ထိုင်းတော်ဝင် လေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေဟာ ခဲယမ်းလက်နက် အစစ်တွေကို အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ကြောင်း သိရပါတယ်။
တော်ဝင်လေတပ်ဟာ DARTလို့ နာမည်ပေးထားတဲ့ လေကြောင်း တိုက်ခိုက်ရေး လေ့ကျင့်မှု အစီအစဉ် တစ်ခုမှာ F-16တွေက ခဲယမ်းအစစ်တွေကို အသုံးပြု ပစ်ခတ်နေတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေဟာ ပစ်မှတ် ချိန်ရွယ်မှုမှာ ပိုတိကျတဲ့ အာရုံခံ စနစ်တွေ အသုံးပြုတာ၊ လေယာဉ်မှူးတွေရဲ့ တိုက်ပွဲဝင် စွမ်းရည်ကို မြှင့်တင်တာ၊ လက်နက်တွေကို ထိန်းချုပ်တာ၊ အရမ်းသေးငယ်တဲ့ အချိန်ပိုင်းလေးမှာတင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ထိုင်းတော်ဝင်လေတပ်က ဆိုပါတယ်။
ဒီလို လေ့ကျင့်မှုတွေကလည်း တိုက်လေယာဉ်မှူးတွေ အနေနဲ့ နိုင်ငံ လေပိုင်နက်ကို ကာကွယ်ရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ လေတပ်က မှတ်ချက်ပေးထားပါတယ်။

Public Service Announcement
F-16တွေဟာ အမေရိကန်လုပ် အပေါ့စား ဘက်စုံသုံး တိုက်လေယာဉ်တွေဖြစ်ပြီး မကြာသေးခင် ရက်ပိုင်းအတွင်း မြန်မာနဲ့ နယ်စပ်နားမှာ ပျံသန်းမှုတွေ ရှိခဲ့ပါတယ်။
လဆန်းပိုင်းတုန်းက မြန်မာဖက်ခြမ်းမှာ နယ်စပ်မျဉ်းနဲ့ ကပ်ပြီး ကရင်တော်လှန်ရေး အင်အားစုတွေကို အာဏာသိမ်း စစ်တပ် တိုက်လေယာဉ်က ဗုံးကြဲခဲ့တဲ့နောက် ထိုင်း F-16 တိုက်လေယာဉ် နှစ်စီးက နယ်စပ်ဒေသတွေနားမှာ ကင်းလှည့် ပျံသန်းပြခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၈ ရက်နေ့မှာလည်း မြန်မာနဲ့ နယ်စပ်စည်းနားကို အမျိုးအမည်မသိ လေယာဉ်တစ်စီး ချဉ်းကပ်လာလို့ဆိုပြီး တော်ဝင်လေတပ်ဟာ F-16တွေကို အရေးပေါ် ပျံတက်စေခဲ့ဖူးပါတယ်။
ကိုးကား: Khaosod






















































