Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘မမအေးချို’

◼️​ဒေးဗစ်​မောင်​မောင်

လူ့ရည်မှန်းချက်ဆိုတာကလည်း ဆန်းကြယ်လွန်းပါသည်။ တခုခုကို လိုချင်လို့ နှစ်ပေါင်းများစွာ ကြိုးစားပါလျှက်နှင့် ရယူပိုင်ဆိုင်ခွင့် မရခဲ့။ ခြေကုန်လက်ပမ်းကျလို့ လွှတ်ချလိုက်သည့်အခါမှ မမျှော်လင့်ဘဲ ကိုယ့်ထံ ရောက်ရှိလာခဲ့တတ်သည်။ အေးချို့ဘဝမှာ အဲသည်လို ကြုံလာခဲ့ရသည်။

‘မမအေးချို စာသင်ပေးပါလား’ တဲ့။ ကျေးရွာကာကွယ်ရေးခေါင်းဆောင်နှစ်ဦးက လာပြောပါသည်။ ပြောသည်မှာက ရိုးရိုးရင်းရင်းနှီးနှီး မဟုတ်ပေ။ တလေးတစား၊ ယဥ်ယဥ်ကျေးကျေး၊ လိုလိုလားလား၊ အားကိုးတကြီး ပြောခြင်းဖြစ်သည်။ အေးချို့ဘဝမှာ သည်လောက် အရေးပေးမှုကို မခံခဲ့ရစဖူး။

အစကတော့ အေးချို ကြောင်နေမိသေးသည်။ သည်လို ဆက်ဆံမှုမျိုးနှင့် အခွင့်အရေးမျိုးကို အေးချို့ကို ပေးလာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့စဖူး။ အရင့်အရင်တွေတုန်းက ပေးလာဖို့ကို အေးချို အသည်းအသန် ငံ့လင့်ခဲ့ဖူးပါသည်။ အေးချို၏ ဘဝအခြေအနေက သည်လို အလုပ်မျိုးနှင့်သာ အသင့်တော်ဆုံး မဟုတ်လား။ ဒါကို အေးချို ငယ်ငယ်ကတည်းက သိသည်။ ကိုယ့်အကြောင်း ကိုယ်သိခဲ့သည်။ ကိုယ်နှင့် သင့်တော်လို့တင်မဟုတ်ဘဲ တကယ့်စိတ်ရင်းထဲကကို ဝါသနာပါသောကြောင့် သည်လိုအလုပ်မျိုး၏ အရည်အချင်း ပြည့်မီစေရန် အေးချို အစွမ်းကုန် ကြိုးစားခဲ့ပါသည်။ (၈) နှစ်ကြီးများတောင်။ ဟုတ်သည်။ အေးချို ဆယ်တန်းကို (၈) နှစ် ဖြေမှ အောင်မြင်ခဲ့ပါသည်။ ဒါတောင် အမှတ်မီတယ်ဆိုရုံကလေး။ မအောင်မြင်ခင်က နှစ်တွေဆက်တိုက် ကျတိုင်း အေးချို စိတ်ဓာတ်ကျခဲ့ရသည်။ ငိုခဲ့ရသည်။ သို့တိုင် အေးချို လက်မလျှော့ခဲ့ပေ။ ငါ့ရဲ့ ဘဝပေးကံကိုက သည်အလုပ်နဲ့မှ တန်မှာမို့ သည်အလုပ်ရဲ့ အရည်အချင်း ပြည့်မီအောင် ကြိုးစားမှ ဖြစ်မည် ဆိုပြီး (၈) နှစ်အထိ ကြိုးစားခဲ့ရာ နောက်ဆုံးတော့ အောင်မြင်ခဲ့ပါသည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း အေးချိုအတွက်တော့ စိတ်ကူးနှင့်လက်တွေ့တို့ တထပ်တည်း မကျရောက်ခဲ့ပြန်။ ခုဆို အေးချို့အသက်မှာ လေးဆယ်ကျော်ခဲ့ပေပြီ။ သည်အရွယ်အထိ (၈) နှစ်ကြာအောင် ကြိုးစားခဲ့သော စိတ်ကူးအိပ်မက်တို့ အရာမရောက်ခဲ့။ အစိုးရကလည်း အလုပ်ခေါ်နိုင်ခဲလှသည်။ ဘွဲ့လက်မှတ်ကလေး ပိုင်ဆိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့သည့်တိုင် ဘယ်ရုံးတော်ပေါ်မှ မတင်ခဲ့ရ။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာသည့်အခါ ပညာရေးဝန်ထမ်းသစ်များ ခေါ်ယူမည်ဟု ကြေညာတော့ အေးချို၏ ရည်မှန်းချက်တွေ ပြည့်ဝတော့မည်ဆိုပြီး အေးချိုသည် ဖောင်ထဲ ဖြည့်စွက်ရမည်များကို ဖြည့်သွင်းကာ ဘွဲ့လက်မှတ်ကလေးနှင့်အတူ အပြေးကလေး တင်လိုက်သည်။

ရက်များမကြာမီ အင်တာဗျူးခေါ်လို့ သွားရောက် အင်တာဗျူးတော့ အေးချိုတတ်သလောက် ဖြေခဲ့ပါသည်။ အင်တာဗျူးများအပြီး လများ မကြာခင်မှာ ဝန်ထမ်းခန့်အပ်စာများ ထွက်လာခဲ့သည်။ သိန်းချီရှိသော နာမည်များထဲတွင် အေးချို၏ နာမည် ပါမလာခဲ့ပေ။

အေးချို ဝမ်းနည်းကာ စိတ်ဓာတ်ကျရပါသည်။ ဘာလို့များလဲ။ ဆယ်တန်းမှာ အမှတ်နည်းတော့ အရည်အချင်း မပြည့်မီလို့လား။ ဒါမှမဟုတ် အင်တာဗျူးတုန်းက အေးချို၏ အဖြစ်ကို ကြည့်ပြီး ဆရာမ ဖြစ်ဖို့ အရည်အချင်းမပြည့်မီလောက်ဘူး ဟု သတ်မှတ်ပြီး ပယ်ချလိုက်သည်လား။ အဲ့သည်တုန်းက အေးချို ခေါင်းရမ်းခဲ့ပါသည်။ မဟုတ်လောက်ပါဘူး။ အဲသည်တုန်းက သူတို့မျက်ဝန်းများထဲမှာ အေးချို၏ အဖြစ်ကို စေ့ငုကြည့်ခဲ့ကြသည့် မျက်ဝန်းများကို အေးချိုမတွေ့ခဲ့ပါဘူး။ အေးချိုရဲ့ နောက်ကွယ်မှာမှ အေးချို့အားနည်းချက်ကို ဆွေးနွေးနေကြပြီး ပယ်ချလိုက်သည်လားတော့ မပြောတတ်။

တခါမှာလည်း အေးချို့အတွက် အခွင့်အရေးလေး ဖြစ်လေမလားဆိုသည့် မျှော်လင့်ချက်ကလေးတခု ပေါ်လာခဲ့ပြန်သည်။ အကြောင်းကား ရွာတွင် မူကြိုကျောင်းကလေး ဖွင့်မည်ဆိုသည့် သတင်းကြားမိသောကြောင့်ပင်။ မူကြိုဆရာမများနေရာအတွက် အစိုးရက ခန့်အပ်ဖို့ မလို။ ရွာ၏ သဘောထားနှင့် ခန့်အပ်လိမ့်မည်။ အေးချို့ကို ရွေးလာလေမလားဟု မျှော်လင့်ခဲ့မိသေးသည်။ သို့သော်လည်း မျှော်သာမျှော်ရသည် ပေါ်မလာခဲ့ပေ။

ကြာလာတော့ အေးချို၏ အသက်သည် ကြီးလာခဲ့ပြီဖြစ်၍ ငယ်ငယ်က မျှော်လင့်ချက်များအတွက် လက်လျှော့လိုက်ရတော့သည်။ အစိုးရဝန်ထမ်းဖြစ်ဖို့ဆိုတာကလည်း သတ်မှတ်အသက်က ကျော်လွန်လာခဲ့ပြီကိုး။ သည်တသက်တော့ မဖြစ်နိုင်တော့ဘူးကွယ်။ ဘာတတ်နိုင်မှာလဲ။ ဘဝကံ အကျိုးပေးလို့ပဲ ဆိုရတော့မည်ပေါ့။ စိတ်ကို သည်လို လွှတ်ချလိုက်သည့်အခါမှာတော့ အေးချို့စိတ်ထဲ အနည်းငယ် ပေါ့ပါးသွားသလိုတော့ ခံစားရပါသည်။

အေးချို စိတ်ကို သည်လို လွှတ်ချပြီးသွားသည့်အခါမှ အခွင့်အရေးတခုက မမျှော်လင့်ဘဲ ပေါ်လာခဲ့ပြီ။ မမအေးချို စာသင်ပေးနိုင်မလား တဲ့။ မေးလာသည့်အချိန်ကတော့ အချိန်အခါကောင်းတော့ မဟုတ်ပေ။ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြီး ငြိမ်သက်အပြီး နိုင်ငံတော်အား အာဏာသိမ်းပြီးသွားသောအချိန်။ စစ်အာဏာရှင်အား တိုက်ထုတ်နေသော နွေဦးတော်လှန်ရေးသက်တမ်း သုံးနှစ်နီးပါးကြာမြင့်ပြီးသည့်ကာလ။

ဆိုတော့ဖြင့် အေးချိုတို့ရွာတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကြီးနှင့် ပြည်တွင်းစစ်ကြီးကြောင့် စာသင်ကျောင်းများ ငါးနှစ်နီးပါး ပိတ်ပင်ခဲ့ရသည်။ အေးချိုတို့ဒေသအား တော်လှန်ရေးသမားများက နယ်မြေ အတော်အသင့် စိုးမိုးထိန်းချုပ်နိုင်လိုက်သောအခါ NUG အစိုးရ၏ စီမံချက်ဖြင့် အေးချိုတို့ရွာလေးတွင် ကြားကာလ ပညာရေးခေါင်းစဥ်နှင့် စာသင် ကျောင်းလေး ပြန်ဖွင့်ကြတော့မည်တဲ့။ ယခု အေးချို့ကို လာကမ်းလှမ်းသော ကျေးရွာကာကွယ်​ရေး ခေါင်းဆောင်များက စီမံနေကြသည်။ ပြည်တွင်းစစ်ကြောင့် ရွာထဲက ဆရာ/ဆရာမများသည် စီဒီအမ် ဝင်ကြသည်။ သို့သော်လည်း သူလျှိုရန် ကြောက်ရသောကြောင့် နယ်အဝေးသို့ ဇာတ်မြှုပ်နေကြရသည်။ သည်တော့ ဆရာ/ဆရာမအစစ်များ မရှိကြတော့။ ရွာထဲက ဆယ်တန်းအောင်ပြီးသူ၊ ဘွဲ့ရပြီးသူများနှင့် စုပေါင်းသင်ပြပေးရမည့် ကိုယ်ထူကိုယ်ထ ကျောင်းလေး ဖွင့်ရခြင်းဖြစ်သည်။

အေးချိုက “သင်စေချင်ရင် သင်မှာပေါ့ကွယ်” ဟု အဖြေပေးလိုက်သည်။ သည်တော့ ကျေးရွာကာကွယ်ရေးခေါင်းဆောင်များက ကျေးဇူးတင်ပါတယ် ဟု လေးလေးစားစား ပြောသွားသည်။

သည်အကြောင်း ယာထဲသွားနေကြသည့် အေးချို့မိဘတွေ ပြန်ရောက်လာလျှင် ဆီးပြောရမည်။ အေးချို ကျောင်းဆရာမဖြစ်ချင်နေတာကို အေးချို့အပြင် မိဘတွေ အသိဆုံးမဟုတ်လား။ မိဘတွေကလည်း သမီးလေးဖြစ်စေချင်သည့်အတိုင်း ကျောင်းဆရာမ ဖြစ်စေချင်မိသည်။ သို့သော်လည်း ဖြစ်မလာခဲ့သလို ဖြစ်လာအောင်လည်း မကူညီနိုင်ခဲ့။ အခုတော့ ဖြစ်လာတော့မှာမို့ မိဘတွေ သိပ်ပျော်သွားမှာ အသေအချာပင်။

သို့သော်လည်း အေးချို့အထင်တွေ တက်တက်စင်အောင် လွဲမှားခဲ့သည်။ အမေကတော့ ဘာမှ မပြောပေမယ့် အဖေကတော့ ပက်ပက်စက်စက် တားမြစ်လေသည်။ “နင် သေချင်လို့ စာသင်မှာလား” တဲ့။ အဖေ့ထံက “ပိုင်တာပေါ့၊ နောက်ဆုံးတော့ ဖြစ်ချင်တဲ့ ဆရာမကြီး ဖြစ်တော့မှာပေါ့” ဟု ဝမ်းပန်းတသာ ပြောလာမည့်စကားကိုသာ မျှော်လင့်နေခဲ့မိသည်မို့ အေးချိုသည် ဘာစကားမှ ပြန်မပြောနိုင်တော့လောက်အောင် ဆွံ့အ သွားခဲ့ရသည်။

အဖေဟာ အဲ့သည်စကားတခွန်းတည်းတင် ပြောသည်မဟုတ်။ အပြစ်တင်သော စကားများကိုလည်း တရစပ် ပြောလာတော့သည်။

“ပေါက်မြို့နယ်က စီဒီအမ်ကျောင်းဆရာကြီးတဦး စီဒီအမ်လုပ်လို့ သူ့နေအိမ်မှာတင် ခေါင်းဖြတ်သတ်ခံရပြီး အိမ်ရှေ့က ပိုင်းတားပေါ်မှာ ခေါင်းပြတ်ကြီး အချိတ်ခံခဲ့ရတာ နင်မေ့နေပြီလား၊ ဆရာ/ဆရာမတွေ အကုန်လုံးကို စစ်တပ်က လိုက်သတ်နေလို့ ဒီရွာက ဆရာ/ဆရာမတွေအကုန် အဝေးကိုပြေးပုန်းနေကြတာ နင်မသိလို့လား၊ တနိုင်ငံလုံးနီးပါးက စာသင်ကျောင်းတွေပေါ် လေယာဥ်တွေ ပါရာမောတာတွေနဲ့ ဗုံးကျဲချလို့ ဆရာ/ဆရာမတွေရော ကျောင်းသား/ ကျောင်းသူတွေရော အများကြီး သေခဲ့ရတဲ့ သတင်းတွေ နင်မကြားလို့လား၊ ပြီးတော့ ဒီရွာမှာက ဒလန်တွေ ပေါပါဘိသနဲ့၊ ရွာ့ဘေးမှာလည်း မသိမ်းနိုင်သေးတဲ့ ပျူစောထီးရွာကြီး ရှိနေတာလည်း မမေ့နဲ့ဦး၊ တကယ်လို့ ဒီရွာမှာ စာသင်ကျောင်း ဖွင့်နေတယ်ထား ဒလန်တွေက သတင်း လှမ်းပေးလိုက်ရင် စာသင်ကျောင်းဖွင့်နေတာ ပျူစောထီးရွာကလည်း သိရင် စာသင်ပေးနေတဲ့ နင်တို့အကုန်လုံးကို လာသတ်မှာကို နင်မတွေးတတ်တော့ဘူးလား၊ အေး လာသာသတ်ရင် နင်ပါ သေမှာ မဟုတ်ပါဘူး ငါရော နင့်အမေကို သတ်သွားမှာဟဲ့၊ ငါတို့ကိုပါ သေစေချင်လို့လားဟင်၊ စစ်ရှောင်ရရင်တောင် နောက်ဆုံးမှာ ကပ်ကျန်နေတတ်တဲ့ နင်လိုလူက စာသင်ချင်တယ်တဲ့၊ ပျူစောထီးတွေသာ ရောက်လာရင် မပြေးနိုင်လို့ ကပ်ကျန်နေတဲ့ နင့်ကို ဆယ်ပိုင်းလောက် ပိုင်းသွားမှာတောင် မြင်ယောင်သေး၊ အိပ်မက် မက်မနေနဲ့၊ လုံးဝ စာမသင်ရဘူး ဒါပဲ”

အဖေက သည်လို ဆက်တိုက်ပြောလာတော့ အေးချိုသည် အံ့သြရုံမက မျက်ရည်များပင် လည်လာတော့သည်။ သမီးဖြစ်သူ ဆရာမဖြစ်ဖို့ ဘယ်လောက် ရည်မှန်းချက်ကြီးခဲ့တာ အဖေသိသားနှင့်။ ဟင့်အင်း မဖြစ်ဘူး။ အေးချို အဖေ့ကို ပြန်ပြောလို့မဖြစ်ဘူး။ သည်ကိစ္စက ချက်ချင်း ပြန်ပြောလို့ နားလည်မယ့် ကိစ္စမဟုတ်ဘူး။ သေချာအချိန်ပေးပြီးမှ ချက်ကျလက်ကျနှင့် ရှင်းပြမှရမှာ။ လေပြေကလေးနှင့်ပေါ့။ အဖေ့ကို သေချာနားဝင်အောင် ပြောမှ ဖြစ်မှာ။ အေးချို့အဖြစ်ဟာ သည်ဘဝမှာ ဆရာမ မဖြစ်ခဲ့ရလို့ နောက်ဘဝမှာတော့ ဖြစ်ပါရစေလို့ ဆုတောင်းခဲ့ရဖူးသည်မဟုတ်လား။

သည်တော့မှ အေးချိုသည် အဖေနှင့်အမေ နားလည်လက်ခံမည့် စကားလုံးများ ရွေးချယ်ပြီး အားအားလပ်လပ်ရှိသည့်အခါမှ ပြောပြလိုက်တော့သည်။

“အခု ဖွင့်မယ့် စာသင်ကျောင်းက ဖွင့်သင့် မသင့်ကို လူတွေအများကြီးနဲ့ တိုင်ပင်ပြီးမှ ဖွင့်တာပါ၊ စာသင်ကျောင်းထဲမှာတော့ မဟုတ်ဘူး၊ ဟိုအတန်းအတွက် ဒီနေရာ၊ ဒီအတန်းအတွက် ဟိုနေရာဆို သတ်မှတ်ထားတာ၊ တကျောင်းလုံးကို တစုတစည်းတည်း သင်မှာ မဟုတ်ဘူး၊ အဲ့သည်တော့ လေကြောင်းရန်အတွက်လည်း ပူစရာမလိုတော့ဘူး၊ ရွာမှာ ဒလန်လည်း မရှိတော့ပါဘူး၊ ရွာမှာ ဘယ်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကို သဘောမကျကြတယ်ဆိုတာ တရွာလုံးလည်း အသိပဲမဟုတ်လား၊ အဲ့လူတွေကိုလည်း ဒလန်မလုပ်ဖို့ ဖိအားပေးထားပါတယ်၊ သူတို့ သားသမီးတွေလည်း ကျောင်းထားကြရမှာပဲလေ၊ ဘေးရွာက ပျူစောထီးရန်လည်း ပူစရာမလိုပါဘူး၊ သူတို့ရွာပတ်ပတ်လည်မှာ တော်လှန်ရေးသမားတွေ ပိတ်ဆို့ထားတာပါ၊ ဘယ်ပျူစောထီးမှ အပြင်မထွက်ရဲပါဘူး၊ သမီးရဲ့ အားနည်းချက်အတွက်နဲ့တော့ မပူပါနဲ့၊ ကျေးရွာကာကွယ်ရေးခေါင်းဆောင်တွေက တကျောင်းလုံးကို လုံခြုံရေး အမြဲပေးနေမှာပါ၊

“တကယ်လို့များ စစ်ရှောင်ရရင်တောင် နောက်ဆုံးကပ်ကျန်တတ်တယ်လို့ အဖေပြောတယ်မလား၊ သမီးသာ ဆရာမဆိုရင် ကျောင်းသားကျောင်းသူလေးတွေရဲ့ လုံခြုံရေးကို ဦးစားပေးရမှာမို့ နောက်ဆုံးမှာပဲ နေသင့်တာပါ၊ သမီးရဲ့ အားနည်းချက်ဟာ သမီးကို ဆရာမကောင်း ဖြစ်စေလိမ့်မယ်လို့ သမီးယူဆလိုက်ပါ့မယ်၊ ဆရာမဖြစ်ဖို့ဟာ သမီးရဲ့ အားနည်းချက်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ အဖေအသိဆုံးမဟုတ်လား၊ ဘာမှမဆိုင်ဘဲနဲ့ကို သမီးကို ခွဲခြားခဲ့ကြတယ်၊ အခွင့်အရေး မပေးခဲ့ကြဘူး၊ အခုတော့ အခွင့်အရေးပေးလာပြီ၊ တသက်မှာ တခါပဲ ရတဲ့ အခွင့်အရေးလေးကို သမီး အမိအရ ဆုပ်ကိုင်ချင်တယ်၊ အခုမှ သမီးကို လိုအပ်ကြတာမို့လို့ သူတို့ရဲ့ လိုအပ်ချက်လေးကို အပြည့်အဝ ဖြည့်ပေးချင်တယ်၊ ဒါ့ကြောင့် သမီးကို ခွင့်ပြုပါအဖေရယ်နော်”

သည်တခါတော့ အမေပါ ဝင်ပါလာတော့သည်။ ခွင့်ပြုလိုက်ပါဖအေရဲ့၊ သင်ပလေ့စေ တဲ့။ သို့သော် အဖေကတော့ ခေါင်းမာဆဲပင်။ အာ မဖြစ်သေးပါဘူး ဆိုပြီး လှည့်ထွက်သွားသည်။ သို့သော်လည်း အေးချို ကျေနပ်သည်။ အဖေဟာ အရင်ကလောက်တော့ ပက်ပက်စက်စက် မငြင်းဘူးမဟုတ်လား။

နောင်နေ့တွေများမှာတော့ အေးချိုသည် သနပ်ခါး ပါးကြားကလေး လိမ်း၊ အဖြူအစိမ်းမဟုတ်သော အဝတ်အစား မသစ်မလွင်လေးကို သပ်သပ်ရပ်ရပ်လေးဝတ်သည်။ ပြီးလျှင် မွေးရာပါ လိမ်နေသော ခြေဖမိုးကို မြေပေါ်သို့ ထောက်ကနဲ့ ထောက်ကနဲ့ ပုံစံနှင့် အိမ်ကနေ စာသင်ကျောင်းသို့ ထွက်လာခဲ့ပါသည်။ အဲ့အတွက် အေးချိုအား အဖေက စကားမပြောဘဲ ပစ်ထားခြင်းကို ခံခဲ့ရသည်။

အေးချိုသည် တသက်မှာ တခါသာ ရသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သည်။ ကလေးများအပေါ် စိတ်ရှည်သည်းခံပြီး စေတနာအပြည့်အဝနှင့် သင်ပြပေးသည်။ စာသင်ကာလအတွင်း တရွာလုံး စစ်ရှောင်ရသည့် အခြေအနေမျိုး သုံးလေးခါလောက် ကြုံရဖူးသည်။ စစ်တပ်သည် အင်အားအလုံးအရင်းနှင့် ပျူစောထီးရွာသို့ ရိက္ခာလာပို့ကြသည်လေ။ အေးချိုသည် တခါသာရသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သူပီပီ စစ်ရှောင်ကာလမှာလည်း ရရာနေရာ၊ ရရာနည်းလမ်းနှင့် သင်သည်။ ကျောက်သင်ပုန်းမရှိလျှင် ဝိုင်းကြီးပတ်ပတ်ထိုင်ပြီး သင်သည်။ ကလေးတွေဆိုတာ ဘယ်နေရာရောက်ရောက်၊ ဘယ်အခြေအနေရောက်ရောက် ပညာကို သင်ကိုသင်ယူရမယ်၊ သင်ကို သင်ပြပေးရမယ်လို့ ဆရာ၊ ဆရာမများအားလုံးရှေ့မှာ ဦးဆောင် တိုင်ပင်ပြောဆိုတတ်သည်။

ကလေးများကလည်း စာ နားမလည်တာ ရှိလျှင် အေးချို့အိမ်သို့ လာလာမေးတတ်သည်။ သည်တခါမှ အေးချို့ကို စကားမပြောတော့ဘူးလို့ ဆုံးဖြတ်ထားသည့် အဖေက ကရုဏာဒေါသောနှင့် ပြောလာတော့သည်။

“နေစမ်းပါဦး နင့်ကျောင်းက ကလေးတွေက ရိုင်းတာလား ဆရာမကို ဆရာမလို့ ခေါ်ရမှန်း မသိတာလားဟင်၊ ခေါ်လိုက်ရင် မမအေးချို မမအေးချိုနဲ့၊ ဘာ မမအေးချိုလဲ၊ ဆရာမလို့ ခေါ်ခိုင်းလေ”

သည်တော့မှ အေးချိုသည် အဖေ၏ ကရုဏာဒေါသောနှင့် ခံပြင်းနေသော အဖြစ်ကို မြင်ပြီး ဟက်ကနဲ့ ရယ်ချလိုက်မိသည်။

“သမီးက အခေါ်ခိုင်းလို့ပါအဖေရဲ့၊ အခုက ကြားကာလမို့ပါ၊ ဘယ်ဆရာမမှ ဆရာမလို့ အခေါ်မခိုင်းကြဘူးလေ၊ အပြင်မှာ ဆရာမလို့ ခေါ်မိရင် အဲ့သည်ဆရာမအတွက် မလုံခြုံသလို ခံစားရလို့ ဆရာမဆိုတာကို အသိမခံချင်ကြတာ”

“နင်တို့ပဲ အမျိုးမျိုး”

သည့်နောက်ပိုင်း အေးချိုနှင့် အဖေတို့ အဆင်ပြေသွားကြတော့သည်။ ။

(“The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ

‘​​​ဒေးဗစ်​မောင်​မောင်’ ရေးဖွဲ့တဲ့ “မမအေးချို” ဝတ္ထုတို ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...