■ AAက စစ်တပ်ထံမှသိမ်းထားသေလက်နက်ကြီးများဖြင့်တိုက်နေပြီးစစ်တွေမြို့သိမ်းတိုက်ပွဲစတော့မည်ဟုမြို့ခံများကြား သတင်းပျံ့နေ
ရခိုင်ပြည်နယ် ၊မြို့တော်စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA) က လက်နက်ကြီးများပစ်ခတ်မှု အရှိန်မြှင့်လာပြီး မြို့သိမ်းတိုက်ပွဲစတင်တော့မည်ဟုသတင်းများထွက်နေကြောင်း မြို့ခံအချို့ကပြောသည်။
“အရင်ကတည်းကပစ်တာခတ်တာတွေရှိတယ်။ ညကစပြီး တော်တော်လေးပြင်းထန်တယ်။ တပ်တော်ဘက်ကပစ်တာ။ ထိုးစစ် စမယ်လို့လည်း ကြားနေရတယ်” ဟု စစ်တွေမြို့တွင်လက်ရှိ နေထိုင်နေဆဲ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
စစ်တွေမြို့တွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်းနေရာများကို AA က လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက် နံနက်အစော ၁နာရီခန့်မှ ၄နာရီခန့်အထိ ပစ်ခတ်သံများ ဆူညံနေခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။
“မြို့တွင်းတိုက်ပွဲတော့ မဖြစ်သေးပါဘူး။ အရင်ကထက်တော့ စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
AAသည် ပြီးခဲ့သည့်၂၀၂၄ ဒီဇင်ဘာလမှစ၍ စစ်တွေမြို့အနီးရှိ စစ်ကောင်စီဂိတ်စခန်းများကို တိုက်
ခိုက်ခဲ့သည့်။ စစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်တန်ပြန်ပစ်ခတ်ခဲ့၍ အရပ်သားသေဆုံးမှုများရှိခဲ့သည်။
ထိုအပြင် ပြီးခဲ့သည့်အပါတ်က ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ သည်။
စစ်တွေမြို့နယ်တွင်လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ AAက မထုတ်ပြန်သေးပေ ။သို့သော်ဇန်နဝါရီလ၂၇ရက်နေ့သတင်းထုတ်ပြန်ရာတွင် စစ်တွေမြို့အနီးပတ်ဝန်းကျင်
၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်ဟုဖော်ပြထားသည်။
စစ်ကောင်စီသည် စစ်တွေမြို့ကိုထိန်းချုပ်ထားနိုင်ကြောင်း ပြသနိုင်ရန်ကြိုးပမ်းနေပြီး ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း စစ်တွေမြို့၌ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
“ပြည်ထောင်စုနေ့မတိုင်မီ AAက ထိုးစစ်စမလားမပြောတတ်ဘူး။ တိုက်ပွဲတွေမှာသိမ်းထားတဲ့လက်နက်ကြီးတွေကတော့ စစ်တွေကစစ်ရေးပစ်မှတ်တွေကို ချိန်ပြီးပြီလို့ ကြားရပါတယ်”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
AAသည်မာန်အောင်၊ ကျောက်ဖြူ နှင့် စစ်တွေမြို့နယ်မှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။
စစ်တွေမြို့အနီးဝန်းကျင်၌ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင် မြို့တို့ရှိပြီး အားလုံးကို AAက သိမ်းပိုက်ထိန်းချုပ်ထားသည်။သို့သော်စစ်ကောင်စီက စစ်တွေမြို့မှ ပင်လယ်ကမ်းရိုးတန်းထွက်ပေါက် ရေလမ်းကြောင်းကိုပိတ်ဆို့ထားသလို မြို့တွင်း၌လည်း ခံစစ်ပြင်ဆင်ထားသည်။
အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် မာန်အောင်၊ ကျောက်
ဖြူနှင့် စစ်တွေမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချရန် ဒီဇင်ဘာ ၂၀ ရက်က နပခအား သိမ်းယူသည့်တိုက်ပွဲတွင်ဖမ်းမိထားသည့်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက AA ထုတ်ပြန်သောရုပ်သံမှတ်တမ်းတွင်တိုက်တွန်းထားသည်။




















































