင်အာရှမှာ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး တံတားကြီးတစ်စင်းအဖြစ် ထင်ရှားခဲ့ဖူးပါတယ်။ အရှည်ပေ ၃,၉၄၈ ပေရှိပြီး မီးရထားလမ်းနဲ့ မော်တော်ကားလမ်း နှစ်မျိုးစလုံး အသုံးပြုနိုင်ဖို့ သံပေါင်ခုံးကြီးတွေနဲ့ စနစ်တကျ ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာပါ။
ရှေးဟောင်း အင်းဝမြို့တော်ဟောင်း အနီးမှာ တည်ရှိတာကြောင့် “အင်းဝတံတား”လို့ အမည်တွင်ခဲ့ပေမဲ့ အခေါ်များကြတာကတော့ စစ်ကိုင်းတံတားပါ။

Public Service Announcement
စစ်ကိုင်းတံတားကြီးဟာ လူတွေလိုပဲ သမိုင်းရဲ့ဒဏ်ရာဒဏ်ချက်တွေကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်တွေ ဆုတ်ခွာစဉ် ဂျပန်တပ်တွေ အလွယ်တကူ မလိုက်လာနိုင်ဖို့ တံတားရဲ့ အလယ်ခန်းမကြီး နှစ်ခန်း (အခန်းအမှတ် ၇ နဲ့ ၈) ကို မိုင်းခွဲဖျက်ဆီးခဲ့ကြပါတယ်။ ဒါ့ကြောင့် စစ်ပြီးခေတ်ကာလမှာ နှစ်ပေါင်းများစွာကြာအောင် ကူးတို့သင်္ဘောတွေနဲ့ မြစ်ကို ဖြတ်ကူးခဲ့ကြရပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်မှာနိုင်ငံတော်အစိုးရက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပြီး အဲဒီနှစ် အောက်တိုဘာမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဒီစစ်ကိုင်းတံတားကြီးဟာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် အထက်မြန်မာပြည်ရဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အဓိက ကျောရိုးမကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းကိုဖြတ်လို့ ဟိုးကချင်ပြည်နယ်အထိ လူတွေကုန်တွေ အခါအလီလီ ဖြတ်သန်းသွားခဲ့ကြတဲ့ တံတားကြီးပါ။
ချစ်သူရည်းစားတွေလည်း စစ်ကိုင်းတံတားကြီးပေါ်ဖြတ်လို့ ကြည်နူးခဲ့ကြဖူးတယ်။ မိသားစုတွေလည်း တံတားကြီးပေါ်က ဖြတ်သန်းရင်း ဆွေမျိုးဉာတိတွေဆီ သွားရောက်လည်ပတ်ခဲ့ကြဖူးတယ်။ မိတ်ဆွေအပေါင်းအသင်းတွေလည်း စစ်ကိုင်းတံတားကိုုကျော်ကာ စစ်ကိုင်းတောင်ရိုးပေါ် ကထိန်တွေ တပျော်တပါး သွားခင်းခဲ့ကြဖူးတယ်။
ခေတ်ကာလ ရွေ့လာတော့ တံတားကြီးလည်း သက်တမ်းရင့်လာတာကြောင့် ၂၀၀၈ ခုနှစ်မှာ ၎င်းရဲ့ အနီးမှာပဲဧရာဝတီတံတား (ရတနာပုံ) တံတားအသစ်ကြီး ပေါ်လာခဲ့တယ်။ စစ်ကိုင်းတံတားဟောင်းကြီးပေါ်ကိုတော့ ကုန်တင်ယာဉ်ကြီးတွေကို ဖြတ်သန်းခွင့် ကန့်သတ်လိုက်ပြီး အပေါ့စားယာဉ်ငယ်တွေနဲ့ မီးရထားတွေကိုသာ ဖြတ်သန်းစေခဲ့တယ်။ အဲဒီလိုနဲ့ တံတားကြီး နှစ်တစ်ရာပြည့်ခါနီးမှာပဲ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရပါတယ်။
ပြိုကျပျက်စီးခဲ့တဲ့ သံပေါင်တွေကို ဆယ်ယူအပြီး မနေ့ကတော့ စစ်ကိုင်းတံတားက သံပေါင်တွေကို ရထားနဲ့သယ်ဆောင်သွားခဲ့ကြတယ်။ ရထားလမ်းတလျှောက်က ပြည်သူတွေဟာ စစ်ကိုင်းတံတားကြီးရဲ့ ဝိညာဥ်မဲ့ ခန္ဓာကိုယ်ကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြတယ်။ စိတ်နှလုံး နုနယ်ကြသူတွေကတော့ မျက်ရည်ဝဲကြတာပေါ့။ နှစ်ပေါင်းများစွာ ရထားတွေ ဖြတ်သန်းခဲ့တဲ့ သူ့ခန္ဓာကိုယ်ဟာ အခုတော့ ရထားပေါ်မှာပဲ ငြိမ်သက်စွာ လိုက်ပါသွားပါတော့တယ်။





















































