Connect with us

Hi, what are you looking for?

ဝတ္ထုတို

“အမေ့သား၏ ကုသိုလ်”

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက အမေ့သားထွက်သွားပြီထင်ပါ၏။ အမေသည် သက်မ တခုကို ရှိုက်လိုက်သည်။

■ မခင်စု

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက အမေ့သားထွက်သွားပြီထင်ပါ၏။ အမေသည် သက်မ တခုကို ရှိုက်လိုက်သည်။

ဆွမ်းချက်ပြီးစီးသောအခါ မနက်အလင်းရောင်သည် ကောင်းကောင်းကြီး ရောက်လာပြီဖြစ်တော့သည်။ အမေသည် ငါးခြောက်ကြော်နှင့် ဘူးသီးကြော်ချက်တို့ကို ဆွမ်းပန်းကန်ထဲ သေချာစွာ ထည့်ကာ ဘုရားစင်တွင် ကပ်လှူပူဇော်ရပြန်၏။ အမေမနက်တိုင်းပြုနေကျ ဝေယျာဝစ္စများဖြစ်ပါသည်။ သို့သော် အမေ့ရင်သည် ယခင်ကလောက် မအေးချမ်းနေပေ။ အမေ့သားသည် ထွက်သွားပြန်သည် မဟုတ်ပါလား။

အမေသည် အိမ်ရှေ့တံခါးပေါက်တွင် ခပ်လေးလေး ထိုင်ချလိုက်သည်။ အမေ့မျက်လုံးများသည် အရင်က ကြည်လင်ပြတ်သားစွာ မြင်ရပါသော်လည်း ဒီနေ့မနက်တွင်မှ မျက်လုံးတွေ ဝေသီလွန်းလှသည်။ အမေ့သား တရိုတသေ သိမ်းထားတတ်သော သားရေဖိနပ်လေးကိုတော့ အမေ လှမ်းမြင်ရပါသည်။ သည် ဖိနပ်လေးသည် အမေ့သား မင်္ဂလာပွဲကျင်းပလျှင် စီးနင်းမည့် ဖိနပ်လေးဖြစ်၏။

Public Service Announcement

Public Service Announcement

အမေ့အိမ်ရှေ့တွင် ယခင်ကလို ဈေးသည်များ၊ ဈေးဝယ်သူများ၊ ကျောင်းသွားသူ၊ ရုံးသွားသူများဖြတ်မသွားကြပါ။ လမ်းသွယ်လေးတလျှောက်လုံး တိတ်ဆိတ်နေပြန်သည်။ ပဲပြုတ်သည် တယောက်သာ ပဲပြုတ် ဆိုသည့် အသံကို ခပ်လေးလေး သွဲ့ဆိုရင်း ဖြတ်သွားသည်ကို အမေကြားရပါ၏။ စကားတွေ ကြိုင်နေအောင်ပြောတတ်သော ပဲပြုတ်သည် က ပဲပြုတ်ဟု အော်ရသည်ကိုပင် စိုးရွံ့နေသည့်အလား မြင်ရသည့်အခါ အမေသည် ဒုတိယမ္မိသက်မကို ရှိုက်ရပြန်သည်။ ခေတ်ကြီးသည် ပျက်နေလေပြီတကား။

အမေသည် လက်ထဲမှ ပုတီးကိုတဂျောက်ဂျောက်စိတ်ရင်း ခြံဝသို့သာ ကြည့်နေမိသည်။ အမေ့သားသည် ညနေတိုင်လျှင်တော့ ပြန်လာမည် ထင်ပါ၏။ အမေ့သားသည် အုန်းသီးများကို လှည်းပေါ်တင်ကာ အရပ်တကာ လှည့်ရောင်းရသော အုန်းသီးသည် ဖြစ်၏။ ခုတော့ အမေ့သား၏ အုန်းသီးလှည်းလေးသည် သရက်ပင်အောက်တွင် ငြိမ်ဆိတ်စွာ ရပ်နေ၏။ သူသည်လည်း အမေ့လိုပင် အမေ့သားကို မျှော်ရပ်စောင့်နေသည် ထင်ပါသည်။

ခပ်ဝေးဝေး အရပ်ဆီမှ ဝုန်းဝုန်း ဆိုသည့် အသံများကိုကြားရလျှင် အမေ့ရင်သည် တဖျတ်ဖျတ်ခုန်လာပြန်၏။ လက်ထဲမှ ပုတီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း အမေ့ရင်ကို ပုတီးဖြင့် ဖိထားမိသည်။ အမေ့သားသည် အန္တရာယ် ကင်းပါစေကြောင်း တတွတ်တွတ် ဆုတောင်းရပြန်သည်။ အမေသည် မတ်မတ်မထိုင်နိုင်သဖြင့် တံခါးဘောင်ကို မှီကာ ဘုရားတရင်း ထိုင်နေရပြန်သည်။ အမေ့သားကမှာထားလေသည်။ အသံများကြားလျှင် အိမ်ထဲဝင်နေနော် အမေတဲ့။ သားအသံကို ကြားတော့ အမေက နေရာမှ ကြိုးစားထကာ ဘုရားစင်ရှေ့ ရောက်ရပြန်သည်။ အမေ့အိမ်တံခါးသည် ပိတ်သော်လည်း တချက်တွန်းရုံဖြင့် ပွင့်နိုင်ပေသည်။ သို့သော်လည်း အမေသည် သားစကားကို နားထောင်စွာဖြင့် တံခါးကို ပိတ်ထားလိုက်သည်။

အမေ ဟု အပြင်မှ ခေါ်သံကြားလျှင် အမေက သုတ်ခနဲ ထရပြန်သည်။ မိန်းကလေး အသံဖြစ်၍ သားမဟုတ်နိုင်သည်မှာ သေချာလေသည်။ “ဟဲ့ ဘယ်သူလဲ မိန်းကလေးလား” “ဟုတ်ကဲ့”

အမေသည် ခပ်တိုးတိုးပြန်ဖြေသည့်အသံကြောင့် တံခါးကို ဖွင့်ပေးလိုက်သည်။ မိန်းကလေးသည် ပါလာသည့် ပုံးတွေကို အိမ်ဝတွင်ချကာ အမေ့အိမ်တွင်း ဝင်လာ၏။ မေမြို့ပန်းများကို ယူလာပြီး ဘုရားပန်းအိုးယူကာ စဉ့်အိုး ထဲ ရေသွားလဲနေ၏။ “အမေ့အတွက် အကြော်တွေပါတယ်” ဟု မိန်းကလေးက ဆိုပြန်သည်။ အမေသည် မိန်းကလေးအား တခုခုမေးလိုသော်လည်း မမေးနိုင်ပေ။ မိန်းကလေးကလည်း အမေ့ကို တခုခု မေးချင်နေပုံရ၏။

သည်မိန်းကလေးသည် အမေ့သားနှင့် ဝါမဝင်ခင် လက်ထပ်ပေးဖို့ ပြင်ဆင်ထားသူ ဖြစ်သည်။ မိန်းကလေးသည် ဘုရားပန်းများကို ဈေးတွင် ရောင်းချသူဖြစ်လေသည်။ ဝေဝေဆာဆာ ရောင်းချနိုင်သူ မဟုတ်ဘဲ ပုံးလေး ၂ ပုံးလောက်ဖြင့် ဈေးသက်သာသည့် ပန်းများ စုပြုံထည့်ကာ ရောင်းချရသူဖြစ်သည်။ သို့သော် ရိုးသားပြီး လှပသည့် မိန်းကလေးဖြစ်သဖြင့် အမေကလည်း သဘောမျှသည်။

မိန်းကလေးသည် ယခင်ကလို မျက်နှာတွင် သနပ်ခါးမခြယ်၊ ပန်းလေးတပွင့်ပင် ပန်မထားချေ။ မိန်းကလေး မျက်လုံးများက အမေ့ထက် ပို၍ ခြောက်သွေ့သယောင်ဖြစ်နေသည်။

အမေနှင့် မိန်းကလေးတို့သည် မနက်စာကို အတူစားကြ၏။ ဆေးကြောသုတ်သင်ပြီးသောအခါ အသံများ ထပ်ကြားရပြန်သည်။ ဒီတခါတော့ အလွန်နီးသည့် အသံများဖြစ်သည်။ မိန်းကလေးသည် အမေ့ကို ကျစ်နေအောင်ဖတ်ထား၏။ အမေသည် မိန်းကလေးရော၊ မိမိပါ အကြောက်ပြေစိမ့်သောငှာ သံဗုဒ္ဓေဂါထာကို ထပ်ထပ်ကြော့ကာ ရွတ်၏။

ခဏကြာလျှင် အမေ့ခြံဝိုင်းလေးအတွင်းသို့ ဝင်လာသံများကြားရသည်။ ရင်းနှီးသူ၏အသံတခုကိုကြားလျှင် မိန်းကလေးသည် တံခါးကို ပြေးဖွင့်၏။ ဝင်လာသူ တဦး၏ လက်ထဲတွင် အမေ့သားဖိနပ်လေး။ ဖိနပ်လေးကို မိန်းကလေးဆီ ကမ်းပေးလိုက်သောအခါ မိန်းကလေးသည် ဖိနပ်ကို ပိုက်ကာ ဟစ်ငိုလေ၏။ အမေသည် တံခါးဝတွင် မတ်မတ်ရပ်ရင်း ဖြစ်စဉ်များကို ကြည့်နေ၏။

အမေစိတ်ပူနေသော ရက်သည် အမေ့ဆီသို့ ရောက်လာချေပြီ။ အမေ့တွင် အမေ့သား၏ ပစ္စည်းပစ္စယလေးများ ရှိနေသေးသော်လည်း အမေ့သားကတော့ မရှိတော့ပြီတကား။

“အမေ .. ကျွန်တော်တို့ အလောင်းကို ပြန်မရဘူး။ သူက ဓားနဲ့ အတင်းဝင်ခုတ်တာ။ သူတို့ဘက်က ၂ ယောက်လည်း သေတယ်”

အမေသည် ပြောနေသူ၏ မျက်နှာကို စေ့စေ့ကြည့်လေ၏။ အမေ့သားသည် တာဝန်ကို ကျေအောင်ထမ်းဆောင်ခဲ့ပါသလားဆိုသည်ကို အမေက သိချင်၏။ အမေ့သားသည် သူ့တာဝန်သူကျေစွာဖြင့် ကျေနပ်နှစ်သိမ့်စွာ လွတ်လပ်သွားစေချင်နေသည်။

အမေသည် တုန်တုန်ရီရီဖြင့် ဘုရားစင်ရှေ့ကို ရောက်ရပြန်သည်။ အမေ့ဘုရားစင်သည် မေမြို့ပန်းများဖြင့် ဝေဆာလှ၏။ အမေသည် သဘက်ကိုမျှ မယူတော့ဘဲ ပုဆစ်တုတ်ထိုင်ကာ လက်အုပ်ချီလိုက်၏။

“တပည့်တော်မ၏ သားလေသည် စိတ်စေတနာကောင်းမွန်စွာဖြင့် အသက်ရှင်စဉ်ကာလတလျှောက် အများအကျိုးကို ရွက်ဆောင်ဖို့သာ စိတ်ထက်သန်ခဲ့သူဖြစ်ပါသည်။ တပည့်တော်မ သားသည် မြတ်ဘုရားရှင် တားမြစ်ထားသော အသက်သတ်ခြင်းအမှုကို ပြုခဲ့ပါသည်။ သို့သော် သူတို့သည် လောကအဆိပ်များဖြစ်သဖြင့် တပည့်တော်မသားကို မြတ်ဘုရားရှင်က ခွင့်လွှတ်ပေးပါရန် တောင်းဆိုပါသည်။ တပည့်တော်မ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့သည် တပည့်တော်မ သားနောက်ဆုံး ပြုလုပ်ခဲ့သည့် ကုသိုလ်နှင့် ယှဉ်လျှင် အချည်းနှီးသာ ဖြစ်ရပါတော့သည်။ လောက အဆိပ်ကို မြူတမှုန်မျှဖြင့် ဖြစ်စေ တွန်းလှန်ရင်း ဖယ်ရှားပေးခဲ့သော တပည့်တော်မ၏ သားလေးသည် ကောင်းရာမွန်ရာဘဝကို ရောက်ပါစေ အရှင်ဘုရား”

အမေ့ကြေးစည်သံသည် ခြံဝန်းအတွင်း လွင့်ပျံလာ၏။ အမေ့သား၏ အုန်းသီး လှည်းကလေးပေါ် လာနားနေသော ဆက်ရက်ငှက်လေးမှာ သုတ်ခနဲ ပျံထွက်သွားတော့သည်။ အမေ့ခြံဝိုင်းထဲတွင် အမေ့ကြေးစည်သံနှင့် မိန်းကလေး၏ ငိုရှိုက်သံတို့သည် ကြားရသူတို့အတွက် ဖြေမဆည်နိုင်စရာ ဖြစ်ရပြန်တော့သည်။

အမေမှာတော့ သား၏ အမေပီသရန် တာဝန်တွေ ကျန်ရစ်နေသေးသည်မဟုတ်ပါလား။

15/April/2021

(*ကျဆုံးသွားသော အာဇာနည်များအားလုံးကို သည်စာစုဖြင့် ဂါရဝပြုပါတယ်)

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘မခင်စု’ ရေးဖွဲ့တဲ့ “အမေ့သား၏ ကုသိုလ်”

ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ကဗျာ

ဘဘဝ “ရမ်းစတိန်း အစည်းအဝေးက အဓိကပေးမယ့်သတင်းစကားကတော့ လက်နက်အကြီးစားတွေ ခေတ်ပိုမီတဲ့ လက်နက်တွေ ထောက်ပံ့ဖို့ပဲပေါ့၊ ဒီစစ်ပွဲဟာ ငါတို့ရဲ့ဂုဏ်သိက္ခာတန်ဖိုးအတွက် တိုက်နေတဲ့ပွဲတပွဲဖြစ်လို့ပဲ” လို့ Jens Stoltenberg ရဲ့ဒါဗို့စ်ဖိုရမ် ယူကရိန်းတပ်လှန့်သံက ငါ့ရွာထိ မြည် ဟီး လို့။ ငါ့နှလုံးရဲ့ညာဘက်ခြမ်းမှာ မြေပုံတပုံရှိတယ်။ အမြင့်ဘုံကို လမ်းညွှန်တယ်။...